🏦 အတိုးပေါ်ဆင့်အတိုး (ဝါ) နှစ်ထပ်တိုး (compound interest) ရသည့်နည်းကို ကောင်းကောင်းကြီး အသုံးပြုပါ။

|

“Put the power of compound interest to work.”

ယခုလက်ငင်းပင်လျှင် ငွေစုဆောင်းသင့်သည့် အဓိကအကြောင်းရင်း ၂ ရပ်ရှိသည်။ ပထမအကြောင်းရင်းမှာ ဆွေးနွေးခဲ့သည့်အတိုင်း ယခုမျက်မှောက်တွင် စတင်ငွေစုရန် ဆင်ခြေများစွာ ပေးတတ်သူတို့မှာ နောင်အခါတွင်လည်း ခက်ခဲနေမည် ဖြစ်သည်။ ယခုဖော်ပြမည်မှာ ချက်ခြင်းလက်ငင်း ငွေစုသင့်သည့် ဒုတိယ်အကြောင်းရင်း ဖြစ်ပါသည်။ ယင်းမှာ စောစောစုဆောင်းခြင်းသည် ကြီးမားသည့် အကျိုးရလာဒ် ထွက်ပေါ်စေသော အကြောင်းရင်း ဖြစ်သည်။


ငွေစုအစီအစဥ်ကို အနည်းငယ်စေ၍ စတင်ခြင်းကြောင့် မိမိအတွက် အကျိုးအမြတ် ပိုမိုရရှိလာစေမည့် ဖြစ်သည်။​ဥပမာတစ်ခုကို ပေရလျှင် အသက် ၂၂ မှ ၃၀ အတွင်း မဖြစ်စလောက်လေး စုဆောင်းရုံဖြင့် လူငယ်တစ်ဦးသည် အငြိမ်းစားယူသည့်အခါ ဓနစုဆောင်းမှုတွင် များစွားတိုးပွားလာနိုင်သည်။ အဆိုပါ ၈ နှစ်တာ ကာလအတွင်း ဒေါ်လာ ၆၀၀၀ စွန်းစွန်းလောက် အသုံးအစွဲလျော့ပြီး စုဆောင်းရုံဖြင့် အသက် ၆၇ နှစ်အရွယ် အငြိမ်းစားယူသည့်အချိန်တွင် မိမိပိုင်ဆိုင်မှု၌ ဒေါ်လာ ၁၅၃၀၀၀ ကျော် အလွယ်လေး ထပ်ရနိုင်သည်။ လက်ရှိငွေအနည်းငယ်ကို အနာဂတ်တွင် အများကြီး တိုးပွားလာအောင် ပြောင်းလဲသည့် သော့ချက်မှာ “အတိုးပေါ်ဆင့်အတိုး စနစ်၏ ဆန်းကျယ်မှု” မှ အကျိုးအမြတ်အပြည့်ယူ၍ တတ်နိုင်သမျှ စုဆောင်းမှုကို စောစောစတင်ခြင်းပင် ဖြစ်သည်။

အတိုးပေါ်ဆင့်အတိုးက အဆန်းတကျယ်ကြီးတော့လည်း မဟုတ်ပေ။ သို့သော် တစ်ခါတစ်ရံတွင် ဆန်းကျယ်နေပုံပေါ်သည်။ အတိုးပေါ်ဆင့်အတိုး အလုပ်လုပ်ပုံမှာ ရှင်းပြရန် လွယ်ကူသော်လည်း ရလဒ်များက အံ့သြစရာကောင်းလွန်းပါသည်။ အတိုးပေါ်ဆင့်အတိုးဆိုသည်မှာ ရရှိသည့် အတိုးပေါ်တွင် အတိုးဆင့်၍ဆင့်၍ ရရှိခြင်းသာ ဖြစ်သည်။ မိမိက ယခုနှစ်ုငွေပေါ် ရသည့် အတိုးကို မသုံးစွဲလျှင် နောင်နှစ်တွင် လက်ရှိအရင်းနှင့် အတိုးပေါ်တွင် အတိုးထပ်ပေါင်းလိုက်ခြင်းပင် ဖြစ်သည်။ နောင်နှစ်တွင်လည်း ထိုသို့လုပ်ဆောင်ခြင်းဖြင့် အတိုးတွင် အတိုးများ ဆက်လက်ရရှိဦးမည် ဖြစ်သည်။ သာမာန်ကြည့်လျှင် သိပ်များသည့်ပုံ မရှိချေ။ အထူးသဖြင့် အစောပိုင်းနှစ်အနည်းငယ်အတွင်း မိမိစုဆောင်းမှုအပေါ်တွင် သိသိသာသာ တိုးလာမည် မဟုတ်ပေ။ သို့သော် သိပ်မကြာခင်မှာပင် စုဆောင်းမှုမှာ သိသာစွာ စတင်ဖွံ့ဖြိုးလာပြီး အတိုးများလာလေ တိုးပွားမှုမြန်လာလေ ဖြစ်သည်။ အတိုးပေါ်ဆင့်အတိုးမှာ နှင်းများဖုံးလွှမ်းနေသည့် တောင်ပေါ်မှ လိမ့်ဆင်းလာသည့် နှင်းခဲတစ်ခဲကဲ့သို ဖြစ်သည်။ လိမ့်ဆင်းကာစတွင် အရွယ်အစား ကြီးထွားမှု နှေးကွေးမည် ဖြစ်သည်။ သို့သော် နှင်းများအနည်းငယ်စီကပ်၍ ဖြည်းဖြည်းချင်း တိုးလာသည့်အခါ အရွယ်တစတစ ကြီးလာပြီး ခဏအကြာတွင် အလွန်ကြီးလာလိမ့်မည်။ ထိုနောက် အလျင်အမြန် ကြီးမားလာပြီး မိမိထံသို့ တည့်နည့်ကြီး ဝင်ရောက် ရိုက်ခတ်လာလိမ့်မည်။

ငွေစုအစီအစဥ်အား စောစောစီးစီး စတင်ရသည့် အကြောင်းရင်းမှာ အတိုးပေါ်ဆင့်အတိုးသည် ဖြည်းဖြည်းချင်း အရှိန်ယူရပြီး နောက်ပိုင်းတွင် အရှိန်မြန်လာသောကြောင့် ဖြစ်သည်။ အငြိမ်းစားယူခါနီးမှ စုဆောင်းမှုပြုလျှင် အငြိမ်းစားချိန် ပိုင်ဆိုင်မှု၌ များစွာ အကျိုးသက်ရောက်မည် မဟုတ်ပေ။ နည်းနည်းချင်းဖြင့် စောစောစီးစီး စုဆောင်ခြင်းကသာလျှင် အကျိုးသက်ရောက်မှု ကြီးမားပါသည်။ တောင်အောင်ခြေနားမှ ကပ်၍ လိမ့်ဆင်းလာသော နှင်းခဲ့မှာ အချိန်သေသွားသည့်အခါ အရွယ်အစား သိပ်ကြီးကြီးမားမား ဖြစ်နေမည် မဟုတ်ပေ။ ထို့ကြောင့် ငွေစောစောစစုလျှင် ယင်စုဆောင်းမှု ပွားများလာရန် အချိန်ပိုရမည်ဖြစ်ပြီး မြန်မြန်လည်း စုဆောင်းမှုအရွယ်ပမာဏ ကြီးထွားလာမည် ဖြစ်သည်။

ရိုးရိုးရှင်းရှင်း ဥပမာတစ်ခု စဥ်းစားကြည့်ပါ။ ၁၆ အရွယ်လူငယ် တစ်ဦးက ဆေးလိပ်သောက်သင့် မသောက်သင့် ချင့်ချိန်နေသည် ဆိုပါစို့။ ထိုအခါ ထည့်သွင်းစဥ်းစားစရာ များစွာ ရှိပါသည်။ ကျန်းမာရေးအကျိုးဆက်မှာ အရေးကြီးသည့် ဆင်ခြင်စရာ ဖြစ်သည်။ ကျန်းမာရေးအပြင် ငွေကြေးကုန်ကျမှုမှာလည်း ဆေးလိပ်မသောက်သင့်သည့် အကြောင်းတစ်ခု ဖြစ်ပါသည်။ စီးကရက် တစ်ဘူးစျေးနှုန်းမှာ ပြည်နယ်အများစုတွင် ၃.၇၅ ဒေါ်လာဝန်းကျင် ရှိသည်။ ထို့ကြောင့် ဆယ်ကျော်သက် ရော်ဂျာဒီယက်အနေဖြင့် ဆေးလိပ်မသောက်သုံးဖြစ်လျှင် (သူက တစ်ရက်လျှင် ဆေးလိပ်တစ်ဘူး သောက်ဖြစ်လိမ့်မည်ဟု ယူဆလျှင်) တစ်နှစ် ၁၃၇၀ ဒေါ်လာ စုဆောင်းနိုင်ပါလိမ့်မည်။ အဆိုပါငွေအား တစ်နေရာရာတွင် သုံးစွဲမည့်အစား တနှစ်လျှင် ၇ % အကျိုးအမြတ်ရမည့် ငွေကြေးဖောင်းပွမှုကို ကာမိစေသော စုပေါင်းရင်းနှီးမြှပ်နှံမှု ရန်ပုံငွေ (mutual fund) တွင် မြှပ်နှံလိုက်သည် ဆိုပါစို။ ရော်ဂျာကသာ ထိုသို့ ၁၀ နှစ်ဆက်တိုက် စုဆောင်ထိန်းသိမ်းထားနိုင်လျှင် သူအသက် ၂၆ နှစ်ပြည့်သည့်အခါ သူတွင် ဒေါ်လာ ၁၃၇၀၀ စုဆောင်းမိပြီး တိုးရင်းပေါင်းလိုက်လျှင် ၁၈၉၂၉ ဒေါ်လာ စုဆောင်းမိပြီး ဖြစ်လိမ့်မည်။ အသေးအဖွဲ စွန့်လွှတ်မှုတစ်ခုအတွက် အကျိုးရလဒ်မှာ မဆိုးလှပေ။ တကယ်တော့ ရိုဂျာအတွက် အကျိုးရှိလှသည်။

သို့သော် ယင်းရလဒ်မှာ အကင်းသာရှိသေးသည်။ အတိုးပေါ်ဆင့်အတိုးမှ အကျိုးအမြတ်က အစ ပြုရုံသာရှိသေးသည်။ ရိုဂျာကသာ အသက် ၃၆ ရောက်သည်အထိ စုဆောင်းမှု အစီအစဥ်ကို ဆက်လက်လုပ်ဆောင်မည်ဆိုလျှင် သူသည် စုဆောင်းငွေ ၂၇၄၀၀ ဒေါ်လာမှ ၅၆၁၆၄ ဒေါ်လာထိ တိုးပွားလာမည် ဖြစ်သည်။ အသက် ၄၆ အထိ ဆက်လက်စုဆောင်းသော် ဒေါ်လာ ၄၁၁၀၀ မှ ၁၂၉၄၁၁ ဒေါ်လာအထိ ပွားများလာမည် ဖြစ်သည်။ ရိုဂျာ အသက် ၅၆ တွင် သူသည် စုငွေဒေါ်လာ ၅၆၈၀၀ မှ ၂၇၃၅၀၀ ဒေါ်လာ အထိ ကြွယ်ဝလာမည် ဖြစ်သည်။ အသက် ၆၇ နှစ်အရွယ်တွင် အငြိမ်းစားယူသည့်အခါ သူသည် ၅၇၉၃၀၁​ ဒေါ်လာ ရမည်ဖြစ်သည်။ သူ၏ မူရင်းစုဆောင်းငွေ ဒေါ်လာ ၆၉၈၇၀ မှ အကျိုးခံစားရခြင်း ဖြစ်သည်။ ထို့ကြောင့် ဆေးလိပ်မသောက်ရန် ရွေးချယ်ခြင်းဖြင့် ရိုဂျာသည် အငြိမ်းစားရန်ပုံငွေ ဒေါ်လာ ၆၀၀၀၀၀ နီးပါး စုမိပေးလိမ့်မည်။ ယင်းကိန်းဂဏန်းက မျက်မှောက်ကာလတွင် ဝယ်ယူသုံးစွဲနိုင်သည့် ဒေါ်လာငွေပမာဏ ဖြစ်သည်။

အတိုးပေါ်ဆင့်အတိုး

ရိုဂျာသည် အသက် ၁၆ နှစ်မှ ၂၆ နှစ်အထိ ဆေးလိပ်သောက်လာပြီး ၂၆ နှစ်ရောက်မှ ဆေးလိပ်ဖြတ်ပြီး တစ်နေ့လျှင် စီးကရက်တစ်ဘူးစာ ငွေစုဆောင်းသည်ဟု ပြောင်း၍ စဥ်းစားကြည့်ပါ။ ဆေးလိပ်ဖြတ်လိုက်ခြင်းမှာ သူ့အတွက် ကောင်းပြီး စုဆောင်းမှုမှလည်း အကျိုးရှိနေဦးမည် ဖြစ်သည်။ သို့သော် ၁၀ နှစ်မျှ နောက်ကျသွားသည့်အတွက် သူ့အသက် ၆၇ နှစ်တွင် ၅၆၇၃၀၁ ဒေါ်လာ မစုမိတော့ပဲ ၂၉၄၀၁၅ ဒေါ်လာသာ စုဆောင်းမိမည် ဖြစ်သည်။ ၅၁ နှစ်စာ ငွေစုဆောင်းမှု အစီအစဥ်အား ဆယ်နှစ်လောက် နောက်ကျသွားသဖြင့် ရိုဂျာသည် အငြိမ်းစားယူချိန်တွင် ဒေါ်လာ ၃၀၃၂၈၆ ဆုံးရှုံးနစ်နာသွားစေသည်။

ဆန့်ကျင်ဘက်အားဖြင့် အချိန်နည်းနည်းပိုကြာအောင်သာ စုဆောင်းမည်ဆိုလျှင် အတိုးပေါ်အဆင့်အတိုးကြောင့် မြန်သထက်မြန်လာသော တိုးပွားမှုမှ အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်။ ဥပမာ ရိုဂျာ ကသာ သူ၏ ငွေစုအစီအစဥ်ကို အသက် ၆၉ နှစ် နောင်းပိုင်းမှ အငြိမ်းစား ယူ၍ ၂ နှစ်ကျော်ခန့်အထိ ဆက်လက်စုဆောင်းခဲ့မည်ဆိုလျှင် သူ၏ ယနေ့ခေတ် ငွေကြေးဝယ်ယူနိုင်စွမ်းဖြင့်ပြောလျှင် ဒေါ်လာ ၇၀၀၀၀၀ နီးပါး ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဆိုရလျှင် စုဆောင်းမှု ကြာလေလေ အတိုးပေါ်ဆင့်အတိုးက မိမိတို့၏ ကြွယ်ဝမှုကို တိုးပွားမှုပေးလေလေ ဖြစ်သည်။ ရိုဂျာကသာ ကားအသစ် ဝယ်မစီးပဲ တစ်ပတ်ရစ် ကားဝယ်ခြင်း၊ လမ်းဘေးစက်များမှ သွားရေစားများ အနည်းငယ်လျှော့စားခြင်း၊ ထီမထိုးခြင်း (လူတစ်ဦးသည် ထီပေါက်ခြင်းထက် မိုးကြိုးပစ်ခံရဖို့ အလားအလား ပိုများသည်) ဖြင့် အသေးအဖွဲ ချွေတာမှုများ ထပ်လုပ်ဦးမည်ဆိုလျှင် သူအနားယူချိန်တွင် သန်းဂဏန်း သို့မဟုတ် ထိုထက်ပင်ပို၍ ပိုင်ဆိုင်နေမည် ဖြစ်သည်။

သင်အငြိမ်းစားယူချိန်တွင် ချမ်းချမ်းသာသာ နေနိုင်ဖို့အတွက် ဘဝတစ်လျောက်လုံး ခါးခါးသီးသီး နေထိုင်စားသောက်သွားရမည်ဟူ ကျွန်တော်တို့က ဆိုလိုနေခြင်း မဟုတ်ပါ။ အသက်ကြီးမှ ချမ်းသာပြီး ဘဝတစ်လျောက်လုံး ခြို့ခြို့တဲ့တဲ့ နေထိုင်စားသောက်ရမည်ဆိုလျှင် အဘယ်မှာ အဓိပ္ပါယ်ရှိပါမည်နည်း။ ကျွန်တော်တို့ အလေးပေးပြောလိုသည်မှာ သာမာန်လူများစွာတို့ အနေဖြင့် ကောင်းကောင်းမွန်မွန် နေထိုင်စားသောက်ရင်း အနည်းအကျဥ်းစုဆောင်းရုံမျှဖြင့် ကြီးမားသည့် အကျိုးကျေးဇူးများ ခံစားစံစားနိုင်သည်ကို ထောက်ပြလိုခြင်း ဖြစ်သည်။ အမှန်တော့ စုဆောင်းရင်းနှီးမြှုပ်နှံသူများသည် ထိုသို့မစုဆောင်း မရင်းနှီးသူများထက် ပိုမို သုံးစွဲလာနိုင်လိမ့်မည် ဖြစ်သည်။ အနားယူချိန်တွင် သို့မဟုတ် ထိုထက်ပင် စောသည့်ကာလတွင် ရိုချာသည် သူ့ကြွယ်ဝမှုကို စတင်သုံးစွဲနိုင်ပြီး မစုဆောင်းပဲ​ သုံးစွဲခဲ့သည်ထက် များစွာသာလွန်၍ သုံးစွဲနိုင်မည် ဖြစ်သည်။

အဲဒါကြောင့် ထိုသို့ အကျိုးခံစားရန်မှာ ငွေစုဆောင်းခြင်းအား စောစောလုပ်ဆောင်၊ အနည်းငယ် စိတ်ရှည်သည်းခံ၍ စုဆောင်းငွေမှ မည်မျှ အကျိုးဖြစ်နိုင်မည်ကို သိနားလည်ပြီး အတိုးပေါ်ဆင့်အတိုး၏ စွမ်းပကားကို ကောင်းကောင်း အသုံးချရန်သာ လိုအပ်ပါသည်။

မြန်မာ စကားပုံ

“အလိုကြီးက အရနည်း။”
– Great desire obtains little.

မှတ်ချက်။