🌿 ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လုပ်နည်းလုပ်ဟန်ကောင်းများနှင့် မှန်ကန်သည့် စီးပွားရေး စည်းမျဥ်း၊ စနစ်များကြောင့် စီးပွားရေး ဖြစ်ထွန်းတိုးတက်လာခြင်းဖြစ်သည်။

|

ယနေ့ခေတ်တွင် အမေရိကန်တိုသည် ၁၇၅၀ ခုနှစ်က တစ်ဦးချင်း ထုတ်လုပ်မှုထက် အဆပေါင်း ၃၀ နီးပါး ထုတ်လုပ်ရှာဖွေနိုင်ကြသည်ကို အခြေခံ ဘောဂဗေဒဘာသာရပ်သင်ခန်းစာ၏ ပထမနေ့တွင် ကျောင်းသားများအား ပြောကြားလေ့ရှိသည်။ ထို့နောက် ဆက်လက်၍ ကျောင်းသားများ၏ အမြင်ကို ထပ်မေးပါသည်။ “ယနေ့ခေတ် အမေရိကန်တို့က လွန်ခဲ့သည့်နှစ် ၂၅၀ ခန့်ကထက် ဘာ့ကြောင့်များ ပိုမို ထုတ်လုပ်လာနိုင်သလဲ” ဆိုသည့် မေးခွန်းဖြစ်ပါသည်။ ခဏလောက် စဥ်းစားကြည့်ပါ။ အဲဒီမေးခွန်းအား သင့်အနေဖြင့် မည်ကဲ့သို့ ဖြေဆိုပါမလဲ။

ကျောင်းသားများအကြားတွင် တူညီသော အကြောင်းရင်း ၃ ခုကိုသာ ဖြေဆိုကြလေ့ရှိသည်။ ပထမအချက်မှာ ယနေ့ခေတ် သိပ္ပံပညာနှင့် နည်းပညာစွမ်းပကားတို့သည် ၁၇၅၀ ခုနှစ်တွင် အမေရိကန်တို့ စိတ်ကူးယဥ်ခဲ့သည်ထက် များစွာရှေ့ရောက်ခဲ့သည်။ ဒုတိယအချက်မှာ ကျွန်တော်တို့တွင် အံ့မခန်းရှိလှသည့် စက်ယန္တရားများနှင့် စက်ရုံများ၊ အပျံစားလမ်းများနှင့် နေရာတကာချိတ်ဆက်နိုင်သည့် ဆက်သွယ်ရေးစနစ်များ ရှိလာခဲ့သည်။ နောက်ဆုံးအချက်မှာ ၁၇၅၀ ခုနှစ်တွင် တစ်ဦးချင်းအလိုက်၊ မိသားစုအလိုက် သုံးစွဲမည့် ပစ္စည်းတော်တော်များများမှာ ကိုယ်တိုင်ကိုယ်ကျ ထုတ်လုပ်ခဲ့ကြသည်။ ယနေ့ခေတ်တွင် အခြားထုတ်လုပ်ရောင်းချသူများထံမှ အလွယ်တကူ ဝယ်ယူကြလေသည်။

အခြေခံအားဖြင့် ကျောင်းသားများတွင် ဘောဂဗေဒ သဘောတရား နည်းနည်းလောက်သာ သိထားမည်။ သို့မဟုတ် လုံးဝမသိသေးပေ။ သို့မဟုတ် လုံးဝမသိသေးပေ။ သို့တိုင်အောင် ကျောင်းသားများသည် အဖြေမှန်ကို ပေးနိုင်ကြသည်။ သူတို့သည် နည်းပညာ၊ အရင်းအနှီးနှင့် ကုန်သွယ်ရေးတို့၏ အရေးပါပုံကို သဘောပေါက်ထားကြသည်။ သူတို့၏ အဖြေများသည် မိမိတို့အမြင်ဖြစ်သည် ဘောဂဗေဒဆိုသည်မှာ “လူတိုင်း သိမြင်နိုင်သော သိပ္ပံပညာ” ဖြစ်သည်ဆိုသည့် အချက်ကို ခိုင်မာစေသည်။ ကုန်သွယ်ရေးမှ ရရှိသည့် အကျိုးအမြတ်များနှင့် ရောင်းဝယ်မှုဆိုင်ရာ စရိတ်စက များကို လျော့ချပေးနိုင်ခြင်းသည် စီးပွားရေးတိုးတက်မှု၏ အကြောင်းရင်းများ ဖြစ်သည်ကို အသားပေး ဖော်ပြခဲ့ပြီး ဖြစ်သည်။ စီးပွားရေးသုံးသပ်လေ့လာခြင်းမှ စီးပွားရေး တိုးတက်စေသည့် နောက်ထပ် အချက် (၃) ချက်ကို ထောက်ပြခဲ့သည်။ ယင်းတို့မှာ လူအရင်းအမြစ်နှင့် စက်ယန္တရားများတွင် ရင်းနှီးမြှုပ်နှံခြင်း၊ နည်းပညာများ တိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် စီးပွားရေး အဖွဲ့အစည်းများ၏ တိုးတက်ကောင်းမွန်လာခြင်း စသည်တို့ ဖြစ်သည်။

ပထမ - အကျိုးဖြစ်ထွန်းစေမည့် ပစ္စည်းများ (ဥပမာ- ကိရိယာများနှင့် စက်ယန္တရားများ)နှင့် လုပ်သားကျွမ်းကျင်မှု (လူ့စွမ်းအားအရင်းအနှီး) များတွင် ရင်းနှီးမြှုပ်နှံခြင်းသည် မိမိတို့၏ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ထုတ်လုပ်မှုစွမ်းအားကို မြင့်တက်စေသည်။ ယင်းရင်းနှီးမြှုပ်နှံမှု ၂ မျိုးသည်လည်း ဆက်စပ်မှု ရှိပါသည်။ လုပ်သားများသည် စက်ယန္တရားကောင်းများ သုံးစွဲရလျှင် ပိုမိုထုတ်လုပ်နိုင်စွမ်းရှိသည်။ သစ်ခုတ်သူတစ်ဦးသည် လက်ချည်းသက်သက် လွှများအသုံးပြု ဖြတ်တောက်နေရသည်နှင့်စာလျှင် မော်တာတပ်ဆင်ထားသည့် သံကြိုးလွှဖြင့် လုပ်ကိုင်ရသည်က ပိုမိုအလုပ်တွင်ကျယ်နိုင်ပါသည်။ ထိုနည်းတူစွာပင် သယ်ယူပို့ဆောင်ရေး လုပ်သားတစ်ဦးသည် မြည်းလှည်းနှင့်ယှဥ်လျှင် ကုန်တင်ကား သုံးစွဲပါက ကုန်စည်များ ပိုမိုသယ်ဆောင်နိုင်ပေမည်။

ဒုတိယ - နည်းပညာ တိုးတက်လာခြင်း (ထုတ်ပစ္စည်အသစ်များနှင့် ကုန်ထုတ်လုပ်ရာတွင် စရိတ်ပိုမို သက်သာမည့် နည်းစနစ်များ ရှာဖွေဖော်ထုတ်ရာတွင် ဉာဏစွမ်းအားကို အသုံးပြုခြင်း) သည် စီးပွားရေး တိုးတက်မှုကို ဖြစ်ပေါ်စေပါသည်။ ပြီးခဲ့သည့် နှစ် ၂၅၀ အတွင်း ရေနွေးငွေ့အင်ဂျင်တီထွင်ခဲ့သည့်နောက် အတွင်းပေါက်ကွဲအားသုံး အင်ဂျင်၊ လျှပ်စစ်နှင့် နယူးကလီးယား စွမ်းအားတို့သည် လူသားနှင့် တိရစ္ဆာန်များအစား စွမ်းအင်ထုတ်လုပ်ပေးသည့် အဓိက စွမ်းအင်ရင်းမြစ်များ ဖြစ်လာခဲ့သည်။ သယ်ယူပို့ဆောင်ရေးတွင် မော်တော်ကားများ၊ ဘတ်စ်ကားများ၊ မီးရထားများနှင့် လေယာဥ်ပျံတို့သည် မြင်း၊ လက်တွန်းလှည်း (နှင့် ခြေလျင်သွားလာခြင်း) တို့ကို အစားထိုးခဲ့လေသည်။ နည်းပညာ တိုးတက်မှုများသည် မိမိတို့၏ ဘဝနေထိုင်မှုပုံစံများ ကို ဆက်လက်ပြောင်းလဲပေးနေသည်။ စီဒီ ဖွင့်စက်များ၊ အသေးစား ကွန်ပြူတာများ၊ စာစီစာရိုက် စက်ပစ္စည်းများ၊ မိုက်ခရိုဝေ့ မီးဖိုများ၊ ဗီဒီယို ကင်မရာများ၊ ဆဲလ်ဖုန်းများ၊ ဒီဗီဒီများ၊ တင်ပါးစုံ အစားထိုး ကုသမှုများ၊ အလိုအလျောက် လေအေးပေးစက်များ စသည်ဖြင့် စဥ်းစားကြည့်ပါ၊ နှစ် ၄၀ အတွင်း ယင်းကုန်ပစ္စည်းများ ထွက်ရှိလာနှင့် ပိုမိုကောင်းမွန်လာခြင်းတို့ကြောင့် မိမိတို့ အလုပ်လုပ်ကိုင်ပုံ၊ မိမိတို့ကိုယ်မိမိ ဖျော်ဖြေမှုပေးပုံ တို့မှာ အတိုင်းမသိ ပြောင်းလဲလာခဲ့ပြီး မိမိတို့၏ ဘဝနေရေးကိုလည်း တိုးတက်ကောင်းမွန်လာစေခဲ့သည်။

တတိယ - စီးပွားရေးဖွဲ့စည်းတည်ဆောက်ပုံ တိုးတက်ခြင်းသည်လည်း ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးနိုင်သည်။ မိမိတို့ဆိုလိုသည့် စီးပွားရေးဖွဲ့စည်းတည်ဆောက်ပုံဆိုသည်မှာ လူသားတို့၏လုပ်ဆောင်ချက်များ ဆောင်ရွက်ပုံများနှင့် လုပ်ကိုင်ဆောင်ရွက်ရာတွင် လိုက်နာရသည့် စည်းမျဥ်းစည်းကမ်းများကို ဆိုလိုခြင်း ဖြစ်သည်။ ယင်းအချက်များမှာ ရှိပြီးသားဖြစ်နေသဖြင့် အလေးဂရုပြုမှု နည်းတတ်ပါသည်။ ကုန်သွယ်မှု ဆောင်ရွက်ရန်နှင့် လုပ်ငန်းတစ်ခု လုပ်ကိုင်ရန် မည်မျှ ခက်ခဲပါသလဲ။ နိုင်ငံတစ်ခု၏ တရားဥပဒေ စနစ်က ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် များစွာ လွှမ်းမိုးပါသည်။ တစ်ဦးချင်းနှင့် စုပေါင်းပိုင်ဆိုင်မှုများကို ကာကွယ်ပေးသည့် ဥပဒေစနစ်တစ်ခုသည် သဘောတူစာချုပ်များကို မျှမျှတတ ဖြစ်စေပြီး အငြင်းပွားမှု ဖြေရှင်းပေးသောကြောင့် စီးပွားရေးတိုးတက်မှုတွင် အသက်သွေးကြောပေဖြစ်ပါသည်။ ဥပဒေရေားရာစနစ်သာ မရှိပါက ရင်းနှီးမြှုပ်နှံမှု ကင်းမဲ့သွားပြီး ကုန်သွယ်ရေး ရပ်တန့်၍ တီထွန်ဆန်းသစ်သည့် စိတ်ကူးစိတ်သန်းများလည်း ပေါ်ထွက်လာတော့မည် မဟုတ်ပေ။

ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာတိုးတက်မှုများသည် အလိုအလျောက်ဖြစ်လာသည် မဟုတ်ပါ။ ယင်းတို့မှာ အမြတ်ရရန် မျော်လင့်ချက်ဖြင့် စွန့်စားလုပ်ကိုင်သည့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ လုပ်ဆောင်ချက်များကြောင့် ဖြစ်လာပါသည်။ ထွက်ပေါ်လာမည့် တီထွင်ဆန်းသစ်မှုများ သို့မဟုတ် မည်သည့် ထုတ်လုပ်ရေ နည်းစနစ်များက ကုန်ကျစရိတ်များကို လျှော့ချပေးမည်ကို မည်သူကမျှ အတတ်မသိနိုင်ချေ။ ထို့ပြင် စွန့်ဦးတီထွင်မှု ပါရမီဆိုသည်မှာလည်း မမျှော်လင့်ထားသည့် နေရာများမှ မကြာခဏဆိုသလိုပင် ထွက်ပေါ်လာတတ်သည်။ ထို့ကြောင့် စီးပွားရေး တိုးတက်မှုဆိုသည်မှာ မတူကွဲပြားသည့် လူပုဂ္ဂိုလ်များစွာ၏ စိတ်ကူးများကို စျေးကွက်တွင် ပေါက်၊ မပေါက် စမ်းသပ်စေသည့် စနစ်အပေါ်တွင် မူတည်နေသည်။ သို့သော် အကျိုးမဖြစ်ထွန်းသည့် ထုတ်လုပ်မှုများတွင် အရင်းအမြစ်များ အလဟဿ သုံးဖြုန်းခြင်းကိုမှု စနစ်က တားဆီးပေးပြန်သည်။

ဖော်ပြပါ စီးပွားရေးတိုးတက်မှု ဖြစ်ပေါ်စေရန် စျေးကွက်များအနေဖြင့် စိတ်ကူးစိတ်သန်းသစ်များကို လွတ်လပ်စွာ ယှဥ်ပြိုင်နိုင်ရန် တံခါးဖွင့်ပေးရမည် ဖြစ်သည်။ ထုတ်ကုန်သစ် သို့မဟုတ် နည်းပညာသစ်ဖြင့် စျေးကွက်သို့ ဝင်ရောက်မည့် စွန့်ဦးတီထွင်သမားများတွင် ငွေကြေးရင်းနှီးမြှုပ်နှံသူ အချို့၏ ပံ့ပိုးမှုသာ လိုအပ်ပါသည်။ စွန့်ဦးလုပ်ငန်းရှင်များနှင့် ငွေကြေးရင်းနှီးမြှုပ်နှံသူများ သူတို့၏ ပစ္စည်းသစ်၊ ဝန်ဆောင်မှုအသစ်များအတွက် တာဝန်ခံမှုရရှိစေရန်အတွက် အပြိုင်အဆိုင်ရှိနေရမည်။ စားသုံးသူများ၏ ဝယ်ယူအားပေးလိုမှု ရှိ၊ မရှိ ကို စစ်ဆေးခံရမည် ဖြစ်သည်။ ယင်းမှာ စားသုံးသူများက ကုန်ပစ္စည်း၊ ဝန်ဆောင်မှုသစ်များအား ထုတ်လုပ်မှုစရိတ်ထက် ပိုပေး၊ မပေးကို ဆုံးဖြတ်စေခြင်းဖြစ်သည်။ စားသုံးသူများသည်သာ အပြီးသတ် အဆုံးအဖြတ်ပေးနိုင်သည့် တရားသူကြီးများ ဖြစ်ကြသည်။ စားသုံးသူများက ထုတ်ပစ္စည်းအသစ် သို့မဟုတ် ဝန်ဆောင်မှုအသစ်ကို အားမပေးကြပါက စျေးကွက်တွင် ရှင်သန်ရပ်တည်နိုင်မည် မဟုတ်ချေ။

မြန်မာ စကားပုံ

“ခု ရေတွင်းတူး၊ ခု ရေကြည်သောက်၍ မရ။”
– Clear water cannot be obtained from a well that has just been dug.

မှတ်ချက်။