👩‍💻 စာသင်ခန်းအပမှ ဗဟုသုတများ - ခင်မျိုးချစ်

|

မျက်မှောက်ခေတ် ကျောင်းသားတွေမှတကယ် ဒုက္ခတွေ့နေကြသည်။ စာမေးပွဲ မအောင်နိုင် တဖုန်းဖုန်းကျသဖြင့် မျက်နှာမရသည့်အထဲတွင် တဖန် “ခုခေတ် ဘီအေက အလကားပါ၊ ရှေးက ဆယ်တန်းလောက်မှမတတ်ပါဘူး” ဟု ပြောသူက ပြော။ “ကျောင်းနေလို့ ဘယ်နှစ်တန်းဘဲ အောင်အောင်၊ လူတော်ချင်မှ တော်တာပါ၊ ကျောင်းစာမေးပွဲအောင်တိုင်းလဲ လူမဖြစ်ပါဘူး” ဟုဆိုသူကဆိုနှင့် စာမေးပွဲ မအောင် ပြန်တော့လည်း မအောင်ရမလား၊ အောင်ပြန်ပါလည်း ကျောင်းက ပေးတဲ့ အဆင့်အတန်းနှင့် လူရဲ့အရည်အချင်းကို မဆုံးဖြတ်နိုင်ပါဘူးဟုဆိုခံရကြပြန်လေသည်။ စာမေးပွဲကျဖန်များ၍ စိတ်ဓာတ်တွေ လျော့ဆင်းနေရသည့်အထဲ အောင်လျှင်လည်း အသုံးမဝင်ဟုဆိုပြန်သည်။ တဖန် ဆိုကြပြန်သေးသည်။ “ကျောင်းကပေးတဲ့အတန်းအောင်လက်မှတ်မရှိဘဲ လူတလုံးသူတလုံးဖြစ်နိုင်သည်။ ရှိပ်စပီးယားတို့များ မူလတန်းသဒ္ဒါကျောင်းကထွက်ခဲ့သည်။ ဘားနဒ်ရှောသည် ကျောင်းပြေးပြီး ထင်ရာလုပ်သည်။ ဘယ်တက္ကသိုလ်က ဘာဒီဂရီမှမရှိဘဲနှင့် မဟာဝိဇ္ဇာတွေ ဒေါက်တာရိတ်တွေထက်တော်တဲ့ လူတွေပြည့်လို့” တဲ့။

သို့ဖြင့်ဘယ်လိုလုပ်ရတော့မည်နည်း။ ရှိပ်စပီးယားတို့ ဘားနဒ်ရှောတို့ကို အားကျ၍ ကျောင်းမနေဘဲ ထင်ရာစိုင်းရမည်လောဟု တွေးတောဖွယ်ရာဖြစ်လာသည်။ ကျောင်းက သင်ပေးတဲ့ ပညာအလကားဟုဆိုသော်လည်း ကျောင်းလက်မှတ်ရ စာမေးပွဲမှ မအောင်လျှင် စာရေးတောင်ခန့်မည့်သူမရှိချေ။

ကျောင်းကသင်သည့်ပညာ လုံလောက်စွာမရှိဘဲ ကြီးပွားကြသူတွေ၊ လူတလုံးသူတလုံးထင်ပေါ်သူတွေကို အားကျ၍ သူတို့လိုဖြစ်အောင်ဟုကျောင်းက ထွက်ပြေးပါသော်လည်း ကျောင်းပြေးသည့်အချက်လောက်သာ သူတို့နှင့် တူနိုင်မည်။ သူတို့၏ရင်တွင်း၌ကိန်းအောင်းလျက် ပါလာသော ပါရမီ အမြုတေမျိုး မိမိကိုယ်ထဲမှာ မပါလာသရွေ့ သူတို့ကဲ့သို့ ဖြစ်နိုင်မည်မဟုတ်ဟူသော အချက်ကို မေ့နေတတ်ကြသည်။ ရှိပ်စပီးယား၊ ဘားနဒ်ရှော တို့မှာ သူတို့ တခေတ်တွင် တယောက်သာပေါ်ထွန်းသည့် ‘ရှင်တဆူ လူတယောက်’ ထဲက ပုဂ္ဂိုလ်များဖြစ်သည်။

စာသင် ကျောင်းများသည် ရှိပ်စပီးယား၊ ဘားနဒ်ရှော၊ ရှင်မဟာရဋ္ဌသာရ၊ ဦးပုသညတို့လို ပုဂ္ဂိုလ်မျိုး ထုတ်ပေးနိုင်သည့် စက်ရုံမဟုတ်ကြပေ။ ထိုပုဂ္ဂိုလ်မျိုးကို ဘယ်စာသင်ကျောင်းကမှ ဖန်းတီးလွှတ်နိုင်သည် မဟုတ်ဘဲ သူတို့မွေးဗီဇက ပါလာသည့်ပါရမီအမြုတေပိုင်ရှင်များဖြစ်သည်။ ထို့ပုဂ္ဂိုလ်ကျော်မျိုး၏ရင်တွင်း၌ပါရှိသော ပါရမီ အမြုတေမျိုးကို ဘယ်တက္ကသိုလ်ကမှ ထည့်မပေးနိုင်သည်သာတည်း။

သို့ဖြစ်၍ ပုဂ္ဂိုလ်ကျော်ကြီးမျိုးတွေကို ခေတ္တမေ့ထားပြီး စာသင်ကျောင်း၌ ပညာသင်ယူနေကြသောကျောင်းသားများသည်စာမေးပွဲအောင်ရုံသာမဟုတ်ဘဲ အပြင်ဗဟုသုတများ မည်သို့ရှာဖွေသင့်သည်ကို နည်းလမ်းရှာဖွေရပေမည်။

စာသင်ကျောင်းဟူသည် တပည့်၏ပင်ကိုယ်ဉာဏ်ကို မြေတောင်မြှောက်ပေးသည့် နေရာဖြစ်သည်။ တပည့်ကိုယ်၌ ပဋိသန္ဓေကပါသည့် ဉာဏ်နှင့်ကြိုးစားမှုလုံ့လကို မူတည်ကာ ဆရာသမားများက နည်းပေးလမ်းပြရသည်။ ကျောင်း၌ သင်ကြား လေ့လာအပ်သော ဘာသာရပ်များသည် လောကသိအပ်ဖွယ်ရာ အဖြာဖြာတို့၏ လမ်းစမျှသာဖြစ်သည်။ တပည့်တို့က ထိုရရှိသော လမ်းစအတိုင်း ရှေ့ကို သိချင်လိုချင်သောစိတ်နှင့် အားထုတ်ကာ လိုက်နိုင်လျှင် လိုက်နိုင်သလောက် အကျိုးရှိသည်။ ထို့ကြောင့်ပင် စာသင်ကျောင်း၌ စာသင်စာမေးပွဲအောင်ရန်နှင့် စာမတတ်ဟု ဆိုကြခြင်းဖြစ်သည်။

ကျောင်းသားချင်းအတူတူ၊ စာမေးပွဲအောင်သူချင်းအတူတူ အများတကာထက် ထူးချွန်လိုလျှင် ကျောင်းခန်းတွင်သင်ပေးသည်နှင့် မကျေနပ်ဘဲ အပြင်စာအုပ်များဖတ်ရှုကာ ဗဟုသုတရှာမှီးကြရပေမည်။

ထူးချွန်မှုဆိုရာ၌ လူမှုရေးရာပညာ၊ လောကဓာတ်ပညာစသည်ဖြင့် အသီးသီးရှိကြသည်။ မည်သည့်ဘာသာရပ်မဆို စာသင်ခန်းထဲ သင်ကြားသည်ထက် ပို၍သိချင်စိတ်ရှိမှသာ ထူးချွန်နိုင်သည်။ ဥပမာ… အတန်းထဲတွင် ဦးပုည၏ရေသည်ပြဇာတ် သင်သည်ဆိုပါစို့။ ဦးပုည၏အခြားလက်ရာများကို ရှာဖွေဖတ်ရှုရပေမည်။ အခြားဝိဇယပြဇတ်၊ ပဒုမပြဇတ်၊ ကောသလပြဇာတ်များရှိသည်။ ဝတ္ထုပေါင်းချုပ်၊ တေးထပ် ကဗျာမှစ၍ ဖတ်စချင့်ဖွယ်အများရှိသည်။ ကိုယ့်မြန်မာစာနှင့် ရေးထားသဖြင့် ဖတ်ရှုရန်မခဲယဥ်းလှပေ။ ပညာရှိကြီးတွေလို လုံးစေ့ပါဌ်စေ့နားမလည်စေကာမူစာ၏အရသာကိုကား ခံစားနိုင်လိမ့်မည်။ အခြားဘာသာရပ်များကိုထား၍ မြန်မာစာနှင့် ပတ်သက်သည့် စာအုပ်စာတမ်းများကို ခြေရာခံ၍လိုက်ကာ ဖတ်ရှုခြင်းဖြင့် ဗဟုသုတများနိုင်ပေသည်။ ဤနေရာ၌ ထိုသို့အပြင်ဗဟုသုတတွေများသည့်အတွက် စာမေးပွဲဖြေရာ၌ အကူအညီဖြစ်မဖြစ်၊ ထိုဗဟုသုတများကြောင့်ဘယ်ဝန်ကြီးဌာနကခေါ်၍ အလုပ်ပေးမပေးကို ထည့်စဥ်းစားနေရန်မလိုပေ။ ဗဟုသုတရှာခြင်းသည်သိချင်တတ်ချင်သော စိတ်အာသာကို ဖြည့်ရန်ဖြစ်သည်။ ရရှိသောဗဟုသုတ မည်မျှအသုံးဝင်သည် မဝင်သည်ကား တခြား တဌာနဖြစ်သည်။

အများအားဖြင့် လူကြီးလူငယ်မရွေး အထင်အမြင် လမ်းလွဲနေချက်တရပ်ရှိသည်။ ပညာဗဟုသုတ ရှာမှီးရာတွင် “ဒါတွေသိလို့ ဘာကျေးဇူးရှိမှာလဲ” “ဒါတွေတတ်တော့ဘာဖြစ်မှာလဲ” ဟူသော မေးခွန်းများမေးကာ “အသုံးမကျတာတွေ အချိန်ကုန်မခံချင်ပါနှင့်” ဟုပြောတတ်ကြသည်။ တခုခုကိုလုပ်မယ်ဆိုလျှင် “ဘာဖြစ်မှာလဲ-ဘာကျေးဇူးရှိမှာလဲ” ဟူသော မေးခွန်းကို မသုံးရသည့်နေရာများ ရှိသေးသည်ကိုသတိမူအပ်ပေသည်။

ကုန်သည်အလုပ် လုပ်လျှင် ငွေအရင်းတသောင်းမြှုပ်၊ အလုပ်လုပ်လျှင် ဘယ်နှစ်လအတွင်းဘယ်လောက်မြတ်မှ တွက်ခြေကိုက်မည်ကို တင်ကြိုတွက်ဆရပေမည်။ ပညာဗဟုသုတရှာမှီးသည့်ကိစ္စတွင် ထိုတွက်ကိန်းများနှင့် တွက်ရမည့်နေရာ မဟုတ်သည်ကို မေ့လျော့နေတတ်ကြသည်။

ဦးပုည ရေးသည့် လက်ရာတွေဖတ်၊ သူ့အကြောင်း ဆောင်းပါးရေး၊ မဂ္ဂဇင်းထဲထည့်၊ ဉာဏ်ပူဇော်ခငွေရမည်။ ဤသို့ ဆူလွယ်နပ်လွယ်စီမံကိန်းထဲဝင်မှ စာဖတ်ချင်လေ့လာချင်ရမည်ဆိုလျှင် ဗဟုသုတရှာမှီးရန် အခါအခွင်ကြုံကြိုက်တော့မည်မဟုတ်တော့ချေ။

ယခုခေတ်မှာ အလွယ်ကြိုက်သည့်ခေတ်၊ မြန်မြန်ကြိုက်သည့်ခေတ်ဖြစ်သည်။ လှည်းခေတ် နွားခေတ်မဟုတ်။ လေယဥ်ပျံခေတ် ဒုံးပျံခေတ် ဟူသော စကားလုံးများဖြင့် အနိုင်ယူကာ - ‘ရေရှည်စီမံကိန်း’ ဆိုလျှင် နှခေါင်းရှုံံ့ စိတ်မပါသည်က များသည်။ ပညာရှာရာမှာလည်း - ‘နတ်သမီး ကွမ်းယာစား’ သလို တထိုင်တည်းနှင်ပညာရှိကြီးဖြစ်ချင်ကြသူက များသည်။

နေရာတကာတွင် - ‘လေယာဥ်ပျံခေတ် ဒုံးပျံခေတ်’ ဟု အသားယူနေလျှင် အမှန်ကို မမြင်နိုင်ဘဲရှိတတ်သည်။ ဘယ်လိုပင် ဒုံးပျံခေတ်ရောက်သော်လည်း ကျွန်းပင်၊ ပျဥ်းကတိုးပင်ကို အနှစ်လေးငါဆယ် မကြာဘဲ မရနိုင်သေးပေ။ လူတဦးတယောက်ကိုလည်း ပညာရှင် ပါရဂူဖြစ်အောင် ဘယ်အနုမြူဓာတ်ကမှ လုပ်မပေးနိုင်သးသည်ကို မေ့လျော့နေတတ်ကြသည်။

ကျောင်းသားများ ပညာပြည့်စုံရေးကို စာသင်နေရသော ဆရာမတဦးအနေနှင့် ကျွန်ုပ်မှာ နေ့စဥ်နှင့်အမျှ ရင်ဆိုင်နေရသည်။ သူတို့၏ အခက်အခဲ ပြဿနာများကိုလည်း ကိုယ်တိုင်သိရှိရသည်။ သူတို့ကို စာမေးပွဲအောင်အောင်သင်ရုံမက ဗဟုသုတလည်းရှိစေချင်သေးသည်။ ကျွန်ုပ်ကိုယ်တိုင် သူတို့အရွယ်က မည်သို့စာဖတ်လေ့လာခဲ့ရသည်ကို ပြန်စဥ်းစား၍ ကိုယ်တွေ့လုပ်ခဲ့သည်နှင့် ယခုခေတ် ကျောင်းသူကျောင်းသားများ၏အခြေအနေကို ကပ်ယူကာ နည်းပြပေးရန် ကြိုးစားရသည်။

လူကြီးများက လူငယ်ကို ဆုံးမညွှန်ပြရာတွင် “တို့ငယ်ငယ်တုန်းက များကွာ” ဟု အစချီလာသည့် စကားကြော စကားမျှင်လောက် နားငြီးစရာကောင်းသည်မှာ မရှိတော့ပြီး။ “လူကြီးတွေဟာ သူတို့ငယ်ငယ်က ဘယ်လောက်တော်ကြောင်း ဝီရိယရှိကြောင်း ဟိတ်ထုတ် တင်စီးတာဘဲ” ဟု မှတ်ချက်ချဘူးသော သူထဲတွင် ကျွန်ုပ်လည်း အပါအဝင်ဖြစ်ခဲ့သည်။

ယခုတော့ စာသင်ခန်းထဲတွင် ကျောင်းသားများကိုနည်းပေး ညွှန်ပြသည့်အခါ - “တီချာတို့ ငယ်ငယ်တုန်းက” ဟူသော စကားနှင့် အစချီရပြန်တော့သည်။ “ဇီးဖြူကုန်းက လူတလုံးလုပ်သူ လက်တသစ် မကြွားလိုက်ပါဟု - ဆဲ့ နှစ်နှစ်သားက မင်းသာလုပ်ခဲ့သူ” ဟု ဘုရားတကာစိန်ကြီး၏ ကိုယ်ရည်သွေး သီချင်းမျိုး ဆိုသည့်အခါ ပရိသတ်က သြဘာ ပေးသော်လည်း စာသင်ခန်းထဲတွင် ဆရာမက - “တီချာတို့ငယ်ငယ်တုန်းက” ဟု အစချီသည့် လက်ချာကိုကား ကြားရဖန်များသော ကျောင်းသာများမှာ - (ကျွန်ုပ်တို့ငယ်ငယ်က နားကလောခဲ့သလို) နားကလောကြမည်မှာ အမှန်ပင်ဖြစ်သည်။

ကာလဝိပါက် နောက်ပိုးတတ်ချင်လည်းတက်ရော့။ ကျောင်းသားများ အကျိုးရှိမည်ထင်သဖြင့် ထိုသို့သော “လတ်တတစ် မကြွားပါဘု” သီချင်းသားနှင့် အလားတူ စကားမျှင်ကိုပင် တန်းရဦးတော့မည်။

ကျွန်ုပ်တို့ ငယ်ငယ်က ဆရာများသည် အတန်းထဲတွင် စာသင်သည့်အခါတွင် - “ပြဋ္ဌာန်းတဲ့စာအုပ် တအုပ်ထဲ ဖတ်ရုံနှင့်တော အလကားဘဲ။ အပြင်စာအုပ်တွေ ဖတ်ရမယ်” ဟူသော စကားကို တပည့်တို့၏နားထဲ ရိုက်သွင်းသလို ပြောကြသည်။

မြန်မာစာသင်သည့် ဆရာကလည်း ဦးပုညရေးသည့် ပြဇာတ်ကို ကျောင်းမှာ သင်လျှင် အခြားဝိဇယ ပြဇာတ်၊ ပဒုမပြဇာတ်တို့ကို အပိုဖတ်ရမည်ဟု ညွှန်ကြားသည်။ ဖတ်ချင်လာအောင် ထိုပြဇာတ်များ၏ အကြောင်းကိုပြောပြသည်။

ရာဇဝင်သင်သည့်ဆရာကလည်း ထိုနည်းတူပြောသည်။ ပြဋ္ဌာန်းသည့်စာအုပ်တွင် မပါသည့်အချက်များကို ထည့်ပြော၍ “တာတွေကြည့်ချင်ယင် ရာဇာဓိရာဇ်၏ အရေးတော်ပုံမှာကြည့်” စသည်ဖြင့် ညွှန်ကြားသည်။

ဗြိိတိသျှ ရာဇဝင်သင်ရာမှာလည်း ဗြိတိသျှရာဇဝင်သာမက ဥရောပနိုင်ငံများ၏အကြောင်းများကို ထည့်ပြောသည်။ ရာဇဝင် နောက်ခံထားသည့် အင်္ဂလိပ်စာပေ ဂန္ထဝင်ဝတ္ထုကြီးများ၏ အမည်ကို ရည်ညွှန်းသည်။ “ဒါတွေမင်းတို့ရှာဖွေဖတ်ကြ” ဟု ပြောသည်။

ဤသို့ ဆရာများက အပြင် စာအုပ်များကို ဖတ်ရမည်ဟု အမြဲပြောနေသဖြင့် ကျွန်ုပ်တို့မှာ အပြင်စာအုပ်ဖတ်ရှုရခြင်းကို စာကျက်ရသည့်အလုပ်နှင့်တန်းတူထားကာ တာဝန်ယူခဲ့ရသည်။ “ကျောင်းစာတွေ ကျက်နေရလို့ အပြင် စာအုပ်ဖတ်ချိန်မရဘူး” ဟုလည်း ဆင်ခြေပေးဖို့ သတိမရခဲ့ပေ။ ကျောင်းစာတွေကျက်သည့် အချိန်ထဲမှာပင် အတင်းရိုက်သွင်းခဲ့ရသည်။ (မိလိန္ဒမင်းနှင့် ရှင်နာဂသိန်တို့မေးဖြေစဥ်က-သစ်သားတိုင်အပေါက်မရှိသော်လည်း သံရိုက်သွင်းလျှင် ဝင်သွားသကဲ့သို့တည်း။)

ဆရာက အပြင်စာအုပ်များ ဖတ်ရမည်ဟု ပြောသဖြင့် ကျွန်ုပ်တို့ကလည်း ဆရာပြောသည့်အတိုင်း ဖတ်ကြသည်။ စာသင်ခန်းထဲတွင် ရေသည်ပြဇာတ် သင်သဖြင့် ဝိဇယပြဇာတ်၊ ကောသလပြဇာတ်၊ ပဒုမပြဇာတ်များကို အပိုဖတ်သည်ဆိုပါတော့။ သည်အတန်းသည် အရွယ်နှင့် မည်မျှ နားလည်ပါသနည်းဟု မေးဖွယ်ရာရှိသည်။ ပညာရှိကြီးများကဲ့သို့ လုံးစေ့ပါဌ်စေ့နားမလည်စေကာမူ စာပေအရသာ ခံတွင်းတွေ့လာသည်။

အင်္ဂလိပ်စာဖတ်ရာ၌လည်း Bright Story Readers နံပါတ် အသေးဆုံးကစ၍ တဆင့်တဆင့် တက်ဖတ် လာခဲ့ရသည်။ ထိုစာအုပ်ကလေးများကို ဖတ်ခဲ့စဥ်က အင်္ဂလိပ်စာ တိုးအောင်ဟူသော ရည်ရွယ်ချက်ရှိရမှန်းပင် မသိခဲ့ပေ။ ကလေးကြိုက် ပုံဝတ္ထုကလေးများ ဖတ်၍ကောင်းသည်နှင့်ပင်ဖတ်ခဲ့ခြင်းဖြစ်သည်။ ဖတ်ဖန်များလာသည့်အခါ အင်္ဂလိပ်စာလုံးများ အတွေ့အကြုံများကာ မှတ်မိ၍ သုံးတတ်လာသည်။

ထိုအခါကကျွန်ုပ်တို့သည် စာသင်ခန်းထဲတွင် ကဗျာရွတ်ကြရသည်။ မြန်မာစာဖက်မှာ လယ်တီဆရာတော်ဘုရား ရေးသားသည့် ‘သုံးလူ့ရှင်ပင်’ အစချီ ဗုဒ္ဓဝင်ကဗျာကို အလွတ်ကျက်၍ အတန်းထဲမှာ ရွက်ကြရသည်။ ငယ်ငယ်ကပင် ကဗျာ အလွတ်ကျက်၍ ရွတ်ခဲရသဖြင့် ကဗျာ၏ အရသာကို စိတ်နှင့် တွေ့ကာ ဆရာအကျက်မခိုင်းသည့်ကဗျားကိုပင်ကျက်၍ ရွတ်ချင်လာသည့်ဝါသနာရလာခဲ့သည်။

ဒုတိယတန်း တတိယတန်း လောက်တွင် အင်္ဂလိပ်ကဗျာများအလွတ်ကျက်၍ ရွတ်ရသည်။ ကဗျာရွတ်ရသည်မှာ ကျွန်ုပ်တို့အဖို့ ပျော်စရာကြီးဖြစ်သည်။ ပျော်အောင်ပင် တမင် ဖန်တီးထားလိုက်လေသလော မသိပေ။ ကျောင်းဆင်းချိန် ပဌမ ခေါင်းလောင်း တီးလျှင် တတန်းလုံး မတ်တတ်ထ၍ - The boy stood on the burning deck… အစချီသော ကဗျာ - King Bruce of Scotland flung himself down… အစချီသော ကဗျာများကို သံကုန် ဟစ်၍ တပျော်တပါးကြီး ရွတ်ခဲ့ကြရသည်။ လွန်ခဲ့သောနှစ်ပေါင်း ၄၀ နီးပါးက ရွတ်ခဲ့ရသော ကဗျာများတပိုင်းတစကို ယခုတိုင်ပင် ပါးစပ်ထဲရနေသေးသည်။

အင်္ဂလိပ်ကဗျာ မြန်မာ ကဗျာများကို စိတ်ကြိုက်နှင့်တွေ့လာလျှင် ဆရာက အကျက် မဆိုင်းသော်လည်း အာဂုံဆောင်၍ အမြတ်တနိုးကျက်သည့် အကျင့်ရလာခဲ့သည်။

ကျွန်ုပ်ငယ်ငယ်က ဤသို့ ကျက်မှတ်ခဲ့ရသည်ဖြစ်၍ ကျောင်းသားများကို ဤနည်း အတိုင်းမြန်မာကဗျာ အင်္ဂလိပ်ကဗျာတို့ကို အာဂုံကျက်ကြဟု ညွှန်ကြားရန် ဝန်လေးမိသည်။ ဤကိစ္စမှာ ကိုယ်ကိုယ်တိုင်နှစ်သက်မြတ်နိုး၍ အသည်းနှလုံးထဲမှာ သိမ်းထားချင်သည့်စိတ် ရှိမှသာ ကျက်မှတ်နိုင်ကြပေမည်။ ဆရာကခိုင်းလို့ ကျက်မှတ်ရလျှင် အကျိုးများမည်မဟုတ်ဟု ထင်မိသည်။

သို့သော် ကျောင်းသားများကို အပိုစာဖတ်သည့်အလေ့ အကျင့်ကို မွေးစေချင်သည်။ ကောင်းသော အလေ့အကျင့် ဟူသည်မှာ မွေးယူမှရသည်။ မကောင်းသော အကျင့်များကဲ့သို့ အလွယ်တကူရသည်မဟုတ်ချေ။

ငယ်ရွယ်စဥ် အခါ လန်းဆတ် စိုပြေသောစိတ်အားကို အစွမ်းကုန် အသုံးချကာ စာဖတ်သည့် အကျင့် မွေးထားမှသာ နောင်လူတလုံး သူတလုံး ဖြစ်အောင် ကြိုးစားရမည့် ဘဝခရီးတွင် အကူအညီဖြစ်နိုင်ပေမည်။

အပိုစာများ ဖတ်သည့် အခါတွင် ကျောင်းစာများကျတ်သည့် အခါကဲ့သို့စိတ်အား စိုက်၍ လုံးစေ့ပါဌ်စေ့ နားလည်အောင် ဖတ်သည့်နည်းနှင့် မဖတ်ရှုရာသည်။ အပိုစာ ဖတ်သည်ကို အပျော်ဖတ်သည်ဟု စိတ်ကိုလွယ်လပ်စွာ ထားရမည်။ ရသမျှ အမြတ်ချည်းဖြစ်၍ တလုံး တကြောင်း တပုဒ်နာလည်သဘောပေါက်လျှင် အကျိုးရှိသည်ဟု စိတ်ထားရမည်။ အပိုစာအုပ်များဖတ်ရာ၌ သတိပြုရမည့် အချက်များမှာ -

  • (၁) ဘယ် စာအုပ်က စဖတ်ရမည်ကို ရွေးမနေဘဲစိတ်ပါရာ ဝါသနာပါရာကို စ၍ ဖတ်ပါ။ စာအဖတ် များလာသည့်အခါ အကောင်းအဆိုးခွဲတတ်လာလိမ့်မည်။ များများ ဖတ်ဖြင်ဖို့သာ အရေးကြီးသည်။
  • (၂) စာလုံးမသိတိုင်း အဘိဓာန်ကိုပြန်မကြည့်ဘဲ ခပ်မြန်မြန် ခရီးတွင်အောင်သာဖတ်သွားပါ။ ဖတ်ပြီးမှ စာလုံးအဓိပ္ပါယ်များကို ပြန်ရှာလိုက ရှာပါ။ တခါတရံ နားမလည်သည့် စာလုံးများကို အသာမှေး၍ ဆက်ဖတ်သွားရင် အဓိပ္ပါယ်ပေါ်လာတတ်သည်။
  • (၃) အကြောင်း တခုခုကို သဲလွန်စရလျှင် ရှေ့ကိုဆက်၍ သိချင်သောစိတ်ကို မွေးပါ။
  • (၄) လွယ်ကူ၍ နားလည်လွယ်သော စာအုပ်များက စ၍ဖတ်ပါ။ စာဖတ်အကျင့် ရလာအောင်မွေးပါ။
  • (၅) စာအုပ်များနိုင်သရွေ့များများ ဖတ်ပါ။ ဗဟုသုတကြွယ်ဝစေသော်…။

ကိုးကား

မှ ကောက်နှုတ်တင်ပြသည်။