🥬 အမြတ်အစွန်းများသည် စီးပွားရေးလုပ်ငန်းများအား ဓနတိုးစေမည့် လုပ်ဆောင်ချက်များဆီသို့ တည့်မတ်ပေးသည်။
04 Sep 2024 | လူငယ်မှသည် လူချမ်းသာဆီသို့နိုင်ငံတစ်နိုင်ငံတွင် ယင်း၏ မြေ၊ အဆောက်အဦနှင့် လူ့အရင်းအမြစ်များကို အဖိုးတန်သည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်ရာတွင် အသုံးပြုနိုင်လျှင် ထိုနိုင်ငံ၏လူထုမှာ အကျိုးခံစားရမည် ဖြစ်သည်။ မည်သည့်အချိန်ကာလတွင်မဆို မရေမတွက်နိုင်သော ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများစွာ လုပ်ဆောင်ရန် စဥ်းစားသုံသပ်နေကြသည်။ အချို့ရင်းနှီးမြှပ်နှံမှုများမှာ စားသုံးသူကျေနပ်မှုကို မြှင့်တက်စေသည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများကို ထုတ်လုပ်ရာတွင် အရင်းအမြစ်များကို သုံးစွဲကြသောကြောင့် စီးပွားရေးတိုးတက်မှု ဖြစ်ပေါ်စေသည်။ အချို့ရင်းနှီးမြှုပ်နှံမှုများမှာ အရင်းအမြစ်များ၏ အသုံးဝင်မှုတန်ဖိုးနှင့် စီးပွားရေးတိုးတက်မှုကို လျှော့နည်းစေသည်။ မိမိတို့အနေဖြင့် အရင်းအမြစ်များကို အကောင်းဆုံးအသုံးချမည်ဆိုလျှင် တန်ဖိုးမြင့်တက်စေမည့် စီမံကိန်းများကို အားပေးရမည်ဖြစ်ပြီး အကျိုးသိပ်မရှိဖြစ်စေသည့် စီမံကိန်းများကို တားမြစ်ရမည်ဖြစ်သည်။
ယင်းမှာ အရှူံးအမြတ်များ လုပ်ဆောင်ချက်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများသည် (ကုန်ကြမ်း၊ ကြားခံကုန်စည်များ၊ အင်ဂျင်နီယာနှင့် ရုံးလုပ်ငန်းဝန်ဆောင်မှုများစေသည့်) အရင်းအမြစ်များကို ဝယ်ယူပြီး ယင်းတို့အား ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ရာတွင် အသုံးပြု၍ စားသုံးသူများကို ရောင်းချကြသည်။ ထုတ်လုပ်ကုန်များရောင်းစျေးသည် ထုတ်လုပ်ရာသုံးစွဲခဲ့သည့် အရင်းအမြစ်စရိတ်များထက် များလျှင် ယင်းလုပ်ငန်းများမှာ အမြတ်အစွန်းကျန်ပြီ ဖြစ်သည်။ ဆိုလိုသည်မှာ စားသုံးသူများက ထုတ်လုပ်မှုတွင် လိုအပ်သည့် အရင်းအမြစ်များ ကုန်ကျမှုထက် စားသုံးသူများကို ပိုမိုတန်ဖိုးထားသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို လုပ်ငန်းများက ထုတ်လုပ်မှသာ အမြတ်ရမည် ဖြစ်သည်။
စားသုံးသူသတ်မှတ်သော ကုန်ပစ္စည်းတန်ဖိုးမှာ ယင်းစားသုံးသူက ပေးလိုသည့် စျေးနှုန်းပင် ဖြစ်သည်။ စားသုံးသူက ထုတ်လုပ်စရိတ်ထက် ပိုပေးသည့်အခါထုတ်လုပ်သူများအနေဖြင့် အကျိုးအမြတ်ရှိသဖြင့် အရင်းအမြစ်များကို အခြားအသုံးပြုမှုများမှ ပြောင်းလဲအသုံးပြုလာကြသည်။ အကျိုးအမြတ်ဆိုသည်မှာ အရင်းအမြစ်များကို ပိုမိုတန်ဖိုးရသည့် အရာတစ်ခုခုသို့ ပြောင်းလဲသုံးစွဲခြင်းပင် ဖြစ်သည်။
ဆန့်ကျင်ဘက်အားဖြင့် အရှုံးဆိုသည်မှာ အရင်းအမြစ်များကို ပိုမိုတန်ဖိုးရှိသော ပစ္စည်းများအဖြစ် ပြောင်းလဲသုံးစွဲခြင်း မပြုသောကြောင့် စီးပွားရေးလုပ်ငန်းအား ဒဏ်ခတ်မှုပင် ဖြစ်သည်။ အရင်းအမြစ်များကို ပိုမိုကောင်းမွန်စွာ အသုံးပြု၍ အခြားတန်ဖိုးရှိသော ပစ္စည်းများ မထုတ်လုပ်ခဲ့သည်ကို အရှုံးက ဖော်ညွှန်းသည်။
အင်္ကျီထုတ်လုပ်သည့်စက်ရုံတစ်ရုံသည် လစဥ် အင်္ကျီ ၁၀၀၀ ထုတ်လုပ်နိုင်ရန်အတွက် အဆောက်အဦ ငှားရမ်းခြင်း၊ လိုအပ်သည့် စက်ယန္တရားများ ငှားရမ်းခြင်း၊ ဝန်ထန်းများ ခန့်ထားခြင်း၊ အင်္ကျီအတွက်လိုအပ်သည့် အထည်စ၊ ကြယ်သီးနှင့် အခြားသော ပစ္စည်းပစ္စယများ ဝယ်ယူခြင်း စုစုပေါင်း စရိတ်သည် တစ်လလျှင် ဒေါ်လာ ၂၀၀၀၀၀ ကုန်ကျသည် ဆိုပါစို့။ စက်ရုံက တစ်ထည်လျှင် ဒေါ်လာ ၂၂၀ နှုန်းဖြင့် အင်္ကျီ ၁၀၀၀ ကို ရောင်းချလျှင် လစဥ်ဒေါ်လာ ၂၂၀၀၀၀ ရရှိမည်ဖြစ်ပြီး အင်္ကျီထုတ်လုပ်သူသည် သူနှင့် စားသုံးသူနှင်ဦးစလုံးအား ပေါကြွယ်ဝစေခဲ့သည်။ ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် စားသုံးသူများက စျေးပိုပေးလိုခြင်းသည် ထုတ်လုပ်မှုတွင် သုံးစွဲထားသော အရင်းအမြစ်များကို တန်ဖိုးထားသည်ထက် အင်္ကျီကို ပိုမိုနှစ်သက်တန်ဖိုးထားကြကြောင်း ပြသနေသည်။
အကယ်၍ အင်္ကျီတစ်ထည်ချင်း စျေးနှုန်းသည် ဒေါ်လာ ၁၇၀ ထက်ပို၍ ရောင်းချမရပါက ထုတ်လုပ်သူသည် တစ်လလျှင် ဒေါ်လာ ၁၇၀၀၀၀ သာဝင်ငွေရှိပြီး တစ်လလျှင် ဒေါ်လာ ၃၀၀၀၀ အရှုံးပေါ်မည် ဖြစ်သည်။ ထုတ်လုပ်သူအနေဖြင့် အရင်းအမြစ်များ၏ တန်ဖိုးကို လျော့နည်းအောင် လုပ်ဆောင်ခဲ့သည့်အတွက် အရှုံးပေါ်ရခြင်း ဖြစ်သည်။ အပြီးသတ် ထုတ်ကုန်ဖြစ်သော အင်္ကျီများအား ယင်းထုတ်လုပ်မှုတွင် သုံးစွဲထားသည့် အရင်းအမြစ်များလောက် စားသုံးသူများက နှစ်သက်တန်ဖိုးထားခြင်း မရှိသောကြောင့် ဖြစ်သည်။ အင်္ကျီပြုလုပ်ရာတွင် အသုံးပြုသည့် အရင်းအမြစ်များအား အခြားထုတ်ကုန်များ ပြောင်းလဲထုတ်လုပ်ရာတွင် အသုံးပြုနိုင်လျှင် ပိုမိုတန်ဖိုးရှိလိမ့်မည်ကို စားသုံးသူများက အလိုလိုသိနေသည်ဟု မိမိတို့အနေဖြင့် ဆိုလိုခြင်းမဟုတ်ပါ။ သို့သော် စားသုံးသူများ၏ ရွေးချယ်မှုက အချက်ပြနေသည်မှာ ထုတ်လုပ်သူအနေဖြင့် အရှုံးမပေါ်လိုလျှင် ထုတ်လုပ်မှုအစီအစဥ်ပြောင်းလဲပါဟူ၍ ဖြစ်သည်။
စျေးကွက်စီးပွားရေးစနစ်တွင် အရှုံးပေါ်ခြင်း၊ စီးပွားရေး ကျဆုံးခြင်းတို့ကြောင့် နောက်ဆုံးတွင် အရှုံးမခံနိုင်တော့ပဲ လုပ်ငန်းရပ်စဲသွားစေသည်။ အရှုံးများနှင့် စီးပွားရေးကျဆုံးမှုများသည် မကြာခဏပင် ရင်းနှီးမြှပ်နှံသူများနှင့် ဝန်ထန်းများအား ထိခိုက်နာကျင်စေသော်လည်း အကောင်းဘက်က ကြည့်လျှင် ကြွယ်ဝစေမည့် ထုတ်လုပ်မှုလုပ်ငန်းများတွင် အရင်းအမြစ်များကို အသုံးပြုလာနိုင်ပါသည်။
မိမိတို့နေထိုင်သော မျက်မှောက်ကမ္ဘာသည် အမြဲပြောင်းလဲနေသော စမ်းသပ်မှုများနှင့် နည်းပညာများ၊ မပြည့်စုံသည့် အသိပညာများနှင့် မရေရာမှုများ ရှိနေသည့် ကမ္ဘာဖြစ်သည်။ စီးပွားရေး လုပ်ငန်းပိုင်ရှင်များအနေဖြင့် အနာဂတ်၏ ကုန်ထုတ်စရိတ်များကို အတတ်မသိနိုင်ကြပေ။ ထို့ကြောင့် လုပ်ငန်းရှင်များ၏ ဆုံးဖြတ်ချက်များမှာ ခန့်မှန်းချက်အပေါ်တွင်သာ အခြေတည်နေကြသည်။ သို့ရာတွင် စျေးကွက်စီးပွားရေးစနစ်၏ ဆုပေး၊ ဒဏ်ပေး ပုံသဏ္ဍန်မှာမူ ရှင်းလင်းပါသည်။ ကုန်ပစ္စည်းများကို ကုန်ကျစရိတ်နည်းနည်းဖြင့် ထုတ်လုပ်နိုင်ပြီး ထုတ်ကုန်များကို စားသုံးသူများအား ကုန်ကျစရိတ်ထက် စွဲဆောင်ရောင်းချနိုင်မည်ဟု ခန့်မှန်းတွက်ချက်နိုင်သည့် စွန့်ဦးတီထွင်လုပ်ငန်းရှင်များမှာ ကြီးပွားပါလိမ့်မည်။ ထုတ်လုပ်စရိတ်သက်သာမှုလည်း မရှိ၊ အရင်းအမြစ်များကိုလည်း ဝယ်လိုအား နည်းသည့် ကုန်ပစ္စည်များထုတ်လုပ်သည့် လုပ်ငန်း လုပ်ငန်းရှင်များမှာ အရှုံးနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ငွေကြေးမပြေလည်မှုများ ဖြစ်ပေါ်လာမည်ဖြစ်သည်။
အမြတ်နှင့် အရှုံးများသည် လုပ်ငန်းရင်းနှီးမြှပ်နှံမှုများကို စီးပွားရေး တိုးတက်မှု မြှင့်တင်ပေးသည့် စီမံကိန်းများသို့ လမ်းညွှန်ပေးပြီး ရှားပါး အရင်းအမြစ်များ ဖြုန်းတီးသည့် ရွေးချယ်မှုများမှ လမ်းလွှဲပေးပါသည်။ ယင်းက အဓိကအရေးပါသည့် လုပ်ဆောင်ချက် ဖြစ်သည်။ ယင်းလုပ်ဆောင်ချက်ကို ဆောက်ရွက်ရန် ပျက်ကွက်သည့် စီးပွားရေးသည် စီးပွားရေး ရပ်တန့်ခြင်း သို့မဟုတ် အခြေအနေ ပိုမိုဆိုးရွားလာခြင်းကို သေချာလုနီးပါး ကြုံတွေ့ခံစားရမည် ဖြစ်သည်။
မြန်မာ စကားပုံ
“တန်နှင့်အားကို လေးနှင့်မြှားကဲ့သို့ ညီအောင်လုပ်ပါ။”
– Adjust burden to strength, like arrow to bow.
မှတ်ချက်။
- Trans-Myanmar International, ATLAS Network, Friedrich Neumann Stiftung Für Die Freiheit မှ တင်ဆက်သော သိလွယ်မြင်လွယ် ဘောဂဗေဒ မှ ကောက်နှုတ်တင်ပြထားခြင်းဖြစ်ပါသည်။
- PDF ဖြင့် ဖတ်ချင်သူများအတွက် ဒေါင်ရန်