💪 သူတစ်ပါးကို ကူညီးခြင်းသည် ဝင်ငွေရှာဖွေခြင်း ဖြစ်သည်။

|

ထုတ်လုပ်နိုင်စွမ်းရည်၊ ကြိုက်နှစ်သက်မှုများ၊ အခွင့်အလမ်းများ၊ အထူးပြုကျွမ်းကျင်မှု၊ စွန့်စားလုပ်ကိုင်လိုစိတ်၊ ကံအကျိုးပေး စသည်တို့တွင် လူတစ်ဦးနှင့်တစ်ဦး များစွာ ခြားနားတတ်ကြသည်။ ယင်းခြားနားချက်များသည် လူတစ်ဦးချင်းစီ၏ ဝင်ငွေရရှိမှုအပေါ် သက်ရောက်မှုရှိသည်။ အကြောင်းမှာ ယင်းခြားနားမှုတို့မှ အခြားသူများကို ပံ့ပိုးပေးသော ကုန်စည်များနှင့် ဝန်ဆောင်မှု၏ တန်ဖိုးအား ပြောင်းလဲစေသောကြောင့် ဖြစ်သည်။

🥬 အမြတ်အစွန်းများသည် စီးပွားရေးလုပ်ငန်းများအား ဓနတိုးစေမည့် လုပ်ဆောင်ချက်များဆီသို့ တည့်မတ်ပေးသည်။

|

နိုင်ငံတစ်နိုင်ငံတွင် ယင်း၏ မြေ၊ အဆောက်အဦနှင့် လူ့အရင်းအမြစ်များကို အဖိုးတန်သည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်ရာတွင် အသုံးပြုနိုင်လျှင် ထိုနိုင်ငံ၏လူထုမှာ အကျိုးခံစားရမည် ဖြစ်သည်။ မည်သည့်အချိန်ကာလတွင်မဆို မရေမတွက်နိုင်သော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများစွာ လုပ်ဆောင်ရန် စဥ်းစားသုံသပ်နေကြသည်။ အချို့ရင်းနှီးမြှပ်နှံမှုများမှာ စားသုံးသူကျေနပ်မှုကို မြှင့်တက်စေသည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်ရာတွင် အရင်းအမြစ်များကို သုံးစွဲကြသောကြောင့် စီးပွားရေးတိုးတက်မှု ဖြစ်ပေါ်စေသည်။ အချို့ရင်းနှီးမြှုပ်နှံမှုများမှာ အရင်းအမြစ်များ၏ အသုံးဝင်မှုတန်ဖိုးနှင့် စီးပွားရေးတိုးတက်မှုကို လျှော့နည်းစေသည်။ မိမိတို့အနေဖြင့် အရင်းအမြစ်များကို အကောင်းဆုံးအသုံးချမည်ဆိုလျှင် တန်ဖိုးမြင့်တက်စေမည့် စီမံကိန်းများကို အားပေးရမည်ဖြစ်ပြီး အကျိုးသိပ်မရှိဖြစ်စေသည့် စီမံကိန်းများကို တားမြစ်ရမည်ဖြစ်သည်။

⛑️ စျေးနှုန်းများက ရောင်းသူနှင့် ဝယ်သူများ၏ ရွေးချယ်မှုများကို ဟန်ချက်ညီစေသည်။

|

စျေးကွက်စျေးနှုန်းများက ရောင်းဝယ်၊ ဝယ်သူများ၏ ရွေးချယ်မှုများကို လွှမ်းမိုးပါလိမ့်မည်။ ကုန်စည်တစ်ခု စျေးနှုန်းတက်လာပြီး ဝယ်ယူစရိတ်ကြီးမြင့်လာသည့်အခါ ပုံမှန်အားဖြင့် ဝယ်သူတို့က အရေအတွက် လျော့နည်းဝယ်ယူတတ်ကြသည်။ ထို့ကြောင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတစ်ခု၏ စျေးနှုန်းနှင့် ဝယ်လိုသည့်အရေအတွက်အကြား အပျက်သဘော ဆက်စပ်မှုတစ်ခု ရှိသည်။ ၎င်းဆက်စပ်မှုကို ဝယ်လိုအားနိယာမဟု ခေါ်သည်။

ရောင်းသူများအဖို့မှာ ကုန်စည်တစ်ခုစျေးနှုန်းတက်ခြင်းကြောင့် စိတ်အားထက်သန်စွာဖြင့် ယင်းကုန်စည်ကို ပိုမိုထုတ်လုပ်ရောင်းချလာနိုင်စေသည့် ထပ်တိုးဝင်ငွေးများ ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကုန်စည်တစ်ခု၏ စျေးနှုန်းနှင့် ထုတ်လုပ်သူက ထုတ်လုပ်ရောင်းချသည့် အရေအတွက်အကြား အပြုသဘောဆက်သွယ်ချင်တစ်ခု ရှိသည်။ ၎င်းဆက်သွယ်ချက်ကို ရောင်းလိုအားနိယာမဟု ခေါ်သည်။