🐛 မိမိ၏ အားသာချက်ကို ရှာပါ။

|

“Discover your comparative advantage.”

ကုန်သွယ်ရေးလွတ်လပ်မှုက နိုင်ငံများအကြား ကုန်ပစ္စည်းများ ပိုမိုထွက်ရှိစေပြီး၊ လူနေမှု အဆင့်အတန်း ပိုမိုမြင့်မားလာစေသည်ကို ရှင်းပြရန်အတွက် နှိုင်းယှဥ်အားသာချက် နိယာမကို အသုံးချလေ့ရှိကြသည်။ နိုင်ငံ နှစ်နိုင်ငံအနက် နိုင်ငံတစ်ခုက အစစအရာရာကို အကောင်းဆုံး၊ စျေးအချိုဆုံး ထုတ်လုပ်နိုင်သည့်တိုင် ယင်းနိုင်ငံနှစ်နိုင်ငံအကြား ကုန်သွယ်လျှင်ပင် နှစ်ဘက်အကျိုးရှိနိုင်ပါသည်။ နှိုင်းယှဥ်အားသာချက် နိယာမက နိုင်ငံများအတွက်သာမက တစ်ဦးချင်း ဥစ္စဓနရှာဖွေရေး အတွက်လည်း အရေးပါသည်။ ယင်းနှိုင်းယှဥ်အားသာချက်ရှိသည် ကိစ္စရပ်များတွင် အထူးပြုလုပ်ကိုင်ခြင်းဖြင့် သင့်အနေဖြင့် ဟိုစပ်စပ်ဒီစပ်စပ်လုပ်နေခြင်းထက် ဝင်ငွေပိုရှာနိုင်ပေလိမ့်မည်။ ယင်းကျွမ်းကျင်အလုပ်တွင်ပင် သင့်အနေဖြင့် စင်းလုံးချော ကောင်းချင်မှ ကောင်းပေလိမ့်မည်။ အရေးကြီးသည်မှာ အခြားသူတို့ထက် ပိုကောင်းအောင် လုပ်နိုင်ဖို့ပင် ဖြစ်သည်။

နိုင်ငံများကဲ့သို့ပင် လူပုဂ္ဂိုလ်တစ်ဦးချင်းတို့အနေဖြင့်လည်း အထူးပြုလုပ်ကိုင်ကြသည့်အခါ၊ သူတို့ အကောင်းဆုံးလုပ်နိုင်သည့်အရာများတွင်သာ အားစိုက်လုပ်ကိုင်ကြသည့်အခါ ဝင်ငွေအဆင့်မြင့်မားလာမည် ဖြစ်သည်။ အသိသာဆုံး သာဓကကို ပြရလျှင် သင်သည် မည်သည့်အလုပ်မဆို လူတိုင်းထက် သာလွန်အောင် လုပ်နိုင်သည်ဆိုပါစို့။ ယင်းအလုပ်အားလုံးတွင် သင့်အချိန်များကို သုံးစွဲသင့်ပါမည်လား။ အခြားဥပမာတစ်ခုပြရလျှင် တစ်စုံတစ်ဦးသည် အလုပ်တိုင်းတွင် အခြားသူတိုင်းထက် ညံ့ဖျင်းနေနိုင်သည်။ ထို့ကြောင့် ဘာလုပ်လုပ်မကောင်းနိုင်သည့် ထိုပုဂ္ဂိုလ်အနေဖြင့် မည်သည့်အရာတွင်မှ အထူးပြုလုပ်ကိုင်၍ အကျိုးမရှိနိုင်တော့ပြီးလား။ မေးခွန်း ၂ ခုလုံးအား ယင်းသို့ ဖြေထားလျှင် မှားပေလိမ့်မည်။ သင်က မည်မျှပင် ကိုယ်စွမ်းကိုယ်စရှိသည် ဖြစ်စေ၊ သင်သည် အခြား လုပ်ငန်းနယ်ပယ်များမှာထက် နယ်ပယ်အချို့တွင်သာ ပိုကောင်းအောင် ကုန်ထုတ်လုပ်နိုင်စွမ်းရှိမည်။ အလားတူပင် သင်က ကုန်ထုတ်နိုင်စွမ်း မည်မျှပင်ညံ့ဖျင်းနေစေကာမှု သင်က တစ်စုံတစ်ရာတွင် နှိုင်းယှက်အားသာချက်ရှိဆဲ ဖြစ်သည်။ သင့်အနေဖြင့် နှိုင်းယှဥ်အားသာချက်တွင် အထူးပြုလုပ်ကိုင်ခြင်းဖြင့် အချို့အရာများတွင် အောင်အောင်မြင်မြင် ယှဥ်ပြိုင်နိုင်မည်ဖြစ်ပြီး အကျိုးရှိနိုင်သည်။

တစ်နည်းအားဖြင့် မိမိအားသာချက် ဘာဆိုသည်ကို ဆုံးဖြတ်သည်မှာ အကြွင်းမဲ့စွမ်းရည်များ မဟုတ်ဘဲ မိမိအားသာသည့် စွမ်းရည်များသာ ဖြစ်သည်။ ဥပမာ အောပရာဝင်းဖရေးသည် ကမ္ဘာ့အတော်ဆုံး စကားပြောပွဲတင်ဆက်သူနှင့် ထုတ်လုပ်သူများအနက် တစ်ယောက်ဖြစ်သည်သာမဟုတ်၊ ကမ္ဘာ့ အကောင်းဆုံး ဖျော်ဖြေရေးလုပ်ငန်း အကျိုးဆောင်ဆက်သွယ်ပေးသူ တစ်ဦးလည် ဖြစ်သည်။ ဖျော်ဖြေရေးလုပ်ငန်းအတွက် မှန်ကန်သည့် အဆက်အသွယ် ရှာပေးရာတွင် အော်ပရာလောက် မည်သူကများ ပိုတော်မည်နည်း။ ဆက်သွယ်လာသူများအား မိမိအရည်အချင်းများ တိုးတက်လာအောင် မည်သူက အများဆုံးလုပ်ပေးနိုင်သနည်း၊ မိမိအပေါ် မြင်မြင်ချင်း အထင်ကြီးလောက်အောင် မည်သို့ လုပ်ဆောင်ရမည်ကို သူမက ပြောပြနိုင်ပါသည်။

သို့သော် အော်ပရာဝင်းဖရေးသည် စကားပြော တင်ဆက်ပွဲများတွင် တင်ဆက်ခြင်း၊ အခြားမီဒီယာပွဲများ စီစဥ်ထုတ်လုပ်ခြင်းတွင်သာ သူမ အားသာသည့် အကျိုးအမြတ်ရယူခဲ့ပြီး ဖျော်ဖြေရေးလုပ်ငန်း အကျိုးဆောင်အဖြစ် မလုပ်ဆောင်ခဲ့ချေ။ သူမကသာ ဖျော်ဖြေရေးလုပ်ငန်း အကျိုးဆောင်ဖြစ်ဖို့ဆိုလျှင် ဖျော်ဖြေရေးလုပ်ငန်း တင်ဆက်ခြင်း၊ ထုတ်လုပ်ခြင်းတွင် ပေးဆပ်ခဲ့ရသည်ထက် ပိုမိုပေးဆပ်ရဖို့ ရှိသည်။ ၎င်းအတွက် အခွင့်အလမ်း ကုန်ကျမှုက ဖျော်ဖြေရေးလုပ်ငန်းတင်ဆက်ထုတ်လုပ်သူအဖြစ် ပေးရသည့် အခွင့်အလမ်း ကုန်ကျမှုထက် ပိုမိုနေပေမည်။ အလားတူ ဖျော်ဖြေရေးလုပ်ငန်း အကျိုးဆောင်များ အဖြစ် လုပ်ကိုင်နေကြသူအများစုကလည်း သူတို့ လုပ်ငန်းတွင် အော်ပရာလောက်များစွာ ပိုတော်ချင်မှ တော်ပေမည်။

သို့သော် သူတို့ကျွမ်းကျင်မှုများက စကားပြောပွဲ တင်ဆက်သူ၊ ထုတ်လုပ်သူများ အဖြစ်ထက် အကျိုးဆောင်များအဖြစ် များစွာ ပိုသာလွန်သည်ဖြစ်ရာ အကျိုးဆောင်များ အဖြစ် လုပ်ကိုင်ခြင်းက ပေးဆပ်ရမှု နည်းပါးပြီး အစီအစဥ်တင်ဆက်သူ၊ ထုတ်လုပ်သူများအဖြစ် လုပ်ကိုင်ပါက ပေးဆပ်မှု များပေမည်။ ထို့ကြောင့် သူတို့၏ အားသာချက်သည် အကျိုးဆောင်များ အဖြစ် လုပ်ကိုင်ခြင်းတွင် ရှိနေသည်။ အခြားသူများ တန်ဖိုးထားသည့် အရာတစ်ခုတွင် အမှန်တကယ် စွမ်းဆောင်နိုင်သူဖြစ်ပါက ပိုမိုအကျိုးရှိပါသည်။ ဤအချက်ကြောင့် အော်ပရာကဲ့သို့သော လူများသည် ငွေများစွာ ရရှိပြီး အော်ပရာ ကိုယ်တိုင်က အမေရိကန် ပြည်ထောင်စုတွင် အချမ်းသာဆုံး အမျိုးသမီးတစ်ဦးများအနက် တစ်ဦး ဖြစ်ရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ ဖို့မဂ္ဂဇင်း၏ နှစ်စဥ် အချမ်းသာဆုံးအမေရိကန် ၄၀၀ စာရင်းတွင် သူမက ထိပ်ဆုံးအဆင့်တွင် ပုံမှန် ရှိနေပါသည်။ မည်သည့်နေရာမှ အဖြစ်မရှိသူတစ်ဦးပင် အဖြစ်မရှိဆုံးများထဲမှ အဖြစ်အရှိဆုံးအရာတွင် အထူးပြုလုပ်ကိုင်ပြီး မတူညီသည့် ကျွမ်းကျင်မှုများရှိသော အခြားသူများနှင့် ရောင်းဝယ်ဖောက်ကားခြင်းဖြင့် အခြေအနေ ပိုကောင်းလာပါလိမ့်မည်။

အချို့သူများက သူတို့ထက် ငွေပိုရှာနိုင်သူများနှင့် ကုန်သွယ်လျှင် အကျိုးဆုတ်ယုတ်မည်ဟု ခံစားမိကြသည်။ သို့သော် ကုန်သွယ်ရေးဆိုသည်မှာ နှစ်ဦးနှစ်ဘက် အကျိုးရှိစေတတ်သည်ကို သတိချပ်သင့်ပေသည်။ ယေဘုယျအားဖြင့် ပိုမိုအောင်မြင်ပြီး ချမ်းသာသည့် သူများနှင့် မိမိက ကုန်သွယ်မှု ပြုနိုင်လျှင် (မိမိထက်တော်သူ တစ်ဦးအတွက် အလုပ်လုပ်ပေးလျှင်) မိမိ၏ ဝန်ဆောင်မှုသည် မအောင်မြင်သူ၊ မချမ်းသာသူများနှင့် ကုန်သွယ်ရသည်ထက် ပို၍ အကျိုးခံစားရပါသည်။ မိမိတို့ကသာ ဖျော်ဖြေရေးလုပ်ငန်းအကျိုးဆောင်များသာဆိုလျှင် အခြားမီဒီယာစတားများ အတွက်ထက် အော်ပရာအတွက် ပိုမိုလုပ်ကိုင်ပေးမည် ဖြစ်သည်။ အဘယ်ကြောင့်ဟူမှု ငွေကြေး ပိုမိုရရှိရန် သေချာသောကြောင့် ဖြစ်သည်။

သင့်အနေဖြင့် အဆိုးဆုံးလုပ်နိုင်သည်မှာ သင်သည် မိမိကိုယ်ပိုင်အစွမ်းအစဖြင့် ချမ်းသာကြွယ်ဝလာအောင် လုပ်နိုင်စွမ်းမရှိဟု သင့်ကိုယ်သင် ခံယူထားရန် သို့မဟုတ် အခြားသူများ၏ နှိမ့်ချသည်ကို ခံယူရန်သာ ဖြစ်သည်။ အချို့လူများက အခြားသူများထက် နိမ့်ကျစွာဖြင့် စတင်ရုန်းကန်ကြရသည်။ သို့သော်ငြားလည်း မည်သည့်အကြောင်းကြောင့် အားနည်းသည်ဖြစ်စေ၊ လိမ္မာပါးနပ်စွာဖြင့် အားထုတ်မှုပြုလျှင် ငွေကြေးအရ အတိုင်းထက်အလွန် အဆင်ပြေလာကြသည်။ သင့်အနေဖြင့် အသက်မွေးဝမ်းကြောင်းအလုပ် ပီပြင်လာအောင် ကြိုးပမ်း၍ ကိုယ်ပိုင်အရည်အချင်းများကို အကောင်းဆုံးမြေတောင်မြှောက်၍ စျေးကွက်တောင်းဆိုချက်နှင့်သာ လိုက်လျောညီထွေ ဆောင်ရွက်နေမည်ဆိုလျှင် သင့်ရည်မှန်းချက်ပန်းတိုင်များမှာ အောင်မြင်ပေါက်မြောက်လာပါမည်။ မည်သူကမျှ သင်၏ ပုဂ္ဂိုလ်ရေးအောင်မြင်မှုကို သင့်လောက် စိတ်ဝင်စားမည် မဟုတ်ချေ။ ထို့ပြင် မည်သူကမျှ သင့်အကျိုးစီးပွား၊ သင့်ကျွမ်းကျင်မှု ပန်းတိုင်များနှင့် ပတ်သက်၍ သိနိုင်မည် မဟုတ်ချေ။

ကုန်ကျစရိတ်များကို အနည်းဆုံးသာ ထားရှိရမည်ဟု မိမိတို့အနေဖြင့် သိမှတ်ထားကြသည်။ သို့ရာတွင် သတိပြုရန်မှာ ကုန်ကျစရိတ်သည် မိမိတို့ရွေးချယ်လိုက်သည့် အရာအတွက် တန်ဖိုး အများဆုံးရှိသော အခွင့်အလမ်းကို စွန့်လွှတ်လိုက်ခြင်းပင် ဖြစ်သည်။ သို့ဖြစ်ရာ မိမိတွင် အခြားသော စွဲမက်ဖွယ်ကောင်းသည့် ရွေးချယ်စရာများရှိလေလေ မိမိရွေးလိုက်သည့်အရာသည် ပိုမိုကုန်ကျလေလေ (တန်ဖိုးများလေ) ဖြစ်သည်။ ထို့အပြင် မိမိ၏ ကျွမ်းကျင်မှု အရည်အသွေးများ မြင့်တက်လာလေလေ အခွင့်အလမ်းများမှာ ပို၍ များပြားလာလေဖြစ်ပြီး ရွေးချယ်မှုတိုင်းမှာ ပိုမို ကုန်ကျလာလေဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် မိမိတွင် ရွေးချယ်စရာကောင်းများ သိပ်မရှိသည့်အခါ စွန့်လွှတ်ရမည့် တန်ဖိုး၊ ကုန်ကျစရိတ်လည်း လျှော့နည်းမည်ဖြစ်သည်။ ဥပမာပေးရလျှင် စာအုပ်တစ်အုပ်ဖတ်ခြင်းအတွက် ကုန်ကျမည့် စရိတ်ကို လျော့ချနိုင်မည့်အထိရောက်ဆုံး နည်းလမ်းတစ်ခုမှာ ထောင်ကျခံခြင်းဖြစ်သည်။ ထိုအခါ သင့်အနေဖြင့် ထောင်နံရံများကို ကြည့်နေသည်ထက် စာအုပ်ဖတ်ခြင်းသည်သာ တစ်ခုတည်းသော အခွင့်အလမ်းကောင်းဖြစ်လာလိမ့်မည်။ သို့သော် ထိုသို့ လုပ်ဆောင်ခြင်းသည် အကြံကောင်းတစ်ခု မဟုတ်ပေ။ အခြားနှစ်လိုဖွယ်ကောင်းသော အရာများကို လုပ်နိုင်မည့် အခွင့်အလမ်းများကို ဖယ်ထုတ်ပြီး တစ်ခုခုလုပ်ဆောင်မည့် ကုန်ကျစရိတ်ကို သက်သာအောင်လုပ်ခြင်းသာ ဖြစ်သည်။ သင့်အနေဖြင့် အကျိုးပိုရှိလိုလျှင် အခွင့်အလမ်းများကို လျော့ချရမည်မဟုတ်ပဲ အခွင့်အလမ်းများ တိုးပွားအောင်သာ ကြိုးစားရမည် ဖြစ်သည်။

လူကြီးဘဝတွင် မက်လောက်စရာကောင်းသည့် အခွင့်အလမ်းများ ပိုင်ဆိုင်ခွင့်ရရန်အတွက် လူငယ်များကို ပညာကောင်းကောင်းသင်ကြားရန် အားပေးတတ်ကြသည်။ သို့သော် ယင်းသို့အားပေးခြင်းမှာ လူငယ်များ၏ ရွေးချယ်မှုအားလုံးကို ကုန်ကျစရိတ်များလာစေရန် အားပေးသည်နှင့် အလားသဏ္ဍာန်တူပါသည်။ ပညာကောင်းကောင်းတတ်လျှင် သင်၏ ထုတ်လုပ်မှုစွမ်းအားကို မြင့်မားစေပြီး၊ အလုပ်ရှင်များကလည်း လိုလိုလားလား လစာပေးလိုကြသည်။ ပညာတတ်ခြင်းသည် ဝင်ငွေတိုးစေရုံမျှသာမက အခြားမက်လောက်စရာကောင်းသည့် အရာများကိုလည်း ငြင်းဆန်ရလိမ့်မည် ဖြစ်သည်။ ကောင်းမွန်သော ပညာရေးပိုင်ဆိုင်လျှင် အပျော်အလုပ်များဖြစ်သော တေးဂီတနားထောင်ခြင်း၊ ဂန္ထဝင်စာကြီးပေကြီးများ ဖတ်ရှုခြင်း၊ ကမ္ဘာ့ပေါ်ရှိ သဘာဝအံ့ဖွယ် အလှအပများကို ခံစားခြင်းတို့တွင်လည်း ပို၍တန်ဖိုးထားတတ်လာပါသည်။ ပညာတတ်၍ ဘဝအဓိပ္ပါယ်ကို ပိုရှိလာသလို အားလပ်ရက်လှုပ်ရှားမှုများအကြာ ရွေးချယ်ရာတွင်လည်း စွန်လွှတ်ရမည့် တန်ဖိုးများမှာ ပိုကြီးလာပါသည်။

အသက်မွေးဝမ်းကျောင်း ကိစ္စရပ်တွင် ကောင်းမွန်သော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မိမိအနေဖြင့် အကောင်းဆုံးလုပ်သည့် အရာများကို ဖော်ထုတ်ခြင်းသက်သက်မဟုတ်ပေ။ မိမိ၏ စိတ်အားထက်သန်မှုမှာ မည်သည့်အရာတွေဖြစ်သည် ဆိုသည်ကို သိဖို့ လွန်စွာအရေးကြီးပါသည်။ မိမိအနေဖြင့် အကောင်းဆုံးလည်း လုပ်နိုင်ပြီး စိတ်ကျေနပ်မှုကိုလည်း ပေးနိုသည့် အရာများကို ဖော်ထုတ်ရပါမည်။ မိမိအနေဖြင့် အရေးပါသည်ဟု ထင်သော အရာများကို လုပ်ကိုင်ဆောင်ရွက်ရ၍ စိတ်ပျော်ရွှင်မှုရရှိလျှင် ထပ်ကာထပ်ကာ ကြိုးစားဆောင်ရွက်လိုပေလိမ့်မည်။ ထို့ကြောင့် စွမ်းရည်ပြည့်ဝမှုနှင့် စိတ်အားထက်သန်မှုတို့သည် အတူဒွန်တွဲနေတတ်ကြသည်။ ထို့အပြင် ဓနဥစ္စ အစစ်အမှန် ပိုင်ဆိုင်သည်ဆိုရာဝယ် ပုဂ္ဂလိက စိတ်ကျေနပ်မှုပင် ဖြစ်သည်။ ဥပမာ - ဤစာရေးသားသော စာရေးဆရာများ (ဘောဂဗေဒ ပညာရှင်များ) သည် ဘောဂဗေဒ ပညာရပ်ဆိုင်ရာ မေးခွန်းများ၏ အဖြေများကို ရှာဖွေခြင်း၊ အခြားသူများ ပိုမိုနားလည်သဘောပေါက်လာစေရန်အလို့ငှာ အထောက်ကူပြုဖြစ်စေမည့် နည်းလမ်းများကို ရှာဖွေးခြင်းဆို့ လုပ်ဆောင်ရသည်ကို ပျော်မွေ့ကြသည်။ နာရီများစွာကြာအောင် ကြိုးပမ်းရသော်လည်း ထိုအချိန်များသည် ကျေနပ်နှစ်သက်ဖွယ်ရာကောင်းသော အချိန်များဟု မှတ်ယူကြသည်။ ကျွန်ုပ်တို့လုပ်ဆောင်မှုများသည် လူတိုင်းအတွက်မဟုတ်ပေ။ သို့သော် ကျွန်ုပ်တို့အတွက်မှု ထိုအရာများသည် ကျွန်ုပ်တို့စိတ်ဝင်စား၍ ပြုလုပ်သည့်အရာများမှ ထွက်ပေါ်လာသော ပျော်ရွှင်မှုများဖြစ်သည်။

မြန်မာ စကားပုံ

“ကြိုးစားက ဘုရားဖြစ်။”
– Strive and become a Buddha.

မှတ်ချက်။