🫶 စျေးကွက်ပေါက်စျေးများ၏ “မမြင်ရသောလက်များ”သည် ရောင်းသူ၊ ဝယ်သူများအား အများကောင်းကျိုးကို ဖြစ်ပေါ်စေသည့် လုပ်ဆောင်ချက်များဆီသို့ တည့်မတ်ပေးသည်။

|

လူတိုင်းက သူ့တွင်ရှိသော အရင်းအနှီးဖြင့် အကျိုးအရှိဆုံးဖြစ်သည့် အလုပ်ကို အစဥ်တစိုက် ရှာဖွေလုပ်ကိုင်လေ့ရှိကြပါသည်။ ဒါက သူရဲ့ ကိုယ်ပိုင်အကျိုးစီးပွားအတွက်ပါ။ သူအလုပ်လုပ်ပေးနေတဲ့ လူ့အဖွဲ့အစည်း အကျိုးရှိဖို့အတွက် မဟုတ်ပါဘူး။ သို့ပေမယ့် သူ့ကိုယ်ကျိုးစီးပွားကို သဘာဝအလျောက် သို့မဟုတ် မလွှဲမရှောင်သာ ရှာဖွေလုပ်ကိုင်နေခြင်းသည်ပင် လူ့အဖွဲ့အစည်းအတွက် အကျိုးအရှိဆုံး လုပ်ကိုင်မှုဆီကို ဦးတည်စေပါတယ်။ … အကြောင်းကတော့ ကိုယ်ကျိုးစီးပွားရှာဖွေမှုအား မမြင်ရသောလက်က တည့်မတ်ပေးသဖြင့် ပုဂ္ဂလိကရည်ရွယ်ချက်တွင် မပါဝင်တဲ့ အခြားသော အကျိုးရလဒ်များကို ဖြစ်ပေါ်စေပါတယ်။ - အဒမ်စမစ် (၁၇၇၆)

ကိုယ်ကျိုးစီးပွားရှာမှုသည် အားကောင်းသည့် လှုံ့ဆော်ရေးအရာ ဖြစ်သည်။ အဒမ်စမစ် ဖော်ပြထားသကဲ့သို့ ပုဂ္ဂလိကပိုင်ဆိုင်မှု တွင် အခြေခံသည့် စီးပွားရေးစနစ်၏ အရေးကြီးသည့် အချက်တစ်ချက်မှာ ကိုယ်ကျိုးစီးပွားရှာသူများသည် မိမိလူမှုပတ်ဝန်းကျင် သို့မဟုတ် နိုင်ငံတစ်နိုင်ငံလုံး၏ ကြွယ်ဝမှုအထိပါ ဖြစ်ပေါ်စေမည် ဖြစ်သည်။ တစ်ဦးချင်းက သူ့ကိုယ်ပိုင်အကျိုးစီးပွားကိုသာ ရှေ့ရှုသော်လည်း စျေးကွက်ပေါက်စျေးဆိုသော မမြင်ရသည့် လက်သည် အခြားသူများ၏ ရည်မှန်းချက်များကိုပါ ပြီးမြောက်စေခြင်းဖြင့် ပိုမိုကြွယ်ဝမှုကို ဖြစ်စေသည်။

“မမြင်ရသောလက်”၏ အခြေခံမူအား နားလည်းသဘောပေါက်ရန် လူများစွာအတွက် ခက်ခဲပါသည်။ ဗဟိုဦးစီးသည့် အစီအမံဖြင့် လူ့အဖွဲ့အစည်း၏ အစီအစဥ်တကျ ဖြစ်မှုကို သဘာဝအားဖြင့် ဆက်စပ်နားလည် လေ့ရှိကြပါသည်။ တဖတ်တွင် တစ်ဦးချင်းစီ၏ ကိုယ်ကျိုးရှာသည့် လုပ်ဆောင်ချက်များသည် ဗဟိုဦးစီးမှုမပါပဲနှင့် လိုအပ်ချက်များကို ပြေလည်စေပြီး အစီအစဥ်တကျရှိသည့် လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ပေးသည်ဟု အဒမ်စမစ်က ရပ်တည်ပြောဆိုပါသည်။

ပုဂ္ဂလိက ပိုင်ဆိုင်မှုနှင့် လွတ်လပ်စွာ ဖလှယ်ခွင့် ရှိသည့်အခါ ကိုယ်ကျိုးစီးပွားရှာသည့် တစ်ဦးချင်းတို့၏ လုပ်ဆောင်ချက်များကို စျေးကွက်တွင် ဖြစ်ပေါ်ပြောင်းလဲနေသော စျေးနှုန်းများက ညှိနှိုင်းဆောင်ရွက်ပေးသောကြောင့် အဆိုပါ အစီအစဥ်ကျသည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်လာရခြင်း ဖြစ်သည််။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတစ်ခု၏ စျေးကွက်ပေါက်စျေး ကိန်းဂဏန်းအချက်အလက်သည် ရောင်းသူ၊ ဝယ်သူများအား ပြုမှုဆောက်ရွက်ချက်များအား အခြားသော ရောင်းသူ၊ ဝယ်သူများ၏ လုပ်ရပ်များ၊ ကြိုက်နှစ်သက်မှုများနှင့် ဟန်ချက်ညီညီ အလိုက်သင့် ပြောင်းလဲစေသည်။ သန်းပေါင်းများစွာသော စားသုံးသူများ၊ ထုတ်လုပ်သူများနှင့် အရင်းအမြစ် ထုတ်လုပ်ပံ့ပိုးသူများ၏ ရွေးခြယ်မှုများကို စျေးကွက် စျေးနှုန်းများက ပြဌာန်းသည်။ ယင်းစျေးနှုန်းများက စားသုံးသူ ကြိုက်နှစ်သက်မှုများ၊ ကုန်ကျစရိတ်များ၊ အချိန်၊ နေရာနှင့် အခြေအနေများကို ဗဟိုမှ အစီအစဥ်ချမှတ်သည့် အာဏာပိုင်တို့ထက် ကောင်းစွာ ဖော်ပြနိုင်စွမ်းရှိသည်။

မိမိအရပ်ဒေသရှိ စူပါမားကက်များတွင် နို့၊ ပေါင်မုန့်၊ ဟင်းသီးဟင်းရွက်နှင့် အခြားသော ပိုသိုးပျက်စီးနိုင်သည့် ကုန်စည်များအား လုံလောက်သည့် ပမာဏအနေအထားသာတင်ကြသည်မှာ မည်ကဲ့သို့ စီစဥ်ကြသည်ကို တွေးကြည့်ဖူးပါသလား။ မိမိဒေသစျေးကွက်တွင်ရရှိနိုင်သော ကမ္ဘာအနှံ့အပြားမှ ထုတ်လုပ်သော ရေခဲသေတ္တာများ၊ မော်တော်ကားများ၊ စီဒီဖွင့်စက်များသည်လည်း စားသုံးသူများ အလိုရှိသည့် ပမာဏမျှသာ တွေ့ရသည်မှာ အဘယ့်ကြောင့်ပါနည်း။ စျေးကွက်ပေါက်စျေးများ၏ မမြင်ရသောလက်က အဖြေထုတ်ပေးနိုင်ပါသည်။ ကိုယ်ကျိုးစီးပွားရှာကြသည့် ပုဂ္ဂိုလ်တစ်ဦးချင်းတို့သည် စျေးနှုန်းအချက်ပြမှုများမှတဆင့် ပူးပေါင်းဆောင်ရွက်ပြီး သူတို့၏ ထုတ်လုပ်မှုဆိုင်ရာ ပမာဏကို ထိန်းညှိပေးပါသည်။

ကုန်စည်တစ်ခု၏ စျေးကွက်ပေါက်စျေး ညွှန်းကိန်းမျှဖြင့် ရောင်းသူ၊ ဝယ်သူများအား သူတို့လိုချင်သည့်အတိုင်း ဆုံးဖြတ်ချက်ချရန် ကူညီပေးသည့် သတင်းအချက်အလက်များစွာကို တပြိုင်နက်တည်းပေးပို့နိုင်စွမ်းရှိသဖြင့် ၁၉၇၄ခုနှစ်၏ ဘောဂဗေဒ နိုဘယ်လ်ဆုရှင် ဖရက်ဒရစ်ဟိုက်ရက်က စျေးကွက်စနစ်ကို “အံဖွယ်စနစ်” ဟု ခေါ်ဆိုခဲ့သည်။ ထုတ်ကုန်တစ်ခု၏ စျေးကွက်ပေါက်စျေးသည် တစ်ဦးနှင့်တစ်ဦး ဘာလုပ်နေမှန်းပင်မသိကြသော ကမ္ဘာတစ်လွှားမှ လူပုဂ္ဂိုလ်များစွာတို့၏ ချမှတ်လိုက်သည့် ဆုံးဖြတ်ချက် ထောင်ပေါင်းများစွာ၊ သန်းပေါင်းများစွာကို ဖော်ညွှန်းနေသည်။ စျေးကွက်သည် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအသီးသီးအတွက် သတင်းအချက်အလက်များစွာကို ပါဝင်ပတ်သက်သူများအကြား ချိတ်ဆက်ဖော်ထုတ်ပေးနေသည့် ကြီးမားသည့် ကွန်ပျူတာကွန်ယက်ကြီးသဖွယ် လုပ်ဆောင်နေသည်။ စျေးကွက်ပေါက်စျေးညွှန်းကိန်းများသည် ထုတ်လုပ်ရောင်းချ၊ ဝယ်ယူသုံးစွဲသူများအကြား မက်လုံးများ ဖြစ်စေသည်။

စျေးကွက်မှ ပေါင်းစည်းညှိနှိုင်းပေးသကဲ့သို့ (စျေးကွက်အလုပ်လုပ်သကဲ့သို့) တစ်ဦးချင်း သို့မဟုတ် ဗဟိုဦးစီးမှုအာဏာပိုင်တို့သည် အမျိုးမျိုးသော ကုန်စည်နှင့် ဝန်ဆောင်မှုများစွာကို သန်းပေါင်းများစွာသော စားသုံးသူနှင့်ထုတ်လုပ်သူများအကြား လိုအပ်သည့်သတင်းအချက်အလက်အားလုံးကို ရရှိနိုင်မည် သို့မဟုတ် စဥ်းစားနိုင်မယ်မဟုတ်ပေ။ သို့သော် စျေးကွက်ပေါက်စျေးများသည် လိုအပ်သည့် သတင်းအချက်အလက်ကို သန့်ထုတ်ပေးထားသည့် သတင်းအဖြစ်ပေးပို့ပါသည်။ ယင်းစျေးနှုန်းများက ထုတ်လုပ်သူများနှင့် သွင်းအားစုပံ့ပိုသူများအား စားသုံးသူများ တန်ဖိုးအထားဆုံး အရာများကို (ကုန်ကျစရိတ်နှင့် ချိန်ထိုး၍) ထုတ်လုပ်ရန် တည့်မတ်ပေးမည်ဖြစ်သည်။ စားသုံးသူများက ကုန်စည်များကို ထုတ်လုပ်စရိတ်ထက် ပိုမိုပေးလိုသည့်အခါ အကျိုးအမြတ်ရှာသော ထုတ်လုပ်သူများအနေဖြင့် ထုတ်လုပ်ရောင်းချနေမည်ဖြစ်ရာ မည်သူကမျှ လယ်သမားများအား ပန်းသီးတိုးမြှင့်စိုက်ပျိုးရန် သို့မဟုတ် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုအား အိမ်းများ ဆောက်လုပ်ရန် သို့မဟုတ် ပရိဘောဂ ထုတ်လုပ်သူအား ကုလားထိုင်များထုတ်လုပ်ရန် ပြောနေစရာလိုမည်မဟုတ်ပေ။

ထိုနည်းတူစွာ စရိတ်နည်းသည့် ထုတ်လုပ်မှုနည်းစနစ်များ ရှာဖွေအသုံးချရန် ထုတ်လုပ်သူများကို မည်သူတစ်ဦးတစ်ယောက်မျှ သတိပေးရန် လိုအပ်မည်မဟုတ်ပေ။ စျေးကွက်ပေါက်စျေးများ၏ မမြင်ရသောလက်က အရင်းအမြစ်များကို အကောင်းဆုံး ပေါင်းစပ်သုံးစွဲရန်နှင့် တွက်ခြေအကိုက်ဆုံး ထုတ်လုပ်နည်းစနစ်များ ရှာဖွေရန် ဆွဲဆောင်ပါလိမ့်မည်။ ကုန်ကျစရိတ် လျှော့နည်းခြင်းသည် အကျိုးအမြတ်ပိုများစေသဖြင့် ထုတ်လုပ်သူအသီးသီးသည် ကုန်ကျစရိတ် နည်းသထက်နည်းပြီး အရည်အသွေး မြှင့်တင်နိုင်ရန် ကြိုးစားနေမည် ဖြစ်သည်။ ယှဥ်ပြိုင်မှုက ထုတ်လုပ်သူများကို ယင်းသို့လုပ်ဆောင်စေရန် နောက်ကွယ်မှ တွန်းအားပေးနေခြင်း ဖြစ်သည်။

ခေတ်သစ်စီးပွားရေးစနစ်တွင် စျေးကွက်ပေါက်စျေး၏ မမြင်ရသောလက်က စီစဥ်ညွှန်ကြားသည့် ကိုယ်ကျိုးစီးပွားရှာဖွေမှုကြောင့် ဖြစ်ပေါ်လာသော ညှိနှိုင်းပူပေါင်းဆောင်ရွက်ခြင်းသည် တကယ်ပင် အံ့သြဖွယ်ကောင်းလှပါသည်။ သပ်ရပ်သော ညစာစားပွဲ တစ်ခုတွင် နောက်တစ်ကြိမ် ထိုင်စားသည့်အခါ ယင်းစားပွဲ ဖြစ်မြောက်အောင် ဆောက်ရွက်ခဲ့သူများအကြောင်း စဥ်စားကြည့်ပါ။ လယ်သမားမှသည် ကုန်တင်ကားမောင်းသူအလယ် ကုန်စုံဆိုင်ဖွင့်သူအဆုံး မည်သူတစ်ဦးတစ်ယောက်မျှ မိမိစားပွဲအတွက် စျေးနှုန်းသက်သက်သာသာ စားသုံးနိုင်စေရန် စိတ်မဝင်စားပေ။ သို့သော်လည်း သူတို့၏ အကျိုးစီးပွားသည် စျေးကွက်ပေါက်စျေးကြောင့် မိမိ၏ အကျိုးစီးပွားနှင့် ထပ်တူကျစေပါသည်။

အကောင်းဆုံးသော အမဲသာ သို့မဟုတ် အမျိုးအစားကောင်းသော ကြက်ဆင် မွေးမြူသည့် လယ်သမားသည် စျေးကောင်းရမည် ဖြစ်ပြီး ကုန်တင်ကား မောင်သူများနှင့် ကုန်စုံဆိုင်ရောင်းသူတို့ကလည်း သူတို့ ကုန်ပစ္စည်းများကို စားသုံးသူများထံ လတ်ဆက်ကောင်းမွန်စွာ ဖြန့်ဖြူးနိုင်လျှင် ငွေကြေး ပိုမိုရရှိမည် ဖြစ်သည်။ ထုတ်လုပ်ဖြန့်ဖြူးကြရာတွင်လည်း ကုန်ကျစရိတ် အနည်းဆုံးနည်းလမ်းကိုသာ အသုံးပြုကြမည် ဖြစ်သည်။ ပြောရလျှင် များသောအားဖြင့် မိမိတို့ တခါမျှမတွေ့မြင်ဖူးသူ လူထောင်ပေါင်းများစွာသည် မိမိတို့ကိုယ်တိုင်ပင် ထုတ်လုပ်လျှင်ပင် မဖြစ်နိုင်သည့် ကုန်စည်မြောက်များစွာကို ဝယ်ယူသုံးစွဲနိုင်စေရန် ကူညီဆောက်ရွက်ပေးကြသည်။ အစီအစဥ်တကျရှိမှု၊ ပူပေါင်းဆောင်ရွက်မှုတို့ဖြစ်စေပြီး ကုန်ပစ္စည်းများစွာတို့အား မျက်မှောက်ခေတ် စားသုံးသူများထံ ရောက်ရှိစေရန် မမြင်ရသောလက်သည် သူ့အလိုလို တိတ်ဆိတ်စွာ လုပ်ဆောင်နေပါသည်။ ကိုယ်ကျိုးစီးပွားရှာမှုနှင့် မမြင်ရသောလက်တို့၏ အကျိုးပြုမှုကို လျှော့တွက်တတ်ကြသော်လည်း ယင်းတို့မှာ စီးပွားရေးတိုးတက်မှုကို ဖြစ်ပေါ်စေသော အင်အားတစ်ရပ်ဖြစ်သည်။

မြန်မာ စကားပုံ

“ကုသိုလ်လည်းရ ဝမ်းလည်းဝ။”
– Make merit and fill your stomach at the same time.

မှတ်ချက်။