လူတစ်ယောက်ဟာ သူ့အကြောင်း သူသိဖို့ ဘာတွေများ တွေးဖို့၊ သိဖို့ လိုအပ်ပါသလဲ။ အခုအသက် ၃၀ ကျော်လာစ ကိုယ်ဟာ ကိုယ်ရဲ့ အမြင်တွေ၊ အတွေးတွေအကြောင်းကို အရမ်းသတိထားပြီး ဆင်ခြင်စောင့်ကြည့်နေမိတယ်။ တစ်ခါတစ်လေမှာတော့ ငယ်ဘဝကို ချက်ကျလက်ကျသိဖို့ လိုမယ်လို့တော့ ထင်တာပဲ။
ငယ်ဘဝ…. ငယ်ဘဝ…။
ငယ်ငယ်တုန်းက ကိုယ်ဟာ လူလောကကြီးထဲ ဝင်ရခက်ခဲ့တဲ့ ကလေးလေးတစ်ယောက်ပေါ့။ နယ်ဘက်က စပြောင်းလာခါစ စကားသံခပ်ဝဲဝဲ၊ ခပ်မြန်မြန် စကားပြောတတ်လို့ လူတိုင်းကိုယ်ကို နားလည်ရခက်ခဲ့တဲ့အချိန်။ အမြဲတမ်း စာသင်ခန်းရဲ့ နောက်ဆုံးခုံမှာ ထိုင်နေတတ်တဲ့ ကောင်မလေး တစ်ယောက်။ ကိုယ်တွေအရွယ် တခြားကလေးတွေ ဆော့ကစားနေကြတာကို အဝေးတစ်နေရာရာကနေ ထိုင်စောင့်ကြည့်နေသူလေး။ မုန့်ဖိုးရရင်တောင် အဝတ်အစားအသစ် လှတပတလေးတွေဝယ်မဲ့အစား မြို့ထဲက စာအုပ်အဟောင်းတန်းတွေထဲ သွားပြီး ရတဲ့မုန့်ဖိုးကို စာအုပ်အဟောင်းတွေ အမြဲဝယ်ဖို့ ကြိုးစားနေသူလေး။
မှတ်မှတ်ရရ တက်ခဲ့တဲ့ အလယ်တန်းကျောင်းက ကျောင်းစာကြည့်တိုက်ထဲမှာ စာအုပ်တွေမြင်လို့ သွားဖတ်ဖို့လုပ်တော့ အခန်းတံခါးပေါက်မှာ ခတ်ထားတဲ့သော့ခလောက်ကြီးကြီးကို တွေ့ခဲ့ရတယ်။ ဖွင့်ဖို့ အားကုန်ကြိုးစားခဲ့ပေမဲ့ ဘယ်လိုမှ ဖွင့်လို့ မရခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုက အခုအချိန်မှာ ကျောင်းစာကြည့်တိုက်တွေတွေ့ရင် အရမ်းဝမ်းသာပြီး ဝင်ဖတ်ချင်တဲ့စိတ်ကို ဖြစ်ပေါ်လာစေတယ်။ အခုပြန်တွေးကြည့်တော့ ငယ်ငယ်တုန်းက ကိုယ်ဟာ စာအုပ်အရမ်းငတ်ခဲ့ပုံပါပဲ။
အိမ်အသစ်ပြောင်းတော့ အနီးနားမှာ ရပ်ကွက်စာကြည့်တိုက်သေးသေးလေးနဲ့ ဖူးစားပါခဲ့ပါတယ်။ အဲဒီ စာကြည့်တိုက်သေးသေးလေးမှာတောင် တစ်ချို့ စာအုပ်ဗီဒိုတွေက သော့ခလောက်တန်းလန်းလေးကိုယ်စီနဲ့မို့ သူတို့နဲ့လည်း ဘဝချင်း ခြားခဲ့ရပါသေးတယ်။
ကံကောင်းချင်တော့ ကိုယ်ဖတ်ချင်တိုင်း၊ ငှားချင်တိုင်းငှားလို့ ရနိုင်တဲ့ စာအုပ်အငှားဆိုင်လေး တစ်ဆိုင် ပြောင်းလိုက်တဲ့အိမ်အနားမှာ ရှိနေခဲ့တာကိုပါပဲ။ အဲ့ဒီစာအုပ်အငှားဆိုင်လေကနေ တရုတ်သိုင်းဇာတ်လမ်းဝတ္တုတွေ တစ်အုပ်ပြီး တစ်အုပ် အသားကုန် အငန်းမရ ဖတ်ခဲ့ပုံတွေကို မှတ်မှတ်ရရ မှတ်မိနေဆဲပါပဲ။ မင်းမြတ်သူရ ဝတ္ထုတွေဖတ်ပြီး တိုးတက်ကြီးပွားဖို့ ကြိုးစားချင်စိတ်ပေါက်လာပုံတွေ။ ပြီးတော့ ကြွက်တစ်ကောင်ကို အကြောင်းပြုပြီး သူဌေးကြီး ဖြစ်လာတဲ့ ဇာတ်လမ်းတိုလေးဖတ်ဖြစ်ခဲ့ပုံတွေဟာ ကိုယ့်အတွေးအမြင်တွေထဲမှာ အခုအချိန်ထိ အရိပ်ထင်နေဆဲပါပဲ။ အခုအချိန်ပြန်တွေးကြည့်တော့ အဲဒီအတွေ့အကြုံတွေကြောင့် ငယ်ငယ်ကတည်းကစပြီး စာဖတ်တာကို အရမ်းသဘောကျ၊ တန်ဖိုးထားတတ်တဲ့ အကျင့်ကောင်းလေးတစ်ခု ရခဲ့တယ်ဆိုပါတော့။
တိုးတက်ဖို့ဆို နိုင်ငံခြားထွက်ရမယ်၊ အင်္ဂလိပ်စာတက်မှ ဖြစ်မယ်ဆိုတဲ့ အတွေးတွေ ဘယ်အချိန်က စဝင်လာလဲဆိုတာတောင် မမှတ်မိတော့ဘူး။ WYTU တက္ကသိုလ်တက်နေရင် အမေရိကန်စင်တာမှာ အင်္ဂလိပ်စာအုပ်တွေကို လိုက်ရှာပြီး ဖတ်ခဲ့တာတွေ၊ အင်တာနက်ကဖေးဆိုင်တွေမှာသွားပြီး အင်္ဂလိပ်လို့ ရေးထားတဲ့ စာမျက်နှာကို အသည်းအသန်လိုက်ရှာဖတ်ခဲ့တာတွေဟာ ငယ်ငယ်တုန်းက ကိုယ်ဟာ အခု အသက် ၃၀ အရွယ်ရလာတဲ့ ကိုယ်ထက် အသားကုန် ကြိုးစားခဲ့တာပဲ ဆိုတာကိုတော့ မြင်လာမိတယ်။
အသက် ၃၀ ကျော်ဖြစ်လာတဲ့ကိုယ်ဟာ အရာအရာကို ငယ်ငယ်တုန်းကလောက် ကြိုးစားချင်စိတ် မရှိတော့သလို့ ဖြစ်လာတယ်လို့ ခံစားမိလာတယ်။ အသက်အရွယ်တစ်ခုပဲ ရလာလို့လား၊ ဒါမှမဟုတ် လက်ရှိခေတ်အခြေအနေက အဖြစ်အပျက်တွေကြောင့်လာဆိုတာကို ဝေခွဲရခက်လာတယ်။ အခုလို AI ခေတ်၊ တစ်ကမ္ဘာလုံးက ကိုယ်ရဲ့ တွေးခေါ်ဆင်ခြေနိုင်စွမ်းကို နည်းသထက်နည်းလာအောင်လုပ်နေတဲ့ခေတ်ကြောင့်ပဲလား ဆိုတာတောင်ပြောဖို့ခက်လာတယ်။
အခုအချိန်မှာ ပိုလုပ်ဖြစ်နေတာကတော့ မေးခွန်းတွေ တစ်ခုပြီးတစ်ခု ပိုပြီးတော့ ထုတ်နေမိတာကိုပဲ။ ကိုယ်ဘဝမှာ ကိုယ်ဟာ ဘယ်လိုအောင်မြင်မှုမျိုးလိုချင်တာလဲ၊ ကိုယ်ကိုယ့်ကိုယ် ဘယ်သူရဲ့ပရောဂမှ မပါဘဲ “I am living my life.” ဆိုတဲ့ အမြင်ပေးနိုင်တဲ့အလုပ်အကိုင်၊ ပြီးတော့ ကိုယ့်အချိန်ကို ကိုယ်အကျိုးရှိရှိအသုံးချပြီး အမြဲအသိအမြင်တိုးတက်ကြွယ်ဝလာအောင် ဘာတွေလုပ်ကိုင်ဖို့လိုအပ်သလဲဆိုတဲ့အတွေးတွေ စတဲ့ စတဲ့ အတွေးပြောင်းများစွာနဲ့ အသက် ၃၀ ကျော် အစမှာ စတင်ပေါ်ပေါက်လာပါတယ်။
အခု အသက် ၃၀ အရွယ်မှာ ဖြစ်ချင်တာတွေကတော့ ဘယ်သူကိုမှ မှီခိုမှု မရှိတဲ့ နေထိုင်မှု၊ ဖြစ်တည်မှုမျိုး ကိုပဲဖြစ်ပါတယ်။ ကိုယ်ပိုင်းလုပ်ငန်းတစ်ခု စတင်တည်ထောင်ချင်မှု၊ အချိန်ကိုအကျိုးရှိရှိအသုံးချပြီး ကိုယ့်ဘဝကို “I have lived my life” ဆိုပြီး ကိုယ် ဒီကမ္ဘာကနေ့ မထွက်ခွာခင်ပြောနိုင်တဲ့ နေထိုင်မှုမျိုးကို နေထိုင်သွားဖို့ပဲ ကြိုစားချင်စိတ်တွေ ရှိလို့နေပါတော့တယ်။