💵 မိမိပိုက်ဆံများကို ပိုမိုအကျိုးရှိအောင် သုံးစွဲနည်း ၂ မျိုး - အကြွေးဝယ်ကဒ်ဖြင့် အကြွေးဝယ်ခြင်းအား ရှောင်ကြဥ်ရန်နှင့် အသုံးပြုပြီး ပစ္စည်းများကို ဝယ်ယူသုံးစွဲခြင်း။

|

“Spend strategically.”

ကျွန်တော်တို့အများစုက ယနေ့စွန့်လွှတ်စရာမလိုဘဲ အနာဂတ်တွင် ပိုမိုရရှိမည့် အနေအထားကို လိုလားကြသည်။ ပျမ်းမျှဝင်ငွေအထက် ရှာနိုင်သူများ အပါအဝင် လူပုဂ္ဂိုလ်များစွာတို့က ယင်းရည်မှန်းချက်ကို ထိခိုက်စေသည့် အရာ ၂ ခုကို လုပ်ဆောင်ကြသည်။ ပထမအချက်မှာ မတတ်နိုင်သေးသည့် ပစ္စည်းများ ဝယ်ယူကြသည်။ ဒုတိယအချက်မှာ တစ်ပတ်ရစ်ပစ္စည်းများက အသုံးဝင်သေးပြီး စီးပွားရေးအရ တွက်ချေကိုက်သည့်တိုင်အောင် ပစ္စည်းသစ်များ ဝယ်ယူလိုကြသည်။


အကြွေးဝယ်ကဒ်များ ချင့်ချိန်မသုံးစွဲတတ်ခြင်းသည် ငွေရေးကြေးရေး အဆင်ပြေဖို့၊ မကြောင့်မကြနေရဖို့အတွက် ကြီးမားသည့်အဟန့်အတား ဖြစ်သည်။ လူများစွာတို့က ကဒ်များကို သတိထားသုံးစွဲတတ်သော်လည်း အချို့ပုဂ္ဂိုလ်များကမူ အကြွေးဝယ်ကဒ်၏ မသုံးစွဲရသေးသည့် လက်ကျန်ငွေကိုပင် ဘဏ်ထဲတွင် ရှိသည် ကိုယ်ပိုင်ပိုက်ဆံသကဲ့သို့ ပြုမှုတတ်ကြသည်။ ယင်းမှာ လုံးဝ မှားယွင်းပေသည်။ သင့်အကြွေးဝယ်ကဒ်ရှိ မသုံးစွဲရသေးသည့် လက်ကျန်ငွေသည် သင်က ထပ်မံ ငွေချေးနိုင်သေးကြောင်း ဆိုလိုခြင်းသာ ဖြစ်သည်။ သင့်ဥစ္စာဓနကို တိုးစေသည်မဟုတ် သို့မဟုတ် သင့်ကိုငွေများထပ်မံပေးနေသည် မဟုတ်ချေ။ အကြွေးကဒ်ကို သင်၏ အရံဘဏ်စာရင်းအဖြစ် သဘောထားခြင်းက အကောင်းဆုံးဖြစ်သည်။ သင်၏ စာရင်းရှင်ဘဏ်စာရင်းတွင် ငွေကျန်ရှိသေးလျှင် သင်သည်အကြွေးကဒ်ကို အသုံးပြုနိုင်သည်။ ယင်းအကြွေးကိုမှု လစဥ်ပေးချေမည်ဆိုလျှင် အသုံးပြုနိုင်သည်။ သင့်ဘဏ်စာရင်းတွင် ငွေအလုံအလောက်မရှိလျှင် ဝယ်ယူသုံးစွဲမှု မပြုပါနှင့်။

အကြွေးကဒ်များသည် အသုံးပြုရအဆင်ပြေသလို ယင်းတို့က ကိုင်ဆောင်သူများကို လက်ယားစေပြီး စျေးကြီးသည့် ချေးယူနည်းလည်းဖြစ်သည်။ အကြွေးကဒ်များသည် အလွယ်တကူ အကြွေးထူစေသောကြောင့် ယင်းတို့မှာ အန္တရာယ်ရှိတတ်သည်။ လူအချို့သည် သူတို့အကြွေးကဒ်တွင် မသုံးစွဲရသေးသည့် လက်ကျန်ငွေ ရှိနေသေးလျှင် သုံးစွဲလိုစိတ်ကို ထိန်းချုပ်နိုင်ပုံ မရကြပေ။ သင့်တွင်လည်း ထိုပြဿနာရှိလျှင် ချက်ခြင်းကုစားဖို့လိုသည်။ ကတ်ကြေးတစ်လက်ကို ဆွဲယူပြီး အကြွေးကဒ်အားလုံး ညှပ်ပစ်ဖို့ လိုနေပြီ ဖြစ်သည်။ ထိုသို့ မလုပ်လျှင် ယင်းကဒ်များကြောင့် ငွေရေးကြေးရေး ကြမ္မာငှင်လာတော့မည်။ သင့်အကြွေးကဒ်တွင် ဝယ်ယူမှုများကို ပေးချေခြင်းက သင်သည် သင့်ရှိငွေထက် ပိုမိုဝယ်ယူနိုင်သည့်ပုံ ပေါ်နေသည်။ သို့သော် လကုန်လျှင်တော့ ငွေတောင်းခံလွှာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါလိမ့်မည်။ နောက်ထပ် ဆွဲဆောင်ဖြားယောင်းမှု တစ်ခုလည်း ရှိသေးသည်။ အတိုးနှုန်းနှင့် သုံးထားသည့်အထဲမှ နည်းနည်းခြင်းသာ ဆပ်ရန်လည်း ခွင့်ပြုပေးထားသေးသဖြင့် အကြွေးမဆပ်ပဲ​ပစ္စည်းများ အများအပြား ဆက်လက်ဝယ်ယူသုံးစွဲမှုဖြစ်စေသည်။ သင်က ယင်းနည်းလမ်းကို ရွေးချယ်ပြီး သင့်လက်ကျန်ခွင့်ပြုငွေကို ဆက်လက်သုံးစွဲနေမည်ဆိုလျှင် လက်ကျန်ကုန်ပြီး ကြီးမားသော ပြဿနာနှင့် မြန်မြန်ဆန်ဆန်ပင် ရင်ဆိုင်ကြုံတွေ့ရလိမ့်မည်။ မဆက်ရသေးသည့် အကြွေးလက်ကျန်အပေါ်တွင် မြင့်မားသည့် အတိုးနှုန်းများ ပေးဆောင်ရပေလိမ့်မည်။

အကြွေးဝယ်ကဒ်၏ အကြွေးများအတွက် ၁၅ မှ ၁၈ ရာခိုင်နှုန်း အထိ အတိုးပေးရသည်မှာ အများစုအတွက် ပုံမှန်ပင်ဖြစ်သည်။ ယင်းက လူအများစုအတွက်၊ အောင်မြင်သည့် ရင်းနှီးမြှပ်နှံသူများအတွက်ပင်လျှင် သူတို့စုဆောင်းငွေများနှင့် ရင်းနှီးမြှပ်နှံမှုများပေါ် ရရှိသည့် အကျိုးအမြတ်နှုန်းထားထက်ပင် များစွာမြင့်မားနေသည်။ သင့်စုဆောင်းငွေမှ တစ်နှစ်လျှင် ၇ ရာခိုင်နှုန်း ခန့် အတိုးရလျှင်ပင် သင့်အနေဖြင့် အလွယ်တကူ ကြွယ်ဝလာနိုင်ပါသည်။ ကံမကောင်းစွာပင် မပေးဆပ်ရသေးသည့် အကြွေးပေါ် ပေးဆောင်ရသော ကြီးမားသည့်အတိုးနှုန်းများက ဆန့်ကျင်ဘက်သဘော ရှိပါလိမ့်မည်။ အကြွေးဝယ်ကဒ်အကြွေးပေါ် ၁၅ မှ ၁၈ ရာခိုင်နှုန်း အထိ အတိုးပေးနေရပါက ဝင်ငွေကောင်းသူပင်လျှင် ဆင်းရဲမွဲတေ သွားနိုင်ပါသည်။

ဘဟားမားကျွန်းတွင် ရက်အနည်းငယ် အပန်းဖြေရန် ဆုံးဖြတ်ခဲ့သည့် ကော်လာဖြူလူငယ်တစ်ဦး ရှောင်၏ ဥပမာကို ကြည့်ပါ။ ခရီးစဥ်အတွက် ရှောင်၏ အကြွေးဝယ်ကဒ်တွင် ဒေါ်လာ ၁၅၀၀ ကုန်ကျသွားဆိုပါစို့။ သို့သော် လကုန်တွင် အကြွေးအားလုံး ပြန်ဆပ်ရမည့်အစား ရှောင်က အနည်းဆုံးပေးနိုင်သည့် ပမာဏကိုသာဆပ်သဖြင့် အကြွေးကျေရန် ၁၀ နှစ်တိုင်အောင် ဆပ်ခဲ့ရသည်။ သု့အကြွေးကဒ်အတိုးနှုန်းက ၁၈ ရာခိုင်နှုန်း ဖြစ်သည်ဆိုလျှင် ရှောင်က သူ့ခရီးစဥ်အတွက် မည်မျှ အတိုးအရင်းပေါင်း ပေးရမည်လဲ။ တလလျှင် ၂၆.၆၃ ဒေါ်လာဖြင့် လပေါင်း ၁၂၀ ပေးပြီးလျှင် စုစုပေါင်း ၃၁၉၅.၄၀ ဒေါ်လာ ကုန်ကျမည် ဖြစ်သည်။ ထို့ကြောင့် ရှောင်သည် သူ့အကြွေးကဒ် ကုမ္ပဏီသို့ ပေးလိုက်ရသည့်ငွေသည် လေယာဥ်လက်မှတ်ခ၊ ဟိုတယ်ခ၊ အစားအစာနှင့် ဖျော်ဖြေရေး အားလုံးအတွက် ကုန်ကျမည့်ငွေစုစုပေါင်းထက်ပင် ပိုများနေသည်။

ခရီးစဥ်အပြီး အကြွေးဝယ်ကဒ်ကုမ္ပဏီကို ငွေပေးမည့်အစား ခရီးစဥ်မတိုင်မီတွင် ရှောင့်အနေဖြင့် ကြိုတင် အစီအစဥ်ဆွဲ၍ ငွေပေးမည့်အစား ခရီးစဥ်အတွက် ကုန်ကျစရိတ်မှာ များစွာ သက်သာပေလိမ့်မည်။ တိုးရင်းပေါင်းအတိုး (compound interest) (အတိုးပေါ်ဆင့် အတိုးအကြောင်းကို အချက် ၇ တွင် ဆွေးနွေးပါမည်) ဖြင့် တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြင့် တစ်လအတွက် ၇၅ ဒေါ်လာ စုဆောင်းမည်ဆိုလျှင် လပေါင်း ၂၀ အကြာလျှင် ရှောင့်လက်ထဲတွင် အပန်းဖြေခရီးအတွက် စုစုပေါင်း စုဆောင်းငွေ ၁၅၆၀.၈၉ သုံးစွဲနိုင်မည် ဖြစ်သည်။ တစ်နည်းဆိုရလျှင် ခရီးစဥ်အတွက် စုဆောင်းခြင်းဖြင့် အကြွေးဝယ်ကဒ်တွင် အကြွေးတင်မည့်အစား ခရီး ၂ ခုအတွက် ဒေါ်လာ ၃၁၉၅.၄၀ ထက်နည်းသည့် (အပိုပင်သုံးစွဲနိုင်သေးသည်) ငွေပမာဏသာ ကုန်ကျမည် ဖြစ်သည်။

ဒီထက်ပိုကောင်းသည်မှာ အကြွေးကဒ်ကုမ္ပဏီကို တစ်လလျှင် ၂၆.၆ ဒေါ်လာပေးမည့် အစား ရှောင်သည် ဒေါ်လာ ၁၅၀၀ ဖြင့် အပျော်ခရီး ထွက်ခဲ့ဖို့ကောင်းသည်။ အဆိုပါ လစဥ်ပေးငွေကို ငွေစုစာရင်းတွင် စုထားပြီး တစ်နှစ်လျှင် ၅ ရာခိုင်နှုန်း အတိုးရသည်ဆိုလျှင် သူသည် ၁၀ နှစ် ပြည့်သည့်အခါ စုစုပေါင်းငွေ ဒေါ်လာ ၄၁၃၉.၂၆ ရှိလာမည် ဖြစ်သည်။ ထိုအချိန်တွင် သူ့အနေဖြင့် ဒေါ်လာ ၂၀၀၀ ကုန်ကျမည့် ခရီးတစ်ခုထွက်သည်ဆိုလျှင် လူ့လက်ထဲတွင် ဒေါ်လာ ၂၁၃၅.၂၆ ပင် ပိုလျှံနေဦးမည် ဖြစ်သည်။ ဖော်ပြပါဥပမာအရ အကြွေးဝယ်ကဒ်ဖြင့် သုံးစွဲသူများသည် မသုံးစွဲသူများနှင့် ယှဥ်လျှင် စားသုံးမှုမှာ လျော့ကျလာသလို မိမိတွင် ရှိသည့် ငွေကိုလည်း လျော့နည်းစေပါသည်။

သင့်တွင် အကြွေးဝယ်ကဒ်ဖြင့် သုံးစွဲထားသည့်အတွက် အကြွေးလက်ကျန် ငွေပမာဏများကောင်း များနေနိုင်ပါသည်။ အကြွေးဖြင့် မသုံးစွဲခဲ့လျှင် ပိုကောင်းပါသည်။ သို့သော် ငွေစုအစီအစဥ်တစ်ခု စတင်ခြင်းဖြင့် အလွန်ကောင်းမွန်သည့် အကျိုးရလာဒ်တစ်ခု ရနိုင်သည့် အခွင့်အလမ်းတစ်ခု ပေးပါသည်။ အကြွေးဝယ်ကဒ်၏ အကြွေးအား ပေးချေရန်အတွက် စုဆောင်းသည့် ငွေတစ်ဒေါ်လာတိုင်း အတိုးနှုန်း ၁၈ ရာခိုင်နှုန်းကိုရှာပေးနေပါသည်။ ၁၈ ရာခိုင်နှုန်း အတိုးပေးသည့် ရင်းနှီးမြှပ်နှံမှုတစ်ခုတွင် သင့်အနေဖြင့် တစ်ဒေါ်လာ ထည့်လိုက်လျှင် တစ်နှစ်အကြာတွင် အသားတင် ၁.၁၈ ဒေါ်လာတိုးလာမည် ဖြစ်သည်။ သင်က သင့်အကြွေးကဒ် အကြွေးပေးချေဖို့ တစ်ဒေါ်လာစုလျှင် တစ်နှစ်အကြာတွင် သင့်အတွက် အသားတင် ၁.၁၈ ဒေါ်လာ ပေါင်းထည့်ပြီး ဖြစ်ရော့မည်။ သင့်အကြွေးက ဤမျှနည်းသွားမည်။ ပထမ သင့်အကြွေးကို ဦးစွာလျှော့ချဖို့ တစ်ဒေါ်လာစု၊ ဒုတိယ သင်ပေးရမည့်အတိုးနှုန်း အတွက် ၁၈ ဆင့်ကို အတိုးမှ ရရှိမည်ဖြစ်သည်။

သင့်အကြွေးကဒ်အတိုးနှုန်းက ၁၈ ရာခိုင်နှုန်း ထက် နည်းလျှင်သော်မှ သင်အလွန်ကံမကောင်းလျှင် သို့မဟုတ် ရင်းနှီးမြှပ်နှံမှုမတော်လျှင် သင်ရှိလာမည့် အခြားငွေစုအစီအစဥ်တစ်ခုတွင် သင်ပုံမှန် ထည့်ပေါင်းနိုင်သည်ထက်ပင် အတိုးနှုန်းက မြင့်မားနေသေးသည်။ သင့်ရင်းနှီးမြှပ်နှံမှု စာရင်းများသို့ ငွေမသွင်းရသဖြင့် သင့်စုငွေများက အမှန်တကယ် ၁၈ % ရှာဖွေးပေးသည်ဟု သင်မခံစားပဲ ရှိနိုင်သည်။ သို့သော် ဆိုလိုရင်းမှာ အလားတူပင် ဖြစ်သည်။ အကြွေးဝယ်ကဒ်အကြွေးရှိပြီး ငွေကြေးအောင်မြင်မှုရဖို့ စိတ်ထက်သန်သူတိုင်း ပထမဆုံး လုပ်သင့်သည်က အကြွေးများကို အကျေဆပ်လိုက်ပါ။ လိုအပ်လျှင် စုဆောင်းငွေထဲမှ ဆပ်ပါ။

သင့်အကြွေးဝယ်ကဒ် အကြွေးအားပေးချေရန် သင့်တွင် စုငွေမရှိလျှင် လာလုပ်မည်နည်း။ ဘဏ်မှချေးငွေရယူပါ။ ဘဏ်အတိုးနှုန်းက သင့်အကြွေးဝယ်ကဒ် အတိုးနှုန်းထက် နည်းပါသည်။ ဘဏ် အကြွေးများကိုလည်း ဖြစ်နိုင်သမျှ မြန်မြန် ပေးဆပ်ဖို့ အစီအစဥ်တစ်ခု ချမှတ်ဖော်ဆောင်ပါ။ ဥပမာ နောက် ၆ လပေါ့။ သို့ရာတွင် သင်က နောက်ထပ် အကြွေးဝယ်ကဒ် အကြွေးများ ထပ်မတင်မိစေဖို့တော့ လိုပါသည်။

သင်ပိုက်ဆံများ၏ အသုံးခံမှုကို မြှင့်တင်ရန် ဒုတိယ နည်းလမ်းမှာ တစ်ပတ်ရစ်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်း ဖြစ်သည်။ ယင်းတို့က သင့်အတွက် အသစ်ကဲ့သို့ အသုံးဝင်ပါလိမ့်မည်။ ပစ္စည်းသစ်များ ဝယ်ယူသုံးစွဲခြင်း၏ ပြဿနာမှာ ပစ္စည်းသစ်များသည် ဝယ်လိုက်သည်နှင့် ချက်ခြင်းဆိုသလို တန်ဖိုးကျဆင်းသွားပါသည်။ ထို့ကြောင့် ပစ္စည်းသစ်များ ဝယ်သော်လည်း ပစ္စည်းအသစ်များအဖြစ် ကြာရှည်ရပ်တည်မနေပါ။ ဆိုလိုသည်မှာ ပစ္စည်းတစ်ခုဝယ်လိုက်သည်နှင့် စျေးကွက်တန်ဖိုးအရ ယင်းက အသုံးပြုပြီး (တစ်ပတ်ရစ်) ဖြစ်သွားတော့သည်။

အသုံးပြုပြီးပစ္စည်းများ သို့မဟုတ် တစ်ပတ်ရစ်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းဖြင့် သိသိသာသာ စုဆောင်းလာနိုင်ပါသည်။ ဥပမာ သင်က ဒေါ်လာ ၂၈၀၀၀ ကုန်ကျသည့် တိုယိုတာကမ်ရီ ကားသစ်တစ်စီးကို ဝယ်ပြီး တစ်နှစ်အကြာတွင် အခြားကားသစ်တစ်စီးနှင့် အလဲအထပ်လုပ်လျှင် ကားဟောင်းအတွက် ဒေါ်လာ ၁၈၀၀၀ သာရပေလိမ့်မည်။ သို့မဟုတ် သင်ပေးဝယ်ခဲ့ရသည်ထက် ဒေါ်လာ ၁၀၀၀၀ လျှော့ချနေလိမ့်မည်။ သင်က ကားကို မိုင် ၁၅၀၀၀ မောင်းထားလျှင် သင့်ကား အတွက် အလျှော့တွက်တန်းဖိုးမှာ တစ်နည်းအားဖြင့် ကားတန်ဖိုးကျဆင်းခြင်း၏ ကုန်ကျမှုမှာ တစ်မိုင်လျှင် ဒေါ်လာ ၆၆ ပြား ဖြစ်သည်။

သို့သော် Camry အသစ်တစ်စီးဝယ်မည့်အစား တဆင့်ရောင်းချသူတစ်ဦးထံမှ တစ်နှစ်သက်တမ်းရှိ ကားတစ်စီး ဝယ်သည်ဆိုပါစို့။ ကားတစ်စီး တယ်သည်ဆိုပါစို့။ ကားအသစ်စျေး (မူလပိုင်ရှင်က တဆင့်ရောင်းသူထံမှ ရသည့်ငွေထက် ဒေါ်လာ ၂၀၀၀ ပိုများ) ထက် ဒေါ်လာ ၈၀၀၀ လျှော့ပြီး သို့မဟုတ် ဒေါ်လာ ၂၀၀၀၀ ခန့်သာ သင်က ပေးရမည်ဖြစ်သည်။ မိမိကားအား ဂရုစိုက်မှုအပေါ်မူတည်၍ ကားသည် ကြာရှည်ခံမည်ဖြစ်သောကြောင့် တစ်ပတ်ရစ် Camry ကားကို ၈ နှစ်လောက်ထိ ကောင်းကောင်း အသုံးပြုနိုင်လိမ့်မည်။ ၈ နှစ်ကြာလျှင် ဒေါ်လာ ၂၀၀၀ နှင့်လည်း ပြန်ရောင်းနိုင်ပေလိမ့်မည်။ တစ်နှစ်လျှင် မိုင် ၁၅၀၀၀ မောင်းလျှင် ကား၏ တစ်မိုင်ချင်းအလျှော့ တွက်တန်ဖိုးမှာ ၁၅ ပြား ဖြစ်သည်။ (ဒေါ်လာ ၁၈၀၀၀ အား ၁၂၀၀၀၀မိုင်ဖြင့် စားလျှင် အဆိုပါ အဖြေထွက်သည်။) ယင်းကုန်ကျမှုမှာ ကားအသစ်တစ်စီး မောင်းနှင်သည့် နှစ်စဥ် တစ်မိုင်ချင်း ကုန်ကျစရိတ်ထက် ၅၁ ပြား သက်သာပါသည်။ တစ်ပတ်ရစ်ကားအား တစ်နှစ်လျှင် မိုင် ၁၅၀၀၀ မောင်းခြင်းဖြင့် အလျှော့တွက်တန်ဖိုးမှ နှစ်စဥ် ၇၆၅၀ ဒေါ်လာ ချွေတာနိုင်မည် ဖြစ်သည်။ ကားသက်တမ်း ကြာလာသည်နှင့်အမျှ ပြင်ဆင်စရိတ်မှာလည်း တက်လာမည်ဖြစ်သည်။ သို့သော် တစ်နှစ် ပျမ်းမျှ ၁၆၅၀ ဒေါ်လာ ဖြင့်တွက်လျှင်သော်မှ (ထိုပမာဏ ကုန်ကျခဲပါသည်) ကားအသစ်မစီးသည့်အတွက် တစ်နှစ်လျှင် ဒေါ်လာ ၆၀၀၀ စုဆောင်းမိပေလိမ့်မည်။

အခြားသော တစ်ပတ်ရစ် အရာဝတ္ထုပစ္စည်းများသည်လည်း အသစ်နှင့် မခြား ကောင်းစွာအသုံးပြုနိုင်ပြီး ကုန်စရိတ်လည်း သက်သာပါသည်။ ပရိဘောဂ၊ အိမ်သုံးပစ္စည်းများ (ဥပမာ - ရေခဲ့သေတ္တာ၊ အဝတ်လျှော်စက်၊ အခြောက်ခံစက်) နှင့် ကလေးအဝတ်များ၊ ကစားစရာများ (ကလေးများသည် မြန်မြန်ကြီးလာကြပြီး ကစားစရာများကို ငြီးငွေ့လွယ်ကြသည်) တို့ကိုလည်း တစ်ပတ်ရစ် သုံးနိုင်ပါသည်။ ကားဟောင်းအရောင်းဆိုင်များ၊ အဟောင်းတန်းများရှိသဖြင့် အချို့ကိစ္စရပ်များတွင် တစ်ပတ်ရစ် ဝယ်သုံးရသည်ထက် ပစ္စည်းအသစ်ဝယ်သုံးလိုက်ရသည်က ပို၍တွက်ခြေကိုက်သည့် အခါမျိုးလည်း ရှိပါသည်။ အထူးသဖြင့် ပစ္စည်းအသစ်တယ်ပြီးလျှင် ကြာရှည်စွာ စွဲမြဲသုံးစွဲမည် ဆိုလျှင်ပေါ့။ ကျွန်တော်တို့ ဆိုလိုသည်မှာ သုံးစွဲမှုအရလည်း စိတ်ချမ်းသာပြိး ပိုက်ဆံလည်း သိပ်သုံးစရာမလိုသည့် နည်းလမ်းများကို ပြောပြနေခြင်းဖြစ်သည်။ မိမိသုံးစွဲလိုက်ရသည့်ငွေနှင့် တန်အောင် သုံးစေချင်သည့် သဘောသာ ဖြစ်ပါသည်။

မြန်မာ စကားပုံ

“ကံယုံ၍ ဆူးပုံမနင်းရာ။”
– Don’t jump into a pit of thorns out of blind faith.

မှတ်ချက်။