💶 ကိုယ်ပိုင်ငွေကြေးအား လက်တွေ့ကျကျ စီမံခန့်ခွဲခြင်း သော့ချက် ၁၂ ချက်

|

၁။ မိမိ၏ အားသာချက်ကို ရှာပါ။

၂။ စွန့်ဦးတီထွင်ပါ။ စျေးကွက်စီးပွားရေးစနစ်တွင် တစ်ပါးသူတို့အား ကူညီခြင်းဖြင့် ပိုကောင်းမွန်သည့် လုပ်နည်းလုပ်ဟန်များ ရှာဖွေတွေ့ရှိခြင်းဖြင့် အများထက် ရှေ့ရောက်လာကြသည်။

၃။ ပုံမှန်ငွေစုတတ်လာစေရန်၊ ငွေကြေးကို အကျိုးရှိစွာ သုံးစွဲတတ်လာစေရန် စာရင်းဇယားထား၍ တွက်ချက်သုံးစွဲပါ။

၄။ မည်သည့်အရာအတွက်မျှ ယင်းအသုံးဝင်မည့် သက်တမ်းထက် ငွေကြေးပိုမိုသုံးစွဲခြင်း မပြုပါနှင့်။

၅။ မိမိပိုက်ဆံများကို ပိုမိုအကျိုးရှိအောင် သုံးစွဲနည်း ၂ မျိုး - အကြွေးဝယ်ကဒ်ဖြင့် အကြွေးဝယ်ခြင်း ရှောင်ကြဥ်ရန်နှင့် အသုံးပြုပြီး ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်း။

၆။ “အရေးပေါ်ကိစ္စရပ်များအတွက်” စုဆောင်းမှု လစဥ် ပုံမှန်ပြုလုပ်ပါ။

၇။ အတိုးပေါ် ဆင့်အတိုး (ဝါ) နှစ်ထပ်တိုး ရသည့်နည်းကို ကောင်းကောင်းကြီး အသုံးပြုပါ။

၈။ ကြက်ဥအားလုံးကို ခြင်းတစ်ခြင်းထဲ အကုန်မထည့်ပါနှင့်၊ ဖြန့်ကျက်ခွဲထည့်ပါ။

၉။ ညွှန်းကိန်းဖြင့် ပြသော စုပေါင်းရင်နှီးမြှပ်နှံမှု ရန်ပုံငွေများသည် စွန့်စားမှုများများစားစား ယူစရာမလိုပဲ​ကျွမ်းကျင်သူများထက် ပိုကောင်းအောင် ရွေးချယ်ဝယ်ယူနိုင်သည်။

၁၀။ ကာလရှည် ရည်မှန်းချက်များအတွက် စတော့ရှယ်ယာများတွင် ရင်းနှီးမြှပ်နှံပါ။ ငွေကြေး လိုအပ်ချက်ရှိလာသည့်အခါ ချေးငွေစာချုပ် အချိုးအစားတိုးမြှင့်ပါ။

၁၁။ ဆုံးရှုံးနိုင်ခြေမရှိ သို့မဟုတ် မဆိုစလောက်သာရှိပြီး အမြတ်အစွန်း မက်လောက်အောင် ရရှိနိုင်သည်ဆိုသည် ရင်းနှီးမြှပ်နှံမှု အစီအစဥ်များအား သတိပြုပါ။

၁၂။ မိမိ၏ကလေးများအား ငွေရှာပုံရှာနည်းနှင့် ရှာပြီးငွေအား အကျိုးရှိရှိ သုံးစွဲတတ်အောင် သင်ကြားပေးပါ။

အမေရိကန်နှင့် ကမ္ဘာ့တလွှားမှ မျိုးဆက်ဟောင်းများနှင့် ယှဥ်လျှင် ယနေ့ခေတ်အမေရိကန်တို့မှာ ဝင်ငွေများ အဆမတန် မြင့်မားနေကြသည်။ သို့တိုင်အောင် များစွာသော အမေရိကန်တို့မှာ (အများစုပင် ဖြစ်နိုင်ပါသည်) ငွေရေးကြေရေး ပူပင်စွာ နေထိုင်ကြရသည်။ မည်သို့ ဖြစ်ရပါသလဲ။ အဖြေကား ငွေကြေးအရ ပူပန်စွာနေထိုင်ကြရသည်မှာ မိမိတို့ရှာဖွေသည့် ဝင်ငွေထက် သုံးစွဲမှုပိုင်းတွင် ကောင်းမွန်သော ရွေးခြယ်မှုများ မပြုမိခြင်း၏ အဓိက ရလာဒ်ဖြစ်သည်။

မိမိငွေကြေးများကို မစီမံနိုင်လျှင် ငွေကြေးက မိမိအပေါ် စီးပိုးသွားပါလိမ့်မည်။ အမေရိကန်တွေးခေါ်ပညာရှင်ကြီးဖြစ်သည့် (ဘေ့စ်ဘောသမား အကျော်အမော်လည်းဟုတ်သည့်) ယိုဂီဘဲရာ ထောက်ပြခဲ့သလို ကျွန်တော်တို့တွင် တစ်ဦးချင်းအနေဖြင့် အစီအစဥ်တစ်ခုစီ ရှိရန် လိုအပ်ပါသည်။ အစဥ်အစဥ်သာမရှိလျှင် ကျွန်တော်တို့သည် မိမိတို့ မလိုလားသည့် နေရာတစ်ခုတွင် ဘဝနိဂုံးချုပ်သွား ပေလိမ့်မည်။ အထက်ဖော်ပြပါ အချက် ၁၂ ချက်တို့မှာ လက်တွေ့ကျသည့် အစီအစဥ်တစ်ခုအတွက် အသက်သွေးကြောပင် ဖြစ်သည်။ ယင်းအချက်တို့မှာ ကျွမ်းကျင်ပညာရှင်တို့အတွက် မဟုတ်ဘဲ သာမန်လူများ နာလည်စေရန်အတွက်သာ ရည်ရွယ်ထားခြင်း ဖြစ်သည်။ လက်တွေ့စတင်ကျင့်သုံးနိုင်သည့် အကြံပြုချက်များကိုသာ အသားပေးဖော်ပြပေးထားသည်။ စာဖတ်သူ၏ အသက်အရွယ်၊ ဝင်ငွေအဆင့်အတန်း သို့မဟုတ် ကျန်းမာရေးအခြေအနေ မည်သို့ရှိသည်ဖြစ်စေ ပိုမိုကောင်းမွန်သည့် ငွေကြေးဆုံးဖြတ်ချက်များ ချမှတ်လာနိုင်ရန် အထောက်အကူ ဖြစ်စေပါလိမ့်မည်။

ရင်းနှီးမြှပ်နှံမှုနှင့် ပုဂ္ဂလိကငွေကြေးကိစ္စရပ်များသည် မကြာခဏဆိုသလိုပင် ဘောဂဗေဒ လောကနှင့် လုံးဝကွဲထွက်နေသည်ဟု ထင်ရတတ်ပါသည်။ သို့သော် ထိုသို့ ကွဲထွက်နေသည် မဟုတ်ပါ။ နှိုင်းယှဥ်အားသာချက် နိယာမအရ မိမိသည်တစ်ဦးချင်းအနေဖြင့် မိမိကျွမ်းကျင်သော အရာများကို အထူးပြုလုပ်ကိုင်ဆောင်ရွက်ခြင်းသည် တိုင်းပြည်များ အထူးပြု လုပ်ကိုင်ကြသကဲ့သို့ အကျိုးကျေးဇူးရှိပါသည်။ အလားတူစွာ အချိန်နှင့်အမျှ ငွေကြေးချမ်းသာလာအောင် ကြိုးစားရာတွင် စွန့်ဦးတီထွင်မှု၊ ငွေကြေးဆိုင်ရာတာဝန်ခံမှု၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် စီစဥ်ထားမှု၊ ရင်းနှီးမြှပ်နှံမှု (အထူးသဖြင့် လူသားရင်းမြစ်တွင် ရင်းနှီးမြှပ်နှံမှု) များသည် တစ်ဦးတစ်ယောက်ချင်းအတွက် အလွန်အဖိုးတန်ရုံမျှမက နိုင်ငံများအတွက် အရေးကြီးသည်။

စာဖတ်သူအား ဝေါလ်စထရိတ် အရည်ကြိုသောက်ထားသူတစ်ဦး သို့မဟုတ် သန်းကြွယ်သူဌေးတစ်ဦး ချက်ချင်းဖြစ်လာစေရန် လုပ်ပေးနေခြင်းမဟုတ်ပါ။ ဤနေရာတွင် တင်ပြထားသည့် အကြံပြုချက်မှာ ငွေရေးကြေးရေး အခြေခံများ ဖြစ်ပါသည်။ အချို့အချက်များက သိလွယ်နိုင်ပါသည်။ အခြားအချက်များမှာ မိမိမသိပါလားဟု အံ့အားသင့်နိုင်ပါသည်။ သို့သော် အချက်အားလုံးတို့က ယုတ္တိဗေဒနှင့် အတွေ့အကြုံများကို အခြေခံထားပြီး အချို့ကိစ္စရပ်များတွင် ကိန်းဂဏန်း ဥပမာများဖြင့် ပုံဖော်ပြထားသည်။ ဥပမာများမှာ လုံးဝပြည့်စုံနေမည်မဟုတ်သလို သင့်အတွက် အကောင်းဆုံး ငွေကြေးအစီအစဥ်တစ်ခုလည်း မဖြစ်နိုင်ပါ။ များသောအားဖြင့် ဘက်စုံပြည့်စုံမှုကို ရှာဖွေခြင်းမှာ အပြုသဘောလုပ်ရပ်၏ ရန်သူပင် ဖြစ်စေပါသည်။ လူများစွာတို့က ခိုင်မာသည့် ငွေကြေးအစီအစဥ်တစ်ခု ဖော်ဆောင်ရန် အချိန် သို့မဟုတ် ကျွမ်းကျင််မှုမျိုး ရှိသည်ဟု မထင်တတ်ကြချေ။ ရလဒ်အားဖြင့် သူတို့သည် အတော်အသင့် ကောင်းမွန်ပြီး ငွေကြေးဒုက္ခရောက်ခြင်းမှ ရှောင်ကြဥ်နိုင်မည့် လက်တွေ့ကျပြီး လွယ်ကူသည့် လမ်းညွှန်ချက်များ မကျင့်သုံးဖြစ်ကြတော့ချေ။

ငွေရေးကြေးရေးဆုံးဖြတ်ချက်များ ပိုမိုကောင်းမွန်စွာ ချမှတ်လာနိုင်ရေးနှင့် အရင်းအမြစ်များမှ အကောင်းဆုံး အကျိုးရှိအောင် အသုံးချရေး နည်းလမ်းများကို အကြံမပြုခင် မိမိတို့အနေဖြင့် ငွေကြေးနှင့် ဥစ္စဓနတို့၏ အရေးပါပုံနှင့် ပတ်သက်၍ အတွေးအမြင်များ မျှဝလိုပါသည်။ ပဏာမအနေဖြင့် ပြောရလျှင် ကောင်းမွန်ပျော်ရွှင်သည့် ဘဝဆိုသည်မှာ ငွေကြေးရှာဖွေရုံသက်သက် မဟုတ်ပေ။ ပျော်ရွှင်မှုရဖို့ဆိုလျှင် သာယာသည့် အိမ်ထောင်ရေး၊ မိသားစု၊ မိတ်ဆွေများ၊ ကျေနပ်မှုရှိသည့် အလုပ်၊ ဘာသာရေး ယုံကြည်မှု၊ နှစ်သက်မြတ်နိုးသော ဝါသနာများကဲ့သို့ ငွေကြေးမဟုတ်သည့် ပစ္စည်းဥစ္စာများက ငွေကြေးထက် များစွာအရေးကြီးပါသည်။ ထို့ကြောင့် ငွေကြေးနှင့် ဥစ္စာဓနကိုသာ တစ်စိုက်မတ်မတ် ခေါင်းထဲထည့်ထားမည်ဆိုလျှင် ဘယ်လိုမျှ အဓိပ္ပါယ်မရှိချေ။

သို့သော် တစ်ချိန်တည်းမှာပင် ဥစ္စာဓန ပိုရလိုသည့် ဆန္ဒရှိသည်မှာ ဘာပြဿနာမျှ မဟုတ်ချေ။ ယင်းဆန္ဒမှာ ပုဂ္ဂလိကကောင်းစားရေးတွင်သာ စိတ်အားသန်ကူသူများကြားတွင်သာ ရှိသည်မဟုတ်ပေ။ ဥပမာ မာသာထရီဇာသည် ဆင်းရဲသားများကို ပိုမိုကူညီပေးနိုင်ရန်အတွက် ဥစ္စာဓနများ ပိုမိုပိုင်ဆိုင်လိုကောင်း လိုချင်ခဲ့လိမ့်မည်။ လူများစွာ ဘာသာရေး၊ ယဥ်ကျေးမှုနှင့် ပရဟိတ အဖွဲ့အစည်းများကို ပိုမိုလှူဒါန်းနိုင်ဖို့ ချမ်းသာကြွယ်ဝ လိုချင်ကြတာလဲ ဖြစ်မည်။ မိမိတို့၏ ဘဝရည်မှန်းချက်များ မည့်သိုဖြစ်စေ၊ ဥစ္စာဓန ပိုပြည့်စုံလျှင် မိမိရည်မှန်းချက်များ ဖော်ဆောင်ရန် ပိုမိုလွယ်ကူသွားပါသည်။ ထို့ကြောင့် ကျွန်တော်တို့ အားလုံးတွင် ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်များ ပိုမိုကောင်းမွန်လာရန် ကြိုးစားရန် ဆွဲဆောင်မှု ရှိနေပါသည်။

မြန်မာ စကားပုံ

“ချွေတာစုဆောင်း သူဌေးလောင်း။”
– Skimp, save and live a modest life to become rich.

မှတ်ချက်။