🍀 လူတို့အတွက် အသုံးဝင်သော ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုများ ပေးခြင်းသည် အလုပ်အကိုင်ဖန်တီးပေးရုံသက်သက်မဟုတ်ပဲ လူနေမှုအဆင့်အတန်းကို မြင့်မားစေသည့် အကြောင်းရင်း ဖြစ်သည်။

|

“ထုတ်လုပ်မှုအားလုံး၏ အဓိကရည်ရွယ်ချက်မှာ သုံးစွဲဖို့၊ စားသုံးဖို့ ဖြစ်ပြီး ထုတ်လုပ်သူတို့သည် စားသုံးသူများ၏ လိုအပ်ချက်များကိုသာ အာရုံစိုက်၍ ဖြည့်ဆည်းပေးသင့်သည်။” - (အဒမ်စမစ် - ၁၇၇၆)

လွန်ခဲ့သည့် နှစ်ပေါင်း ၂၃၀ ကျော်က အဒမ်စမစ် ပြောဆိုသွားခဲ့သည့်အတိုင်း စားသုံးခြင်း ဆိုသည်မှာ ကုန်ထုတ်လုပ်မှုအားလုံး၏ ရည်မှန်းချက်ဖြစ်သည်။ သို့သော် ကုန်စည်များနှင့် ဝန်ဆောင်မှုများ ဆိုသည်ကလည်း ၎င်းတို့ကို ထုတ်လုပ်မှုမရှိသ၍ စားသုံးခြင်း မပြုနိုင်ပါ။ ထို့ပြင် အများတန်ဖိုးထားည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ရရှိနိုင်ရေး တိုးမြှင့် ဆောင်ရွက်ခြင်းမရှိဘဲ ဝင်ငွေနှင့် လူနေမှုအဆင့်အတန်းများလည်း မမြင့်မားနိုင်ချေ။

အများတန်ဖိုးထားသည့် အခြေခံကုန်စည်များ ဖျက်ဆီးခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုအတွက် အခြေအနေ ပိုမိုဆိုးရွားသွားစေသည်။ ယင်းကို သီးခြားဖော်ပြရန် မလိုလောက်အောင်ပင် သိသာထင်ရှားသည့် ယူဆချက်ဖြစ်သည်။ သို့သော် တလွှဲဆံပင်ကောက်နေသည့် နိုင်ငံရေးသမားတို့က မကြာခဏဆိုသလို ဤလမ်းစဥ်သို့ လိုက်လေ့ရှိသည်။ ၁၉၃၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ စိုက်ပျိုးရေး ထွက်ကုန်များ စျေးကွက်သို့ရောက်ရှိမှု လျှော့ချရန်နှင့် စျေးနှုန်းကျဆင်းခြင်းမှ တားဆီးရန် ကြိုးပမ်းသည့်အနေဖြင့် ကွန်ဂရက်လွှတ်တော်က စိုက်ပျိုးရေးဆိုင်ရာ ပြင်ဆင်ချက် အက်ဥပဒေ ကို ပြဌာန်းခဲ့သည်။ အဆိုပါဥပဒေအသစ်အရ ဗဟိုအစိုးရသည် လယ်သမားများအား ဝါဂွမ်း၊ ပြောင်းနှံများ၊ ဂျုံနှင့် အခြား ကောက်ပဲ သီးနှံများ လျော့နည်းစိုက်ပျိုးစေရန် ရည်ရွယ်သည့် ထောက်ပံ့မှုမျိုး ပေးခဲ့သည်။ အာလူး စိုက်ပျိုးသူများကို သူတို့အာလူးများ ပယ်ဖျန်းရန် ဆိုးဆေးပါသည့် အရည်များ ပေးသည်။ ထိုအခါ အာလူးများသည် လူတို့ စားသုံးရန် မသင့်တော်တော့ချေ။ ကျန်းမာသန်စွမ်းသည့် ကျွဲနွားများ၊ သိုးများ၊ ဝက်များကိုလည်း စျေးကွက်အတွင်းသို့ မရောက်ရှိစေရန် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး မြေမြှုပ်စေခဲ့သည်။ ၁၉၃၃ ခုနှစ်တည်းမှာပင် ယင်းဥပဒေအရ ဝက်သားပေါက် ၆ သန်းခန့် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ၁၉၃၆ ခုနှစ်တွင်တော့ အမြင့်ဆုံးတရားရုံးက ယင်းဥပဒေကို အခြေခံဥပဒေတွင် အကြုံးမဝင်တော့ကြောင်း ကြေငြာခဲ့သော်လည်း ထိုအချိန်တွင် အမေရိကန်စားသုံးသူများထံမှ စိုက်ပျိုးရေးထုတ်ကုန်သန်းပေါင်းများစွာ လက်လွတ်ဆုံးရှုံးပြီး ဖြစ်သည်။ ထို့ပြင် ယင်းဥပဒေကို ပြင်ဆင်ပြီးသည့်တိုင် အစိုးရသည် လက်သမားများ ပေါင်းစုံတို့ကို ထုတ်လုပ်မှု ကန့်သတ်ရန်အတွက် ပေးဆောင်သည့်ပုံစံမျိုး ဆက်လက်လုပ်ဆောင်ခဲ့သည်။ မူဝါဒများမှ အကျိုးအမြတ် ရရှိသူတို့၏ နိုင်ငံရေး လိုလားချက်တို့ကို နားလည်ရလွယ်သော်လည်း ယင်းအစီအစဥ်များသည် အဖိုးတန် အရင်းအမြစ်များအား ပျက်စီးစေပြီး နိုင်ငံကို ပိုမိုဆင်းရဲစေပါသည်။

၂၀၀၉ ခုနှစ် ကားအိုကားဟောင်းများအတွက် ငွေကြေးအစီအစဥ်ကလည်း တန်ဖိုးရှိသေးသော အသုံးပြုပြီး ကားများကို ဖျက်ဆီးခြင်းဖြင့် ကြွယ်ဝမှုကို မြှင့်တင်ရန် ကြိုးပမ်းလိုသည့် နိုင်ငံရေးသမားများအကြောင်း အခြားဥပမာတစ်ခု ဖြစ်ပြန်သည်။ ငွေကြေးအစီအစဥ်အရ ကားအိုကားဟောင်းများအား ဖျက်စီးပစ်ရမည် ဖြစ်သဖြင့် ကားအရောင်းစင်တာများသည် ကားသစ်နှင့်အလဲအထပ်လုပ်ထားသော ကားဟောင်းတစ်စီးအတွက် ဒေါ်လာ ၃၅၀၀ နှင့် ၄၅၀၀ ရရှိခဲ့ကြသည်။ ကားအရောင်းစင်တာများက ကားအင်ဂျင်များကို ဆိုဒီယမ်ဆီလိကိတ် ပျော်ရည်ဖြင့် ဖျက်ဆီးပစ်ရန် လိုအပ်ပြီး ထို့နောက် တစ်စစီဖျက်စီးကာ ကားသင်္ချီုင်းသို့ ပို့ဆောင်ရသည်။ ထိုသို့ ဖျက်ဆီးရခြင်းမှာ ကားပစ္စည်းအပိုင်းအစများကို ပြန်လည်အသုံးမပြုနိုင်စေရန် ဖြစ်သည်။ ဤအစီအစဥ်အပေါ် ထောက်ခံသူများက လူများအား ကားအသစ်ဝယ်စီးလာအောင် ဆွဲဆောင်နိုင်မည်ဖြစ်သောကြောင့် စီးပွားရေးပြန်လည်ဦးမော့လာမည်ဟု ရပ်တည်ပြောဆိုကြသည်။ သို့သော် စားသုံးသူအတွက်မှု ကားသစ်တစ်စီးဝယ်ရသည့်အတွက် အခြားသောကုန်စည်များအား ဝယ်ယူသုံးစွဲခြင်း မပြုနိုင်တော့ချေ။ ထို့ကြောင့် အဆိုပါအစီအစဥ်က မော်တော်ကားများ ဝယ်ယူမှုကို ယာယီသာ လှုံ့ဆော်ပေးနိုင်ကာ အခြားကိစ္စရပ်များတွင် သုံးစွဲမှုများ ကျဆင်းသွားစေသည်။ အဓိကအားဖြင့် ဒေါ်လာ ၂ ဘီလျံတန်ဖိုးရှိ ကားဟောင်းအစီးရေ ၇၀၀၀၀၀ နီးပါး ဖျက်စီးခံခဲ့ရပြီး ကားသစ်များ ဝယ်ယူမှုအတွက် ထောက်ပံကြေးများပေးသည့်အတွက် ဒေါ်လာ ၃ ဘီလျံမျှသော ပြည်သူတို့၏ အခွန်ဆုံးရှုံးသွားရသည်။ အစီအစဥ်သက်တမ်းကုန်ဆုံးချိန်တွင် ကားသစ်ရောင်းအား ထိုးကျသွားပြီး ကားဟောင်းများမှာလည်း စျေးကွက်တွင် နည်းပါးလားသောကြောင့် ပိုမို စျေးကြီးလာခဲ့သည်။

မော်တော်ကားများ ဖျက်ဆီးခြင်းသည် အကြံဉာဏ်ကောင်း ဖြစ်ပါသည်ဆိုလျှင် ကားပိုင်ရှင်များ အနေဖြင့်လည်း သူတို့၏ ကိုယ်ပိုင်ကားများကို နှစ်စဥ် ဖျက်ဆီးမသင့်ပေဖူးလား။ ယင်းကြောင့်ဖြစ်ပေါ်မည့် ကားသစ်ရောင်းအားကို တွေးတောကြည့်ပါ။ အဆိုပါရပ်တည်ချက်များမှာ အပေါစားဘောဂဗေဒတစ်ရပ်သာ ဖြစ်သည်။ ကုန်ထုတ်လုပ်သူများသည် သူတို့၏ ထုတ်ကုန်တစ်မျိုးမျိုးကို ရှားပါးအောင် လုပ်ဆောင်ခြင်းဖြင့် အကျိုးအမြတ် တစုံတရာ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် စျေးကွက်တွင်ရှိသော စားသုံးမှုအတွက် တန်ဖိုးလက်ကျန် ရှိနေသေးသည့် ကုန်ပစ္စည်းများအား ဖျက်ဆီးခြင်းဖြင့် လူထုတစ်ရပ်လုံးအတွက် အခြေအနေ ပိုကောင်းလာမည့် မဟုတ်ပေ။

ပိုမိုသိမ်မွေ့သည့် ဖျက်ဆီးမှုပုံစံတစ်ခုမှာ ကုန်စည်အမျိုးမျိုးတို့အတွက် လက်လွှတ်လိုက်ရသည့်အရာများ၊ အခွင့်အလမ်း ဆုံးရှုံးမှုများကို များစေသည့် အစိုးရလုပ်ဆောင်ချက်များ ဖြစ်သည်။ ဥပမာ ဓာတ်ဆီကဲ့သို့ စွမ်းအင်မျိုးထက် တစ်ဂါလံလျှင် ၁.၅ ဒေါ်လာ ပိုမိုကုန်ကျသည့် အီသနောထုတ်လုပ်ရေးတွင် ဗဟိုအစိုးရက ငွေကြေးထောက်ပံ့ခြင်း ဖြစ်သည်။ ယင်းသို့ ထောက်ပံ့မှုများကြောင့် စွမ်းအင် ရရှိရေးအတွက် ကုန်ကျမှုများ မြင့်တက်လာပြီး သဘာဝပတ်ဝန်းကျင်အပေါ်တွင်လည်း အပျက်သဘော သက်ရောက်မှု ဖြစ်စေသည်ဟု အများစုကလည်း ယုံကြည်နေကြသည်။ သို့သော် သမ္မတ ရွေးကောက်ပွဲတွင် အခရာကျသည့် အိုင်အိုဝါးပြည်နည်ရှိ ပြောင်းဖူးစိုက်ပျိုးသူများကို အထောက်အပံ့ပေးခဲ့ပြီး ယခုအခါ ယင်းဥပဒေအား ပြန်လည်ရုပ်သိမ်းရန် ခက်ခဲလျက် ရှိသည်။ နိုင်ငံရေးသမားများနှင့် စီမံကိန်းများအပေါ် ထောက်ခံသူများစွာက ထိုသို့သုံးစွဲသည့် အစီအစဥ်များကြောင့် ဖန်တီးပေးသည့် အလုပ်အကိုင်များအကြောင်း အထူဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလိုကြပြီး ယင်းအစီအစဥ်များ၏ အကျိုးများပုံကို အရှက်သိက္ခာကင်းမဲ့စွာ ချဲ့ကားပြောဆိုတတ်ကြသည်။ ယင်းသို့ အဓိပ္ပါယ်ကောက်ယူ လွှဲမှားခြင်းများ နေရာတကာတွင် တွေ့နေရ၍ နိုင်ငံရေး နယ်ပယ်တွင် ဘောဂဗေဒ အသိအမြင် ရှိလာအောင် ပညာပေးရန်မှာ အထူးအရေးပါသည်။ အလုပ်အကိုင် ဖန်တီးမှုကို ဓနဥစ္စာဖန်တီးသည့် နည်းလမ်းအဖြစ် မကြာခဏအသုံးချပြောဆိုနေကြသော်လည်း စီးပွားရေးသာယာဝပြောမှု ဖြစ်ပေါ်စေသည်မှာ အလုပ်အကိုင် ပိုမိုများပြားခြင်းသက်သက်ကြောင့် မဟုတ်ဘဲ အများတန်ဖိုးထားသည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ပေးနိုင်သည့် အလုပ်အကိုင်များ ဖန်တီးပေးရမည် ဖြစ်ကြောင်း သိထားရန် လိုအပ်ပါသည်။ ယင်းအခြေခံအချက်ကို မေ့ထားပါက ဓနဖန်တီးရေးထက် ကျဆင်းမှုကိုသာ ဖြစ်စေသည့် အစီအစဥ်များကို အများက လက်ခံမိလျက်သား ဖြစ်သွားတတ်သည်။

အလုပ်အကိုင်များအပေါ် အသားပေးခြင်းသည် အလွန်အမင်း လမ်းလွဲလိုက်စေနိုင်သည်။ တရုတ်နိုင်ငံရောက် အင်ဂျင်နီယာတစ်ဦး၏ ဇာတ်လမ်းတစ်ကွက်က ဤအချက်ကို ထောက်ပြလျက်ရှိသည်။ ၎င်းအင်ဂျင်နီယာသည် တရုတ်နိုင်ငံသို့ ရောက်စဥ် ပေါက်ပြား၊ ပေါက်တူးများဖြင့် ဆည်တစ်ခု တည်ဆောက်နေသည့် လုပ်သားအများအပြားကို မြင်တွေ့လိုက်ရသည်။ မြေကော်စက်ယန္တရားများကို လုပ်သားများအား ပံ့ပိုးပေးပါက လများစွာ ကြာမြင့်မည့်အလုပ်ကို ရက်အနည်းငယ်အတွင်း ပြီးစီးနိုင်ကြောင်း အင်ဂျင်နီယာက လုပ်ငန်းခွင်ကြီးကြပ်သူအား ထောက်ပြပြောဆိုလိုက်သည်။ ထိုအခါ ကြီးကြပ်သူက ယင်းသို့ ကိရိယာအသုံးပြုလျှင် အလုပ်အကိုင်များစွာ ဖျက်ဆီးပစ်ရာ ရောက်လိမ့်မည်ဟု ဆိုသည်။ အင်ဂျင်နီယာလည်း “အိုး..။ ကျွန်တော်က ခင်ဗျားကို ဆည်တည်ဆောက်နေတယ်လို့ မှတ်နေတာ။ လက်စသတ်တော့ အလုပ်အကိုင်များများ ဖန်တီးချင်နေတာကိုး။ ဒါဆို ခင်ဗျားလူတွေကို တူရွင်း၊ ပေါက်ပြားအစား ဇွန်း၊ ခရင်းတွေ သုံးပြိး မြေကော်ခိုင်းလိုက်ပါလား။”

အစိုးရသုံးစွဲမှုကြောင့် အလုပ်အကိုင်များ ဖန်တီးပေးပါသလား။ ဤမေးခွန်းအတွက် အဖြေစဥ်းစားသည့်အခါ အောက်ပါ အချက်နှစ်ခုကို သုံးသပ်ကြည့်လိုက်ပါ။ ပထမအချက်အနေဖြင့် သုံးစွဲမှုအတွက် ငွေကြေးများကို ပုဂ္ဂလိကကဏ္ဍမှ အခွန်ကောက်ခြင်း သို့မဟုတ် ချေးငှားခြင်းမှ ရရှိသည် ဖြစ်သည်။ ထိုအခါ အခွန် သို့မဟုတ် အတိုးနှုန်း မြင့်မားလာမည် ဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍအလုပ်အကိုင် ခန့်အပ်မှုကို ကျဆင်းစေမည် ဖြစ်သည်။ ပုဂ္ဂလိကပိုင်းအလုပ်အကိုင်ခန့်ထားမှု ကျဆင်းခြင်းသည် အစိုးရဖန်တီးပေးလိုက်သည့် အလုပ်အကိုင်များနှင့် ဘဲစားဘဲကျေ ဖြစ်သွားလိမ့်မည်။

ဒုတိယအချက်မှာ အစိုးရသုံးစွဲမှု ကိုယ်၌သည်ပင် ပုဂ္ဂလိကသုံးစွဲမှုနှင့် အလုပ်အကိုင်ခန့်ထားမှုကို ဘေးရောက်စေတတ်သည်။ အစိုးရက ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပရဟိတ လုပ်ငန်းများ စသည့်တိုတွင် ပိုမိုသုံးစွဲသည့်အခါ အိမ်ထောင်စုများနှင့် လုပ်ငန်းများတွင် သုံးစွဲမှု လျော့နည်းလာသည်။ အလားတူ အစိုးရက ဥပမာအားဖြင့် မော်တော်ကား ဆိုင်ရာ သို့မဟုတ် လေအားနှင့် ဆိုလာစွမ်းအင်ထုတ်လုပ်သူများကဲ့သို့သော လုပ်ငန်းများအတွက် ထောက်ပံ့မှုများ လုပ်ဆောင်သည့်အခေါ ငွေကြေးထောက်ပံ့မှုရသည့် လုပ်ငန်းတစ်ချို့အား ငွေကြေးထောက်ပံ့ပေးပါက အဆိုပါလုပ်ငန်းများမှာ ပိုမိုကြီးထွားလာမည် ဖြစ်သော်လည်း ပြိုင်ဘက်လုပ်ငန်းများမှာမူ စျေးကွက်ဝေစုများ ဆုံးရှုံးသွားပြီး အလုပ်အကိုင်ခန့်ထားမှု လျော့ကျသွားမည်။ တစ်ဖန် ကဏ္ဍတစ်ခုတွင် အစိုးရသုံးစွဲမှု တိုးမြှင့်ခြင်းကြောင့် အခြားကဏ္ဍများတွင် အလုပ်အကိုင်ခန့်ထားမှု ကျဆင်းခြင်းကို ဖြစ်စေတတ်သည်။

အစိုးရသုံးစွဲမှုဖြင့် ကျားကန်သည့် လုပ်ငန်းများတွင် အလုပ်အကိုင်ခန့်ထားမှုကို အလွယ်တကူ မြင်နိုင်သော်လည်း အခွန်မြင့်မားလာခြင်းကြောင့် အလုပ်အကိုင် လျှော့နည်းလာခြင်း၊ အစိုးရချေးငှားမှု တိုးမြှင့်လာခြင်း၊ ထောက်ပံ့ကြေးမရသည့် လုပ်ငန်းများမှ ထုတ်ကုန်များအပေါ် ဝယ်လိုအား ကျဆင်းခြင်းတို့မှာမူ မမြင်လွယ်ပေ။ ထို့ကြောင့်လည်း ထောက်ပံ့ပေးမှုနှင့် ပတ်သက်၍ ယူဆချက်လွှဲမှားမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ တဖက်တွင် အလုပ်အကိုင် ကျဆင်းသွားသည်မှာ အမှန်ဖြစ်သည်။

ဘုရှ်နှင့် အိုဘားမားအစိုးရတို့ လက်ထက်တွင် စီးပွားရေး ဦးမော့လာရန် ရည်ရွယ်သည့် အစိုရ၏ သုံးစွဲမှုကြောင့် အလုပ်အကိုင် သန်းပေါင်းများစွာ ဖန်တီးခဲ့ပုံ၊ ထိန်းထားနိုင်ခဲ့ပုံကို သတိရကြည့်ပါ။ သို့သော် အဆိုပါအစီအစဥ်များသည် ၂၀၀၈-၂၀၀၉ အတွင်း ဒေါ်လာဘီလျံရာချီ သုံးစွဲခဲ့သော်လည်း အလုပ်အကိုင်ခန့်အပ်မှုမှာ ကျဆင်းသွားပြီး အလုပ်လက်မဲ့နှုန်း မြင့်တက်လာခဲ့သည်။ ဘာ့ကြောင့် ထိုသို့ ဖြစ်ရသလဲ။ အဖြေက ရှင်းပါသည်။ အစိုးရက ပိုမိုသုံးစွဲသည့်အခါ ပုဂ္ဂလိကသုံးစွဲမှုမှာ နှေးကွေးလာပြီး အသားတင် အလုပ်အကိုင်ဖွံ့ဖြိုးမှုမှာ မကြီးထွားလာပေ။ အမှန်တွင် ယင်းအစီအစဥ်များက မသေချာ၊ မရေရာမှုများ ဖြစ်ပေါ်စေကာ အခြေအနေကိုပင် ပိုဆိုဆိုးရွားလာစေခဲ့သည်။

ယင်းသို့သော အစီအစဥ်များကို ထောက်ခံသည့် နိုင်ငံရေးသမားများနှင့် အစိုးရသုံးစွဲမှုမှ အကျိုးရသူများကမူ ပုဂ္ဂလိကကဏ္ဍ အလုပ်အကိုင်များ တဖက်တွင် ကျဆင်းစေမည်ကို ပြောကြမည် မဟုတ်ပေ။ ထို့ပြင် မိမိသဘောဆန္ဒအရ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခြင်း၊ စစ်မှန်သည့် စျေးကွက် အချက်ပြမှုများနှင့် မက်လုံးများ၊ အစီအစဥ်ကြောင့် ထိခိုက်နေရသူတို့၏ ဆုံးဖြတ်ချက်များကို ကြည့်ခြင်းအားဖြင့် အစီအစဥ်၊ စီမံကိန်းများဖြင့် အစိုးရဖန်တီးသည့် အလုပ်အကိုင်များသည် ပုဂ္ဂလိကကဏ္ဍများတွင် အလုပ်အကိုင် လျော့နည်းသွားစေသည့်အတွက် အကျိုးဖြစ်ထွန်းမှု မရှိသလောက်ပင် ဖြစ်သည်။

လူ့အဖွဲ့အစည်းတစ်ခုသည် ဖွံ့ဖြိုးသင့်သလောက် ဖွံ့ဖြိုးလာရန်အတွက် ကုန်ကျစရိတ်ထက် ထုတ်ကုန်တန်ဖိုးပိုများစေမည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ရာတွင် အရင်းအမြစ်များ အသုံးပြုရမည် ဖြစ်သည်။ အစောပိုင်းက ဆွေးနွေးခဲ့သည့်အတိုင်း အရင်းအမြစ်များကို စျေးကွက်များက ခွဲဝေသုံးစွဲသည့်အခါ အမြတ်များနှင့် ဆုံးရှုံးမှုများက အရင်းအမြစ်များ အကျိုးရှိရှိ ခွဲဝေအသုံးချမှုကို လုပ်ဆောင်သွားသည်။ နိုင်ငံရေး လုပ်ငန်းစဥ်တွင်မှု အရင်းအမြစ်များကို အကျိုးရှိသည့်ဘက်သို့ တွန်းပို့ပြိး အကျိုးနည်းမည့် စီမံကိန်းများသို့ မရောက်ရှိစေရန် အမြတ်၊ အရှုံးများကဲ့သို့ အရင်းအမြစ်များအား ခွဲဝေပေးနိုင်သည့် နည်းလမ်းမရှိပေ။ ပိုဆိုးသည်က အစိုးရများက အခြားသူများ၏ ကုန်ကျငွေများဖြင့် မျက်နှာသာပေးသည့် အလုပ်ကို များစွာ လုပ်ဆောင်လာသည့်အခါ အရင်းအမြစ်များကို အကျိုးဖြစ်ထွန်းစေသည့် လုပ်ငန်းများမှ လမ်းလွှဲသွားပြီး စည်းရုံးဆွဲဆောင်သည့်ဘက်သို့သာ လိုက်သွားတော့သည်။

စီးပွားရေးလုပ်ငန်းများ၊ အလုပ်သမားသမဂ္ဂများနှင့် အခြားသော အင်အားကောင်းသည့် အုပ်စုများထံမှ နိုင်ငံရေးထောက်ခံမှု ရရှိရန်အတွက် ထောက်ပံ့ကြေးများ၊ တနည်းနည်းဖြင့် ထောက်ပံ့မှုများသည် အခွန်များကို ဖြုန်းတီးသည့် အစိုးရ၏ ပင်မလုပ်ဆောင်ချက်တစ်ခု ဖြစ်လာသည်။ နီးစပ်သူများအား မျက်နှာသာပေးသည့် အရင်းစနစ် (ခရိုနီအရင်းစနစ်) သည် မိမိတို့၏ ဝင်ငွအဆင့်အတန်းများကို ကျဆင်းစေသည်သာမဟုတ်၊ နိုင်ငံရေး လုပ်ငန်းစဥ်ကိုလည်း အကျင့်ပျက်စေသည်။ စီးပွားရေးလုပ်ငန်းများနှင့် အခြားကိုယ်ကျိုးရှာ အဖွဲ့များသည် ဝါရှင်တန်ဒီစီတွင် ရုံးများ ဆက်လက် ဖွင့်လှစ်လာကြပြီး အရင်းအမြစ်များသည်လည်း လက်တစ်ဆုပ်စာ ကိုယ်ကျိုးအတွက် ပြည်သူ့ဘဏ္ဍာငွေများကို နှိုက်ယူသည့်အဖြစ်သို့ ပိုမိုရောက်ရှိလာကြသည်။ ထို့ပြင် ယင်းကြောင့် သာမန် အမေရိကန်များ၏ လူနေမှုအဆင့် အတန်းများကို နိမ့်ကျစေသကဲ့သို့ အမြတ်ထုတ်သူတို့မှာလည်း ပိုမိုကောင်းစားလာကြသည်။ ဝါရှင်တန် အနီးရှိ မြို့နယ်များသည် ယခုအခါ အမေရိကန်ပြည်ထောင်စု၏ ဝင်ငွေအမြင့်ဆုံးအဆင့်တွင် ရှိလာသည်မှာ တိုက်ဆိုင်မှု မဟုတ်ပေ။

အခြေခံအကျဆုံးအချက်မှာ စားသုံးမှုသည် စီးပွားရေးလုပ်ဆောင်ချက်အားလုံး၏ အန္တိမရည်မှန်းချက် ဖြစ်သောကြောင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို မသုံးစွဲခင် ထုပ်လုပ်ရပေမည်။ အစီအစဥ်များ၊ စီမံချက်များသည် (၁) ကုန်စည်များကို ဖျက်ဆီးသည်၊ (၂) စားသုံးသူများထံ ရောက်ရှိသည့် တန်ဖိုးထက် ပိုမိုကုန်ကျစေသည့် စီမံကိန်းများတွင် အရင်းအမြစ်များကို အချည်းနှီးသုံးစွဲသည်၊ (၃) လူသားများ၊ လုပ်ငန်းများ၊ အထူးစီးပွားရေး အုပ်စုများ အကျိုးအတွက် အခြားသော အခွန်ထမ်းသူများ၏ အခွန်များကို သုံးစွဲသည့်အခါ ကုန်ထုန်လုပ်မှုနှင့် စားသုံးမှုတို့ နှစ်မျိုးစလုံး ကျဆင်းစေလာပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးကို ထိခိုက်နစ်နာစေပါသည်။

မြန်မာ စကားပုံ

“အစကောင်းမှ အနှောင်းသေချာ။ “
– A good beginning ensures a satisfactory ending.

မှတ်ချက်။