🐣 စွန့်ဦးတီထွင်ပါ။ စျေးကွက်စီးပွားရေးစနစ်တွင် တစ်ပါးသူတို့အား ကူညီခြင်းဖြင့်၊ ပိုကောင်းမွန်သည့် လုပ်နည်းလုပ်ဟန်များ ရှာဖွေတွေ့ရှိခြင်းဖြင့် အများထက် ရှေ့ရောက်လာကြသည်။

|

“Cultivate skills, attitudes, and entrepreneurship over your lifetime.”

စွန့်ဦးတီထွင်ခြင်းတွင် အရင်းအမြစ်များ မည်သို့အသုံးချမည်ကို ရွေးချယ်မှုများ ပါဝင်သည်။ ယင်းဝေါဟာရက စီးပွားရေးလုပ်ငန်းတွင် ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် ဆက်စပ်သော်လည်း တကယ့်အစစ်အမှန်တွင်မူ ကျွန်တော်တို့ အားလုံးက စွန့်ဦးတီထွင်သူများ ဖြစ်ကြသည်။ မိမိတို့သည်။ အသိပညာ၊ ကျွမ်းကျင်မှုနှင့် မိမိတို့ လက်ဝယ်ရှိသော အခြားအရင်းအမြစ်များအား ဖော်ထုတ်ရန်နှင့် အသုံးချရန် ဆုံးဖြတ်ချက်များ ပုံမှန်ပြုလုပ်နေရသည်။ မိမိတို့၏ ငွေကြေးအရ အောင်မြင်မှုမှာ အဆိုပါရွေးချယ်မှုများ၏ ရလဒ်များအဖြစ် ရောင်ပြန်ဟပ်နေသည်။ မိမိက ငွေကြေးအရအောင်မြင်လိုလျှင် စွန့်ဦးတီထွင်သမားကဲ့သို့ စဥ်းစားတွေးခေါ်ဖို့လိုသည်။ တစ်နည်းဆိုသော် အခြားသူတို့ တန်ဖိုးထားသော အရာများ ပံ့ပိုးပေးနိုင်ရန် မိမိ၏ ကိုယ်တိုင်အစွမ်းအစများ၊ ရှိသည့် အရင်းအမြစ်များကို ဖော်ထုတ်၊ အသုံးချမည် ဖြစ်သည်။ ပေးလိုက်ရသည့် ငွေနှင့် နှိုင်းယှဥ်ပါက အလွန်အဖိုးတန်သော ကုန်စည်နှင့် ဝန်ဆောင်မှုများကို အခြားသူများအား ပံ့ပိုင်းပေးခြင်းမှာ ငွေကြေးအောင်မြင်မှု၏ သော့ချက်ဖြစ်သည်။

မြေရာဖော်ထုတ်လုပ်ကိုင်သူ ရောဘတ်ဂျို၏ တွေးတောပုံကို စဥ်းစားကြည့်ပါ။ ဂျိုးက များပြားလှသည့် မြေရာများ ဝယ်ယူ၍ အကွက်ရိုက်သည်။ ထို့နောက် လမ်းများ၊ ရေဆိုးမြောင်းများ၊ ဂေါက်ကွင်းများ၊ ပန်းခြံများကို ဖြည့်စွက်တည်ဆောက်သည်။ မြေရာဝယ်ယူမှုနှင့် တည်ဆောက်ခဲ့သည့် အဆောက်အဦများ၊ အသုံးအဆောင်များ အားလုံး၏ ကုန်ကျစရိတ်ထက် ပိုသည့် စျေးနှုန်းဖြင့် အကွက်များကို ရောင်းချနိုင်လျှင် အမြတ်ရမည်ဖြစ်သည်။ ဂျုံးအနေဖြင့် အမြတ်ရရှိလျှင် သူ၏လုပ်ဆောင်ချက်များသည် အရင်းအမြစ်များကို တန်ဖိုးတက်စေသောကြောင့် ဖြစ်ပြီး ဝယ်ယူနေထိုင်သူများကိုလည်း အခြားအိမ်ရာများထက် ပိုမိုကောင်းမွန်သည့် အိမ်များ ရောင်းချပေးသောကြောင့် ဖြစ်သည်။ ဂျိုး၏ ငွေကြေးအောင်မြင်မှု သို့မဟုတ် ကျရှုံးမှုမှာ ရရှိနိုင်သည့် အရင်းအမြစ်များကို တန်ဖိုးမြှင့်တင်ပေးနိုင်သည့် သူ၏အစွမ်းအစပေါ် မူတည်နေသည်။

တစ်ခါတစ်ရံတွင် စွန့်ဦးတီထွင်လုပ်ကိုင်ခြင်းမှာ ဤမျှလောက် မရှုပ်ထွေးပါ။ ဥပမာ လျှပ်စစ်မြက်ရိတ်စက်တစ်ခု ဝယ်ယူပြီး အိမ်နီးချင်းများကို မြတ်ရိတ်အငှားလိုက်သည့် ၁၅ နှစ်သား ဟင်နရိသည်လည်း စွန့်ဦးတီထွင်သူ ဖြစ်သည်။ အချိန်နှင့် မြက်ရိတ်စက်တို့၏ အရင်းအမြစ်များ၏ တန်ဖိုးကို မြင့်တက်စေခြင်းဖြင့် သူသည် အမြတ်ရှာဖွေသူတစ်ဦး ဖြစ်သည်။ ရိုးရှင်းသော်လည်း စွန့်ဦးတီထွင်အောင်မြင်မှု သော့ချက်မှာ အတူတူပင် ဖြစ်သည်။ ဂျိုး၏ ဖြစ်ရပ်မှာကဲ့သို့ပင် ဟင်နရီ၏ အောင်မြင်မှုမှာလည်း အခြားသူများ အကျိုးရှိအောင် အရင်းအမြစ်များကို တန်ဖိုးရှိရှိ အသုံးချနိုင်သည့် သူ၏ အစွမ်းအစပေါ်တွင် မူတည်နေသည်။

အခြားသူများ တန်ဖိုးထားမည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ မည်သို့ထုတ်လုပ်နိုင်သည်နှင့် ပတ်သက်၍ ဦးနှောက်စွမ်းအားကို အလေးထားသူများသည် စျေးကွက်နေရာတွင် အကျိုးအမြတ်ကောင်းကောင်း ရရှိကြသည်။ ဝန်ထမ်းများစွာတို့သည် လက်ရှိအလုပ်ရှင်နှင့် အနာဂတ် အလုပ်ရှင်များအား တန်ဖိုးရှိသော ဝန်ဆောင်မှုများ မည်သို့ ပေးမည်ထက် အခကြေးငွေမည်မျှရမည်ကို တွေးတောအချိန်ကုန်တတ်ကြသည်။ ထိုနည်းတူစွာပင် လုပ်ငန်းရှင်များစွာတို့ကလည်း သူတို့၏ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုုများ၏ တန်ဖိုး၊ အသုံးဝင်မှုကို ကုန်ကျစရိတ်ထက် သာလွန်အောင် မည်သို့လုပ်ဆောင်ရမည်ကို အလေးထားသည်ထက် အသေးစိတ် စီမံခန့်ခွဲရေးတွင်သာ အာရုံစိုက်တတ်ကြသည်။ ငွေကြေးပိုင်း အောင်မြင်မှု ရသည်ဆိုသည်မှာ မိမိ၏ ဝန်ဆောင်မှုများကို အခြားသူများအတွက် ပို၍ပို၍ တန်ဖိုးရှိအောင် ကြိုးပမ်းခြင်းသာလျှင် ဖြစ်သည်။ အဆိုပါအချက်အား သဘောပေါက်၍ အလေးထားလုပ်ဆောင်သည့် ဝန်ထမ်းများနှင့် အလုပ်ရှင်များသာ အောင်မြင်ပေါက်မြောက်နိုင်ခြေ ပိုများပါသည်။

အခြားသူများထံ ရောင်းချမည့် သင့်ဝန်ဆောင်မှုများ တန်ဖိုးတက်အောင် မည်သို့ လုပ်ဆောင်ရမည်ကို စတင် တွေးကြည့်သည့်အခါ သင်၏ အောင်မြင်ပေါက်မြောက်နိုင်စွမ်းကို လျှော့မတွက်မိပါစေနှင့်။ စွန့်ဦးတီထွင်မှု အစွမ်းအစသည် မထင်မှတ်သည့် နေရာများတွင် မကြာခဏ တွေ့ရတတ်သည်။ အဖျော်ရည်စက်ရောင်းသူ လူလတ်ပိုင်းအရွယ် ရေးခရော့ (Ray Kroc) က အမည်တစ်မျိုးတည်းဖြင့် ကိုယ်စားလှယ်ဆိုင်ခွဲများဖွင်လှစ်ခြင်းလုပ်ငန်း ကို အသွင်သစ်ဖြင့် ကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဘန်နာဒီးနို (San Bernardino) မြို့တွင် မက်ဒေါ်နယ် စားသောက်ဆိုင်တစ်ဆိုင်မှ အစပြု၍ ကမ္ဘာ့အကြီးဆုံး အသင့်အစားအစာ ဆိုင်ခွဲများစွာ ဖွင့်လှစ်နိုင်ခဲ့လိမ့်မည်ဟု မည်သူမှ ထင်မထားနိုင်ပေ။ ၁၉၇၀ နှစ်တွင် နိုင်ငံ၏ အဆင်းရဲ့ဆုံးပြည်နယ်များအနက် တစ်ခုတွင် စတိုးဆိုင် အသေးလေးတစ်ဆိုင်ကို ဖွင့်လှစ်လုပ်ကိုင်ခဲ့သူ ဆမ်ဝေါလ်တန် (Sam Walton) က ၁၉၉၀ ပြည့်နှစ်များတွင် အမေရိကား၌ အကြီးဆုံးလက်လီရောင်းချသူ ဖြစ်လာလိမ့်မည်ဟု မည်သူက ခန့်မှန်းခဲ့ပါမလဲ။ သူ၏ အချိုးမပြေ၊ ရမ်းကားသည့် အပြုအမူကြောင့် ဘရောင်းတက္ကသိုလ်မှ ကျောင်းထုတ်ခံရသူ အတ္တလန်တာရှိ ကြော်ငြာဆိုင်းဘုတ်ထောင်သည့်လုပ်ငန်း ပိုင်ရှင် တက်တာနာ (Ted Turner) ကမ္ဘာ့အကြီးဆုံး သတင်းမီဒီယာဖြစ်သော စီအန်အန်(CNN) ကို တည်ထောင်လုပ်ကိုင်နိုင်လိမ့်မည်ဟု မည်သူထင်ခဲ့ပါ့မလဲ။

အဆိုပါ ပုဂ္ဂိုလ်များမှာ ထင်ရှားသည့် သာဓကများ ဖြစ်ပါသည်။ သို့သော် အဆိုပါပုံစံအတိုင်းပင် သာဓကများစွာ ရှိပါသည်။ အောင်မြင်သည့် လုပ်ငန်းခေါင်းဆောင်များနှင့် အတတ်ပညာရှင် ခေါင်းဆောင်များသည် သူတို့အောင်မြင်နေသည့် နယ်ပယ်များနှင့် ဘာမှမဆက်စပ်သည့် နောက်ခံအမျိုးမျိုးမှ ဆင်းသက်လာကြသူများ ဖြစ်တတ်ကြသည်။ သို့သော် သူတို့တွင် တူညီချက်တစ်ခုတော့ ရှိသည်။ သူတို့သည် ပိုမိုကောင်းမွန်သော လုပ်နည်းလုပ်ဟန်များကို ရှာဖွေရာတွင် ထက်မြက်ကြပြီး အခြားသူများ သတိမမူမိသော အခွင့်အလမ်းများကို ဆုပ်ကိုင်၍ အရင်းအမြစ်များ၏ တန်ဖိုးကို မြှင့်တင်နိုင်ကြသူများ ဖြစ်သည်။

စွန့်ဦးတီထွင်သူအများစုမှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ကြသူများ ဖြစ်သည်။ ၎င်းတို့မှာ အမေရိကန် သန်းကြွယ်သူဌေးများအဖြစ် မြောက်များစွာ တွေ့ရသည်။ စာရင်းအင်းအရ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ကြသူမှာ လုပ်သား အင်အားစု၏ ၅ ပုံ ၁ ပုံအောက်သာရှိသော်လည်း သန်းကြွယ်သူဌေးအားလုံး ၃ ပုံ ၂ ပုံ ဖြစ်နေကြသည်။ ကိုယ်ပိုင်လုပ်ငန်းဖြင့် ကြွယ်ဝလာသော သန်းကြွယ်သူဌေးများမှာ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ဖြစ်လာကြသည်။

စွန့်ဦးတီထွင် ကိုယ်ပိုင်လုပ်ငန်းရှင်များ၏ ငွေကြေးအောင်မြင်လာရခြင်း အဓိကအချက် ၄ ခု ရှိသည်။

ပထမဆုံးနှင့် အရေးကြီးဆုံးမှာ သူတို့အောင်မြင်မှုသည် စွန့်ဦးတီထွင်သည့် ကိုယ်စွမ်းကိုယ်စကို ထင်ဟပ်နေသည်။ ဆန်းသစ်သည့် ထုတ်ကုန်သစ်များ၊ စရိတ်နည်းနည်းဖြင့် ထုတ်လုပ်ရေးနည်းစနစ်များနှင့် အခြားသူများ ကျော်ကြည့်သွားတတ်သော အကျိုးအမြတ်ရှာဖွေနိုင်သည့် အခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်နိုင်စွမ်း ရှိသူများ ဖြစ်ကြသည်။

ဒုတိယအချက်မှာ ကိုယ်ပိုင်လုပ်ကိုင်ခြင်းသည် အခစား လုပ်ကိုင်ခြင်းထက် စွန့်စားရမှုပိုများပြီး ပိုမိုစွန့်စားရခြင်းနှင့်အတူ အကျိုးအမြတ်လည်း အချိန်ကြာလာသည်နှင့်အမျှ ပိုများလာပါသည်။ ကိုယ်ပိုင်လုပ်ကိုင်ခြင်းအတွက် ဝင်ငွေအတည်အကျနှင့် တည်တည်ငြိမ်ငြိမ်ရရန်တော့ အာမခံချက်တော့မရှိပါ။ သို့သော် ကိုယ်ပိုင်လုပ်ကိုင်ရာတွင် စွန့်စားရမှု ပိုများသည်နှင့်အတူ မြင့်မှန်းနိုင်သည့် ပျမ်းမျှဝင်ငွေများ (expected incomes)မှာ ပိုများခြင်းနှင့် ဥစ္စာ ပိုမိုကြွယ်ဝခြင်း တို့ကို ခေါ်ဆောင်သွားနိုင်ပါသည်။ ပိုစွန့်စားရသော ကိုယ်ပိုင်အလုပ်မှ ပျမ်းမျှဝင်ငွေသည် စွန့်စားရမှုနည်းသော ဝန်ထမ်းအဖြစ် အမှုထမ်းခြင်းထက် ဘာမျှမကွာဘူးဆိုလျှင် လူတို့သည် စွန့်စားရသည့်အလုပ်ကို စွန့်လွှတ်ပြီး တည်ငြိမ်သော အခွင့်အလမ်းများ နောက်သို့သာ ပြောင်းရွှေ့လုပ်ကိုင်ကြမည် ဖြစ်သည်။ ထို့ကြောင့် စွန့်စားရသည့် လုပ်ငန်း၏ ဝင်ငွေသည် များပြီး စွန့်စားရမှု နည်းသည့် လုပ်ငန်း၏ ဝင်ငွေသည် နည်းရခြင်း ဖြစ်သည်။

တတိယအချက်မှာ မြင့်မားသည့် ငွေစုဆောင်းမှုနှုန်းသည် စွန့်ဦးတီထွင် လုပ်ငန်းရှင်တို့၏ ဓနကို ဖြည့်စွက်ပေးပြန်သည်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်များသည် အစပိုင်းတွင် လုပ်ငန်းမှ ဝင်ငွေရရှိမှုအလွန်နည်းပါးတတ်သောကြောင့် လုပ်ငန်းအခြေတည်သည်အထိ ရင်းနှီးမြှပ်နှံမှုကို တိုး၍ တိုး၍ ထည့်ဝင်ကြရသည်။ လုပ်ငန်းတစ်ခု အသားကျအောင်မြင်လာသည့် တိုင်အောင် ပိုင်ရှင်သည် အမြတ်ငွေများကို လုပ်ငန်းတိုးတက်ရေးနှင့် တိုးချဲ့ရေးတွင် ဆက်လက်ထည့်ဝင်တတ်ကြသည်။

စတုတ္ထအချက်မှာ လုပ်ငန်းရှင်များသည် ပုံမှန်အားဖြင့် နာရီများစွာ အလုပ်လုပ်တတ်ကြသည်။ ကိုယ်ပိုင် လုပ်ကိုင်သည့် စွန့်ဦးတီထွင်သူများအတွက် တစ်ပတ်အလုပ်လုပ်ချိန် နာရီ ၄၀ သည် နားနားနေနေလုပ်ကိုင်ရခြင်းကဲ့သို့ ရရှိနိုင်သည်။ ယင်းသို့ နာရီများစွာ လုပ်ကိုင်ခြင်းကြောင့်လည်း သူတို့၏ ဝင်ငွေနှင့် ဓနဥစ္စာမှာ တိုးပွားလာခြင်းဖြစ်သည်။ ဝန်ထမ်းများကလည်း စွန့်ဦးတီထွင် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတို့အတွက် မြင့်မားသည့်ဝင်ငွေနှင့် ဥစ္စာဓနကို တိုးစေသည့် အချက်များကို အတုယူနိုင်ပါသည်။

ဝန်ထမ်းများအနေဖြင့် သူတို့၏ စုဆောင်းငွေများကို စတော့များတွင် ထည့်ဝင်မြှုပ်နှံပြီး စွန့်စား၍ လုပ်ငန်းလည်ပတ်လုပ်ကိုင်သည်နှင့် အလားတူသောကြောင့် ပျမ်းမျှဝင်ငွေအကျိုးအမြတ်ထက် မြင့်နေမည် ဖြစ်သည်။ သူတို့၌ ဆန္ဒသာရှိမည်ဆိုလျှင် များများစုဆောင်းပြီး နာရီများစွာ အလုပ်လုပ်ကိုင်ခြင်းဖြင့် ဝင်ငွေပိုများလာပြီး ဓနဥစ္စာလည်း ပိုမိုစုဆောင်းလာနိုင်မည် ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ ဝန်ထမ်းများအနေဖြင့် “စွန့်ဦးတီထင်သူများကဲ့သို့ တွေးတော်” မည်ဆိုလျှင် အကျိုးရှိပေလိမ့်မည်။ စွန့်ဦးလုပ်ငန်းရှင်များ၏ ဝင်ငွေများသည် စားသုံးသူများအား စိတ်ကျေနပ်မှု ပေးနိုင်စွမ်းတွင် မူတည်သည်ဖြစ်ရာ ဝန်ထမ်းများ၏ ဝင်ငွေသည်လည်း လက်ရှိအလုပ်ရှင်နှင့် အနာဂတ်အလုပ်ရှင်များအတွက် မိမိက မည်မျှတန်ဖိုးရှိသလဲ အပေါ်တွင် မူတည်ပါသည်။ ဝန်ထမ်းများအနေဖြင့် မြင့်မားသည့် ဝင်ငွေများ ရရှိခံစားလိုလျှင် အလုပ်ရှင်များက တန်ဖိုးထားသည့် အလုပ်ရှင်များအတွက် အသုံးဝင်သော အစွမ်းအစများ၊ ကျွမ်းကျင်မှုများနှင့် အလေ့အထကောင်းများ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားရန် လိုပါသည်။

ပညာရေး၊ လေ့ကျင့်သင်ကြားရေးနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်း စွန့်ဦးတီထွင်သူများကဲ့သို့ စဥ်းစားတွေးခေါ်ရန် အထူးအရေးကြီးပါသည်။ မိမိအနေဖြင့် အခြားသူများ တန်ဖိုးထားသော ဝန်ဆောင်မှုများပေးနိုင်မည့် အသိပညာနှင့် ကျွမ်းကျင်မှုများ တိုးပွားလာအောင် မလေ့လာ၊ မဆည်းပူးလျှင် ပညာသင်ကြားခြင်းမှ ဝင်ငွေရှာဖွေနိုင်မှုအပေါ် မည်သို့မျှ အကျိုးသက်ရောက်လိမ့်မည် မဟုတ်ပေ။ ပညာရပ်များတွင် အရေးစွမ်းရည်၊ ဆက်ဆံရေးစွမ်းရည်၊ အခြေခံအတွက်အချက်နှင့် လူအများကြားတွင် မိမိအား ကွဲပြားပေါ်လွင်စေပြီး စွမ်းဆောင်ရည် တက်စေမည့် အခြားသော စွမ်းရည်များလည်း ပါဝင်ပါသည်။ မိမိအား အခြားသူများ တန်ဖိုးထားစေမည့် ကျွမ်းကျင်မှုများ၊ စွမ်းရည်များ သင်ယူခြင်းသည် အထက်တန်းနှင့် ကောလိပ်ပညာရေးတို့၏ အဓိကသော့ချက် ဖြစ်သည်။ ဒီဂရီလက်မှတ်သက်သက်သည် လစာကောင်းသော အလုပ်ရရန်အတွက် ဝင်ခွင့်လက်မှတ် ဖြစ်သည်ဟု ယုံကြည်ကြသည့် ကောလိပ်ကျောင်းသားများသည် အလုပ်စျေးကွက်သို့ ဝင်ရောက်လုပ်ကိုင်သည့်အခါ မကြာခဏဆိုသလိုပင် စာသေချာမလုပ်ခဲ့လေခြင်းဆိုသည့် အသိကို ခါးသီးစွာ တွေ့ကြုံခံစားရတတ်ကြသည်။ စျေးကွက်စီးပွားရေးစနစ်တွင် လုပ်ငန်းရှင်များဖြစ်စေ၊ ဝန်ထမ်းများဖြစ်စေ ပိုကောင်းသည့် လုပ်နည်း လုပ်ဟန်များကို ရှာဖွေဖော်ထုတ်ပြီး အခြားသူများအား ကူညီပေးခြင်းဖြင့် အများထက် ပို၍ ရှေ့ရောက်လာကြသည်။ မိမိအနေဖြင့် ဝင်ငွေများများရလိုလျှင် မိမိ၏ စွမ်းရည်များကို အခြားသူများအတွက် များများအကျိုးပြုနိုင်ရန် ကြိုးပမ်းရမည် ဖြစ်သည်။

မြန်မာ စကားပုံ

“ကြသန်းခေါင်ထက် ညဉ့်မနက်။”
– The night cannot be darker than the midnight hours.

မှတ်ချက်။