🛟 ပုံမှန်ငွေစုတတ်လာစေရန်၊ ငွေကြေးကို အကျိုးရှိစွာ သုံးစွဲတတ်လာစေရန် စာရင်းဇယားထား၍ တွက်ချက်သုံးစွဲပါ။

|

“Budget to provide the most value from your income.”

“ကော်ပါးဖီး၊ ငါနောက်တစ်ခုအကြံပေးချင်တာက နှစ်စဥ်ဝင်ငွေ ပေါင် ၂၀၊ နှစ်စဥ်အသုံးစရိတ် ၁၉.၆ ပေါင်၊ ရလဒ်က ပျော်ရွှင်ခြင်းပေါ့။ နှစ်စဥ်ဝင်ငွေ ပေါင် ၂၀၊ နှစ်စဥ်အသုံးစရိတ်က ၂၀.၆ ပေါင် ဆိုရင်တော့ ရလဒ်က စိတ်ပျက်ခြင်းပေါ့ကွာ။” လို့ မစ္စတာ မီကောဘာက ပြောလိုက်တယ်။ -ချားစ် ဒစ်ကင်စ်၊ ဒေဗစ် ကော်ပါဖီး (Chares Dickens, David Copperfield)

ယနေ့ခေတ် ငွေကြေး မပြေလည်ရခြင်း၏ အကြောင်းရင်းအများစုမှာ ငွေစုဆောင်းမှု အားနည်းခြင်း၊ အသုံးစရိတ် စီမံခန့်ခွဲမှု မရှိခြင်းနှင့် အခြားသော ဆင်ခြင်တုံ့တရား ကင်းမဲ့သည့် ငွေကြေး အလေ့အထများကြောင့် ဖြစ်သည်။ ငွေကြေး စုဆောင်းမှုနှင့် အသုံးစရိတ် စီမံမှုတို့မှာ ကြွယ်ဝချမ်းသာရေးအတွက် မဓာနကျသည်။ နိုင်ငံများနည်းတူ လူများစွာတို့မှာလည်း မိမိတို့ ရှာဖွေရသည် သို့မဟုတ် ထုတ်လုပ်နိုင်သည်ထက် လျော့၍ စားသုံးခြင်း၊ သုံးစွဲခြင်း၊ ပုံမှန်ငွေစုဆောင်းခြင်းဖြင့် ကြွယ်ဝချမ်းသာလာကြသည်။ စုဆောင်းခြင်းဖြင့်သာလျှင် လူတစ်ဦး သို့မဟုတ် နိုင်ငံတစ်ခုသည် ဓနဖြစ်ထွန်းစေမည့် အလုပ်များလုပ်ကိုင်ရန်အတွက် အရင်းအနှီး ရရှိလာကြသည်။ သို့သော် ကြွယ်ဝရေးမှာ အရင်းအနှီး စုဆောင်းရုံသက်သက်ဖြင့် မပြီးသေးပါ။ မဟာဗျူဟာလုပ်ငန်း အစီအစဥ်တစ်ခုလည်း ချမှတ်ထားရန် လိုအပ်ပါသည်။ ယင်းအစီအစဥ်က အသုံးစရိတ် လျာထားချက် ဖြစ်သည်။ အသုံးစရိတ်ရာထားပါက ဝင်ငွေ၏ အများစုကို ပုံမှန်စုဆောင်းလာနိုင်မည်ဖြစ်သလို ပါးပါးနပ်နပ်လည်း ငွေကြေးသုံးစွဲ လာနိုင်မည်ဖြစ်သည်။ မိမိကိုယ်ကို စိတ်အားထက်သန်အောင် လှုံ့ဆော်ခြင်း၊ ငွေရေးကြေးရေး ပန်းတိုင်များ ချမှတ်ခြင်း၊ အသုံးစရိတ် လျာထားချက်တစ်ခု ရေးဆွဲသတ်မှတ်ထားခြင်းနှင့် ယခုပင်လျှင် အစီအစဥ်းအား စတင် အကောင်ထည်ဖော်ခြင်း စသည့် ရိုးရှင်းလွယ်ကူသည့် အဆင့် ၄ ခုက မိမိတို့ အတွက် ငွေကြေး အောင်မြင်မှုကို ရရှိစေရန် အထောက်အကူ ပြုပါလိမ့်မည်။

အဆင့် ၁။ ။ မိမိတို့၏ သုံးစွဲမှုအလေ့အထကို ပြုပြင်ပြီး ကြွယ်ဝချမ်းသာလာဖို့အတွက် ငွေကြေးစုဆောင်းပါ။ ယခုပင်လျှင် စလုပ်လိုက်ပါ။ နေ့ရွှေ့ညရွှေ့လုပ်လျှင် ဘယ်သောအခါမှ စုဖြစ်လိမ့်မည် မဟုတ်ပေ။ ငွေများများရှာဖွေနိုင်သည့်အခါ ငွေကြေးစုဆောင်းရ ပိုမိုလွယ်သည်ဆိုသည့် ယုံကြည်မှုမျိုးဖြင့် မိမိကိုယ်မိမိ အရူးမလုပ်ပါနှင့်။ ဝင်ငွေများများ ရလာလေ ပိုစုဆောင်းနိုင်လေ ဆိုသည်မှာတော့ မှန်ပါသည်။ သို့သော် ဝင်ငွေများလာခြင်းသည်ပင်လျှင် သတ်မှတ်သုံးစွဲခြင်း၏ အကျိုးရလာဒ် ဖြစ်တတ်ပါသည်။ ငွေကြေးစုဆောင်းသည့် အလေ့အထ ကောင်းစွာရှိသူတို့သည် ယေဘုယျအားဖြင့် သူတို့၏ ဝင်ငွေရရှိမှု နည်းနေသေးသည့် အစောပိုင်းကာလများမှာပင် စတင် စုဆောင်းခဲ့ကြသည်။ စုဆောင်းငွေများအား သူတို့အတွက် အလုပ်လုပ်စေခဲ့ကြပြီး အတိုးပေါ်ဆင့်အတိုးများ (ဝါ) တိုးရင်းပေါင်းအတိုး၏ အစွမ်းသတ္တိကို ကောင်းကောင်း အသုံးချခဲ့ကြသည်။

အချိန်ဆွဲရသည်မှာ လွယ်ကူပါသည်။ သို့သော် ဝင်ငွေနည်းပါးသူများ အပါအဝင် လူတိုင်းနီးပါးသည် တနည်းမဟုတ် တနည်းဖြင့် ငွေကြေးကို မဟာဗျူဟာကျကျ (စနစ်တကျ) သုံးစွဲပြီး စုဆောင်းနိုင်ကြပါသည်။ မိမိ၏ အသုံးအစွဲများကို သတ်မှတ်ပေးသော၊ အရေးပေါ်ကိစ္စရပ်များအတွက် အရံရန်ပုံငွေများ ထားစေသေော၊ မိမိ၏ ငွေကြေးပန်းတိုင်း အမျိုးမျိုးတို့ကို ပြေလည်စေသော၊ ရင်းနှီးမြှုပ်နှံမှုအတွက် ငွေကြေးထည့်ဝင်လာသော အနေအထားသို့ ရောက်ရှိလာရန်အတွက် ငွေကြေးလျာထားချက် တစ်ခုဖြင့် သတ်မှတ်ပုံဖော်ပါ။ ကောင်းစွာစဥ်းစားချင့်ချိန်၍ စီမံထားသည့် ငွေကြေးလျာထားချက်တစ်ခုသည် ယနေ့အတွက် ငွေကြေးဖူလုံမှု အားကောင်းစေပြီး အနာဂတ်အတွက်လည်း ဓနဥစ္စာ စုဆောင်းမိစေအောင် အထောက်အပံ့ ဖြစ်စေနိုင်ပါသည်။ သင့်အနေဖြင့် လုပ်ဆောင်ရန် စိတ်အားထက်သန်လာပြီဆိုလျှင် ငွေကြေး ပန်းတိုင်များအကြောင်း ဆက်လက် ဆွေးနွေးကြပါစို့။

အဆင့် ၂။ ။ ပန်းတိုင်များ ချမှတ်ပါ။ မက်လုံးများမှာ အရေးပါပါသည်။ ထို့ကြောင့် မက်လုံးများအား မိမိအတွက် အလုပ်ဖြစ်အောင် လုပ်ပါစေ။ ငွေကြေးပန်းတိုင်များ ချမျတ်ပြီး ၎င်းတို့အား မိမိ၏ ငွေကြေးလျာထားချက်နှင့် ပေါင်းစပ်လိုက်ပါ။ ကာလတို၊ ကာလလတ်နှင့် ကာလရှည်ပန်းတိုင်များအဖြစ် ခွဲခြားသတ်မှတ်ထားပါ။ ကာလတို ပန်းတိုင်များသည် တစ်နှစ်အတွင်း ရရှိနိုင်၍ လက်ငင်းစိတ်ကျေနပ်မှု ရရှိစေပါမည်။ အချို့အကြွေးများကို အကျေဆပ်လိုက်တာမျိုး။ ကမ္ဘာ့အပေါ့ပါးဆုံးဆိုသည့် ခရီးဆောင်ကွန်ပျူတာကို ဝယ်သုံးတာမျိုး။ အိုမင်းမစွမ်းဖြစ်သည့် ကာလတွင် သုံးစွဲနိုင်ရန် ပိုမိုစုဆောင်းတာမျိုး။ အာမခံအတွက် ပိုက်ဆံသတ်သတ်ဖယ်ထားတာမျိုး။ သို့မဟုတ် တစ်စုံတစ်ဦးအတွက် လက်ဆောင်မွန်တစ်ခု ဝယ်ပေးတာမျိုး။ ကာလလတ် ပန်းတိုင်များကို ၁ နှစ် ၃ နှစ်အထိ ရှည်ကြာနိုင်သည်။ ကားသစ်တစ်စီး ငွေချေဝယ်ယူခြင်း၊ အိမ် သို့မဟုတ် ကွန်ဒိုတစ်လုံးအတွက် ၂၀ ရာခိုင်နှုန်း ငွေချေပေးဝယ်ခြင်း၊ အစုရှယ်ယာများကို ကောင်းမွန်စွာ ဖြန့်ကျက်ဝယ်ယူရန်အတွက် အချိန်ကာလတစ်ခုအထိ သီးခံ၍ ငွေစုဆောင်းရခြင်း တိုပါဝင်သည်။ နောက်ဆုံးအားဖြင့် ကောလိပ် ပညာရေးနှင့် အငြိမ်းစားယူရန်အတွက် ငွေစုဆောင်းခြင်း၊ အိမ်ကြွေးလက်ကျန်များကို အပြီးချေလိုက်၍ အိုးပိုင်အိမ်ပိုင် ဘဝသို့ ရောက်ရှိလာခြင်းတို့မှာ ကာလရှည် ပန်းတိုင်များ ဖြစ်ကြသည်။

အဆင့် ၃။ ။ လက်တွေ့လုပ်ဆောင်မည့် အစီအစဥ်တစ်ခု ချမှတ်လိုက်ပါ။ မိမိ၏ ငွေကြေးပန်းတိုင်များသို့ ရောက်ရှိရန်အတွက် အမှန်လိုအပ်ချက်နှင့် လျာထားချက် ပစ္စည်းစာရင်းများ အတွက် အသုံးစရိတ်ကို သတ်မှတ်ထားရှိပါ။ မိမိတို့သည် “လိုအပ်သည့်” ပစ္စည်းများအားလုံးကို ဝယ်ယူရန် အမြဲတွေးတော နေတတ်ကြသော်လည်း မိမိတို့ ဝယ်ရန်လိုအပ်သည်ထက် ပိုမိုဝယ်လေ့ရှိကြသည်။ အသုံးစရိတ် သတ်သတ်မှတ်မှတ် လျာထားခြင်းဖြင့် ငွေကြေးပန်းတိုင်များသို့ ရောက်ရှိအောင် ကြိုးစားစဥ်တွင် ငွေစုအစီအစဥ်တစ်ခုကိုလည်း စတင်နိုင်ပါလိမ့်မည်။ အနာဂတ်တွင် ရရှိလာမည့် မျှော်မှန်းဝင်ငွေပမာဏများကို ပြုစု၍ ဝင်ငွေ တစ်ဒေါ်လာရတိုင်း မည်သို့ခွဲဝေသုံးစွဲမည်ကို စီစဥ်ခြင်း (အသုံးစရိတ်လျာထားခြင်း)ဖြင့် မိမိတို့၏ လစဥ်ဝင်ငွေအား မည်သို့ အသုံးပြုနေသည်ကို စနစ်တကျ ဆန်းစစ်နိုင်ပါသည်။ မိမိတွင် ဝင်ငွေမည်မျှ ရှိသည်၊ မည်သို့ အကောင်းဆုံး အသုံးပြုနိုင်သည်ကို ရှင်းလင်းစွာ သိရှိပြီးနောက် အသုံးစရိတ်လျာထားချက်ဖြင့် လျှော့ချနိုင်သည့် သို့မဟုတ် လုံးဝဖြတ်တောက်နိုင်သည့် အသုံးစရိတ်များ သိရှိလာနိုင်မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ငွေစုဆောင်းခြင်းနှင့် ရင်းနှီးမြှပ်နှံခြင်းများတွင် ပိုမိုလုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများကို သတိပြုမိလာပါလိမ့်မည်။ မိမိ၏ လစဥ်အခြေအနေကို ဖော်ထုတ်ပါ။ ၎င်းတို့မှာ မည်မျှ ရှာဖွေသည်၊ မည်မျှသုံးစွဲသည်၊ မည်မျှစုဆောင်းသည်၊ အခွန်မည်မျှ ပေးဆောင်သည်၊ ပုံသေနှင့် ပြောင်းလဲနေသည့် အသုံးစရိတ်များ မည်မျှရှိသည် တို့ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရန် လွယ်ကူသလို အထောက်အကူ ပရိုဂရမ်များလည်း အများအပြားရှိပါသည်။

အဆင့် ၄။ ။ စတင်လုပ်ဆောင်လိုက်ပါ။ မိမိအတွက် ငွေကြေးပန်းတိုင်များဆီသို့ ရောက်ရှိအောင် ယခုပင်လျှင် ငွေစုဆောင်းမှုနှင့် ရင်းနှီးမြှပ်နှံမှု အစီအစဥ်များကို စတင်ဆောင်ရွက်လိုက်ပါ။ အရှည်ကိုမျှော်တွေး၍ စနစ်တကျ သုံးစွဲပြီး စုဆောင်းမှုကို စောစောစတင်နိုင်လေလေ အငြိမ်းစားယူချိန်တွင် ဓနဥစ္စာ ပိုမိုစုဆောင်းမိလေလေ ဖြစ်သည်။ သိပ်မမြင်သာသည့်အချက်မှာ စောစောစီးစီး စုဆောင်းခြင်းကြောင့် အငြိမ်းစားယူချိန်တွင် ဓနဥစ္စာ မည်မျှပို၍ စုဆောင်းမိမည် ဆိုသည့်အချက် ဖြစ်သည်။ ယနေ့စုဆောင်းလိုက်သည့် သို့မဟုတ် ရင်းနှီးမြှုပ်နှံလိုက်သည့် မပြောပလောက်သော ပမာဏသည်ပင်လျှင် အနာဂတ် ဓနအင်အားတွင် ကြီးမားသည့် ကွာခြားမှုကို ဖြစ်စေပါသည်။ အောက်ပါ ငွေစု အစီအစဥ်ကို စဥ်းစားကြည့်ပါ။

မိမိအသက် ၂၂ ပြည့်သည့်အချိန်တွင် တစ်ရက် ၂ ဒေါ်လာနှုန်းဖြင့် ၂ နှစ်တိုင်အောင် ပုံမှန်စုဆောင်းခြင်း စတင်ပါလေ။ ကော်ဖီ၊ ရေဘူး၊ မုန့်ပဲသရေစာ အတွက် သုံးစွဲသည့် ငွေလောက်ပင် များနိုင်မည် မဟုတ်ပေ။ ထို့နောက် အသက် ၂၄ နှစ်မှ အသက် ၂၆ နှစ်ပြည့်သည်အထိ တစ်ရက် ၃ ဒေါ်လာ စတင်စုဆောင်းပါ။ မူလထက် ၁ ဒေါ်လာမျှ ပိုမိုစုဆောင်းရခြင်းသာဖြစ်သလို ထိုအချိန်တွင်လည်း မိမိ၏ ဝင်ငွေမှာလည်း တိုးပြီး ဖြစ်နေမည်ဖြစ်ပါလိမ့်မည်။ အသက် ၂၆ နှင့် ၃၀ အကြားတွင် တစ်ရက် ၄ ဒေါ်လာအထိ တိုးမြှင့် စုဆောင်းလိုက်ပါ။ ယင်းငွေပမာဏကို နေ့စဥ်သုံးစွဲမှုထဲ အပါမခံဘဲ အတိုးရမည့် ငွေစုစာရင်းထဲ သီးသန့် ဖယ်ထားရသည့်အတွက် မိမိ၏ နေထိုင်မှုပုံစံအား ထိခိုက်သွားစေမည် မဟုတ်ပါ။ မိမိ အသက် ၃၀ ရောက်ချိန်တွင် ဒေါ်လာ ၉၄၉၀ စုဆောင်းမိပြီး အတိုးများပင် ရရှိလာမည် ဖြစ်သည်။ တစ်ရက်လျှင် ၂ ဒေါ်လာ၊ ၃ ဒေါ်လာ သို့မဟုတ် ၄ ဒေါ်လာမျှ စုဆောင်းခြင်းကပင်လျှင် အဆုံးသတ်တွင် အမှန်တကယ် များပြားလာစေပါသည်။

သို့သော် ထိုမျှမက အံ့သြစရာ ရှိနေပါသေးသည်။ အသက် ၆၇ အရွယ်ရောက်ချိန်တွင် စောစောစီးစီး စတင်စုဆောင်းခဲ့ပြီး လိမ္မာပါးနပ်စွာ ရင်းနှီးမြှုပ်နှံခဲ့လျှင် မိမိဓနဥစ္စာတွင် ၁၅၃၃၀၅ ဒေါ်လာ ထပ်တိုးလာမည် ဖြစ်ပြီး အဆိုပါ ငွေပမာဏမှာ ယနေ့ ဝယ််ယူနိုင်စွမ်းပင် ဖြစ်သည်။ သင့်အနေဖြင့် စတော့စျေးကွက်က ပြီးခဲ့သည့် ဆယ်စုနှစ် ၈ ခုနှစ်အတွင်း အကျိုးအမြတ်ပေးခဲ့သည်နှင့် ညီမျှသည့် နှုန်းထားတစ်ခုကိုသာ လက်ခံရယူရန်သာ ဖြစ်သည်။ အသက် ၃၀ မှစ၍ စုဆောင်းလာလျှင် တစ်ရက်ချင်း စုဆောင်းငွေများသည် အနားယူချိန် စုစုပေါင်း စုမိသည့် ငွေပမာဏ၏ မပြောပလောက်သည့် ရာခိုင်နှုန်းသာ ဖြစ်သည်။ အသက် ၃၀ တွင် စတင်စုဆောင်းသည် ဆိုခြင်းထက် အသက် ၃၀ တွင် ဆက်လက်စုဆောင်းနေသည်ကို သတိရနေစေချင်သည်။

နောင်အခါတွင် မိမိလိုအပ်သည့် အရာဝတ္ထုများအကြောင်း တွေးကြည့်သည့်အခါ တကယ်တမ်းတွင် အဲဒီလောက် အများကြီးရှိဖို့ မလိုအပ်ကြောင်း သတိချပ်ပါ။ ယနေ့ သုံးစွဲစရိတ်သည် မိမိ၏ အနာဂတ် ဓနဥစ္စာရှာဖွေစုဆောင်းမှုအတွက် ထိခိုက်စေကြောင်း သတိရပါ။ အနာဂတ်တွင် ချမ်းချမ်းသာသာ နေနိုင်ဖို့အတွက် မျက်မှောက်ကာလတွင် ချို့ချို့တဲ့တဲ့ နေထိုင်ရမည်ဟု မိမိတို့က အကြံပြုနေသည် မဟုတ်ပါ။ ထိုသို့ အကြံပြုလျှင်လည်း အဓိပ္ပါယ် မရှိချေ။ သို့သော် အသုံးစရိတ်လည်းလျော့ချပြီး ပိုမိုစုဆောင်းနိုင်အောင် ကြံဆောင်နိုင်သည့် နည်းလမ်းများစွာ ရှိပါသည်။ အသုံးစရိတ် သတ်မှတ်ထားရှိခြင်းနှင့် ငွေစုဆောင်းမှု အစီအစဥ်တစ်ခု ချမှတ်ခြင်းတို့သည် စိတ်ချမ်းသာမှုကို လက်ငင်းဖြစ်ပေါ်စေပြီး ငွေကြေးအပေါ် ထိန်းချုပ်နိုင်ပြီး လုံခြုံမှုရှိလာပြီးဟု ခံစားလာရပါလိမ့်မည်။ အနာဂတ်ကာလအတွက်လည်း ဓနဥစ္စာ စုဆောင်းဖြစ်စေပါသည်။ ဘယ်အချိန်စလုပ်မလဲဟု စောကြောလာပါက ယခုပင်လျှင် “စလုပ်လိုက်ပါ”။

အလွန်အကျွံသုံးစွဲခြင်း၊ မတန်တဆ အကြွေးတင်ခြင်းတို့ မဖြစ်အောင် မည်သို့ ရှောင်ရှားရမည်၊ မိမိရှာထားသည့် ဝင်ငွေအများစုအား ကိုယ့်လက်ထဲ ကျန်ခဲ့အောင် မည်သို့ စီမံရမည်၊ မဟာဗျူဟာကျကျ ရင်းနှီးမြှုပ်နှံရန်နှင့် ဉာဏ်နည်းသည့် ရင်းနှီးမြှုပ်နှံမှု အစီအစဥ်များတွင် မပါဝင်မိအောင် မည်သို့ လုပ်ဆောင်ရမည်ကို အသေးစိတ် လေ့လာထားသင့်ပါသည်။

မြန်မာ စကားပုံ

“မိုးရွာတုန်း ရေခံ။”
– Collect rain water when it rains.

မှတ်ချက်။