💳 မည်သည့်အရာအတွက်မျှ ယင်းအသုံးဝင်မည့် သက်တမ်းထက် ငွေကြေးပိုမိုသုံးစွဲခြင်း မပြုပါနှင့်။

|

“Manage credit and debt wisely.”

အပေးဖြေခရီးထွက်ရန်၊ အဝတ်အစားဝယ်ရန် သို့မဟုတ် လျင်မြန်စွာကုန်ဆုံးသွားမည့် သို့မဟုတ် တန်ဖိုးကျသွားသည့် အခြားကုန်စည်များဝယ်ရန် သင်ငွေချေးငှားသည့်အခါ ဘာဖြစ်လာမည်နည်း။ ၂ နှစ်အတွင်း ဟောင်းနွမ်းမည့် တစ်ပတ်ရစ် မော်တော်ကားတစ်စီးကို ၄၈ လကြာ အရစ်ကျငွေချေစနစ်ဖြင့် ဝယ်ယူသည့်အခါ ဘာဖြစ်မည်နည်း။ အဖြေ ၂ ခုလုံးက အတူတူဖြစ်သည်။ သင့်အတွက် သို့မဟုတ် အခြားသူများအတွက် တန်ဖိုးနည်းနည်းသာရှိသည့် သို့မဟုတ် တန်ဖိုးလုံးဝမရှိသည့် အရာများအတွက် ငွေပေးချေခြင်း ပြုလုပ်နေကြောင်း မကြာခင် သိသာလာပါလိမ့်မည်။ ယင်းပေးချေမှုများက စိတ်ပျက်ဖွယ်အခြေအနေနှင့် ငွေကြေးမဖူလုံမှုသို့ ဦးတည်သွားလိမ့်မည်။

ပိုင်ဆိုင်မှုပစ္စည်းများ၏ အသုံးဝင်မှုသက်တမ်းထက် ကျော်လွန်ပြီး ချေးငွေရယူခြင်းကြောင့် သင်သည် အတိတ်ကပျော်ရွှင်မှုနှင့် လက်ရှိဆန္ဒများအတွက် အနာဂတ်တွင် ပေးဆပ်နေရမည်ဖြစ်သည်။ ဤသည်မှာ သင်ရှာဖွေရရှိသည်ထက် ပိုမိုသုံးစွဲခြင်းဖြစ်ပြီး အကြွေးများ တိုးလာကာ သင်သည် အနာဂတ်တွင် ဆင်းရဲသထက် ဆင်းရဲလာမည် ဖြစ်သည်။ ယင်းက ငွေရေးကြေးရေး အကြပ်အတည်းသို့ ဦးတည်စေမည့်လမ်းဖြစ်သည်။

တစ်ဦးချင်း သို့မဟုတ် အိမ်ထောင်စုတစ်ခုက ကုန်စည်တစ်ခုကို အကြွေးစနစ်ဖြင့် ဝယ်ယူလျှင် အဓိပ္ပါယ် ရှိပါ၏လော။ အဖြေက “ရှိပါသည်”။ သို့သော် ကုန်ပစ္စည်းက ကြာရှည်ခံမည့် ပစ္စည်းဥစ္စာတစ်ခု ဖြစ်မှသာ သို့မဟုတ် အဆိုပါ ပစ္စည်းဥစ္စာ မဟောင်းနွမ်းခင် ချေးငွေများ ပြန်ဆပ်ပြီးဖြစ်မှသာ အဓိပ္ပါယ်ရှိခြင်းဖြစ်သည်။ သို့မှသာ သင့်အနေဖြင့် ပစ္စည်းတစ်ခုအတွက် သင်သုံးသလောက်သာ ပိုက်ဆံပေးရမည်ဖြစ်သည်။

ဝယ်ယူသုံးစွဲမှု အနည်းအကျဥ်းသာ ယင်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည်။ အိမ်ခြံမြေ၊ မော်တော်ကားနှင့် ပညာရေးတို့မှာ အိမ်အတွက် ပင်မအသုံးစရိတ် ၃ မျိုး ဖြစ်သည်။ ကောင်းမွန်စွာ ထိန်းသိမ်းမှုရှိလျှင် အိမ်သစ်တစ်လုံးမှာ လာမည့် နှစ်ပေါင်း ၄၀ သို့မဟုတ် ၄၅ နှစ်အထိ အသုံးခံတတ်သည်။ သို့ဆိုလျှင် နှစ် ၃၀ အရစ်ကျစနစ်ဖြင့် ဝယ်ယူနေထိုင်ခြင်းမှာ ကျိုးကြောင်းဆီလျော်မှုအပြည့် ရှိပါသည်။ အလားတူ မော်တော်ကား တစ်စီးကို ၄ နှစ် သို့မဟုတ် ၅ နှစ်သက်တမ်းခံမည်ဟု မျှော်လင့်နိုင်လျှင် ၄၈ လ နှင့် ယင်းထက်နည်းသော အရစ်ကျ ငွေပေးချေမည်ဆိုလျှင် မှားစရာမရှိချေ။ အိမ်ခြံမြေနှင့် အလားတူပင် ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည်လည်း ယေဘုယျအားဖြင့် ကာလရှည်ကြာစွာ အကျိုးကျေးဇူးရှိစေမည် ဖြစ်သည်။ ကောလိပ်ပညာရေးရယူခဲသည့် လူငယ်တို့မှာ သူတို့ဘဝ၏ နောင်နှစ်ပေါင်း ၃၀ သို့မဟုတ် ၄၀ တိုင်အောင် ဝင်ငွေများများ ရှာဖွေနိုင်မည်ဟု မျှော်လင့်နိုင်ပါသည်။ ဝင်ငွေများများ ရှာဖွေနိုင်သဖြင့် ပညာရေးချေးငွေများကို ပြန်ပေးဆပ်လာနိုင်မည် ဖြစ်သည်။ ယင်းတို့အား ဝယ်ယူရာတွင် အသုံးပြုသည့် ချေးငွေများ ပြန်ဆပ်ပြီးသည့်တိုင်အောင် ကြာရှည်ခံ ပစ္စည်းဥစ္စာများထံမှ ဝင်ငွေများရရှိဆဲဖြစ်ပါက သို့မဟုတ် အဖိုးတန်ဝန်ဆောင်မှုတစ်ခု ရရှိနေဆဲဖြစ်ပါက ချေးငွေပေးဆပ်မှုများထဲက တစ်ချို့မှာ စုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုအသွင် ဆောင်လာပြီး အိမ်ထောင်စု၏ အသားတင်တန်ဖိုးကို မြှင့်တင်ပေးလိမ့်မည် ဖြစ်သည်။

အိမ်အများစုအတွက် သတိပေးလမ်းညွှန်မှာ ရှင်းရှင်းလေးပင် ဖြစ်သည်။ အိမ်၊ ကားနှင့် ပညာရေး အသုံးစရိတ်များမှ လွှဲ၍ မည်သည့်အရာအတွက်မျှ ငွေချေး၍ မဝယ်ပါနှင့်။ ထို့အပြင် အဆိုပါ အသုံးစရိတ်များအတွက် ချေးငှားထားလျှင်လည်း အသုံးဝင်သည့် သက်တမ်းမကုန်ခင် အကြွေးကျေအောင် ဆပ်ပါ။ ယခုပြောထားသည့် လမ်းညွှန်မှုကိုသာ လိုက်နာကျင့်သုံးမည်ဆိုလျှင် သင့်အနေဖြင့် ငွေကြေးအဆင်မပြေမှုများနှင့် သက်ဆိုင်တော့မည် မဟုတ်ပေ။

မြန်မာ စကားပုံ

“ခလုတ်ထိမှ အမိတ။”
– Stumble and fall, only then will mother be called.

မှတ်ချက်။