⛑️ စျေးနှုန်းများက ရောင်းသူနှင့် ဝယ်သူများ၏ ရွေးချယ်မှုများကို ဟန်ချက်ညီစေသည်။
03 Sep 2024 | လူငယ်မှသည် လူချမ်းသာဆီသို့စျေးကွက်စျေးနှုန်းများက ရောင်းဝယ်၊ ဝယ်သူများ၏ ရွေးချယ်မှုများကို လွှမ်းမိုးပါလိမ့်မည်။ ကုန်စည်တစ်ခု စျေးနှုန်းတက်လာပြီး ဝယ်ယူစရိတ်ကြီးမြင့်လာသည့်အခါ ပုံမှန်အားဖြင့် ဝယ်သူတို့က အရေအတွက် လျော့နည်းဝယ်ယူတတ်ကြသည်။ ထို့ကြောင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုတစ်ခု၏ စျေးနှုန်းနှင့် ဝယ်လိုသည့်အရေအတွက်အကြား အပျက်သဘော ဆက်စပ်မှုတစ်ခု ရှိသည်။ ၎င်းဆက်စပ်မှုကို ဝယ်လိုအားနိယာမဟု ခေါ်သည်။
ရောင်းသူများအဖို့မှာ ကုန်စည်တစ်ခုစျေးနှုန်းတက်ခြင်းကြောင့် စိတ်အားထက်သန်စွာဖြင့် ယင်းကုန်စည်ကို ပိုမိုထုတ်လုပ်ရောင်းချလာနိုင်စေသည့် ထပ်တိုးဝင်ငွေးများ ဖြစ်ပေါ်စေသည်။ ထို့ကြောင့် ကုန်စည်တစ်ခု၏ စျေးနှုန်းနှင့် ထုတ်လုပ်သူက ထုတ်လုပ်ရောင်းချသည့် အရေအတွက်အကြား အပြုသဘောဆက်သွယ်ချင်တစ်ခု ရှိသည်။ ၎င်းဆက်သွယ်ချက်ကို ရောင်းလိုအားနိယာမဟု ခေါ်သည်။
စျေးနှုန်း၊ ဝယ်လိုအားအရေအတွက်နှင့် ရောင်းလိုအားအရေအတွက်တို့ကို ဖော်ပြရန် ဘောဂဗေဒ ပညာရှင်များက ဂရပ်များ အသုံးပြုလေ့ရှိသည်။ ထိုသို့ ပြသရာတွင် ကုန်စည်တစ်ခု စျေးနှုန်းကို ဒေါင်လိုက် y ဝင်ရိုးပေါ်တွင် ထားပြီး အချိန်ကာလပမာဏကို (ဥပမာ ရက်သတ္တပတ်၊ လ သို့မဟုတ် နှစ်) x ဝင်ရိုးတွင် ထားသည်။ ကုန်စည်က နွားနို့ဟု ယူဆသည့် ဥပမာတွင် ရှင်းလင်းဖော်ပြချက် ၁ က ဝယ်လိုအားနှင့် ရောင်းလိုအား ဂရပ်ကိုပြသည်။
အမှန်တကယ် အရေးကြီးသည့် အချက်မှာ ဥပမာတွင် ပြသည့်အတိုင်း နွားနို့တစ်ဂါလံလျှင် ၃ ဒေါ်လာသို့ စျေးတက်သွားသည့်အခါ ဝယ်လိုအားပမာဏသည် ရောင်းလိုအားပမာဏနှင့် မျှခြေဖြစ်သွားပါလိမ့်မည်။ ၃ ဒေါ်လာရှိ မျှခြေစျေးနှုန်းတွင် စားသုံးသူများက တစ်ရက်လျှင် နွားနို့ ၁၅၀၀၀ ဂါလံဝယ်ယူလိုပါလိမ့်မည်။ ယင်းက နွားနို့ထုတ်လုပ်သူများ ထုတ်လုပ်ရောင်းချလိုသည့် ပမာဏအတိုင်း ဖြစ်သည်။ စျေးနှုန်းသည် စားသုံးသူနှင့် ထုတ်လုပ်သူများ၏ ရွေးချယ်မှုများကို ညှိနှိုင်းဆောက်ရွက်ပေးပြီး ဟန်ချက်ညီစေသည်။
ဥပမာအားဖြင့် ၃ ဒေါ်လာမှ ၄ ဒေါ်လာသို့ စျေးတက်သွားလျှင် ထုတ်လုပ်သူများ တစ်ရက်လျှင် ထုတ်လုပ်ရောင်းချလိုသည့် နွားနို့ပမာဏက စားသုံးသူများ တစ်ရက်ဝယ်ယူလိုသည့် ပမာဏထက် များပြားပေလိမ့်မည်။ ၄ ဒေါ်လာစျေးနှုန်းတွင် ထုတ်လုပ်သူများက သူတို့ ဆန္ဒရှိသလောက် မရောင်းချနိုင်ဖြစ်တတ်သည်။ ကုန်စည်ထုတ်လုပ်မှုက မြင့်တက်လာပြီး ပိုလျှံစွာ ထုတ်လုပ်မိခြင်းကြောင့် အချို့ထုတ်လုပ်သူများက ထိုသို့ပိုလျှံနေသည့် ကုန်ပစ္စည်းများ လျှော့ချနိုင်ရန် စျေးနှုန်းများ လျှော့ချကြလိမ့်မည်။ မျှခြေစျေးနှုန်းဖြစ်သည့် ၃ ဒေါ်လာသို့ ရောက်သည်အထိ စျေးနှုန်းဆက်လက် ကျဆင်းလိမ့်မည်ဖြစ်သည်။ စျေးနှုန်းသည် မျှခြေအထက် ရှိသည့်အခါ စျေးကွက်တွန်းအားများက မျှခြေစျေးနှုန်းသို့ ရောက်သည်အထိ စျေးနှုန်းကျဆင်းစေတတ်သည့် သဘောက နားလည်ရန် လွယ်ကူပါသည်။
အလားတူ ဥပမာအားဖြင့် နွားနို့စျေးသည် ၃ ဒေါ်လာမှ ၂ ဒေါ်လာသို့ လျော့နည်းကျဆင်းနေလျှင် စားသုံးသူများက ထုတ်လုပ်သူများ ထုတ်လုပ်ရောင်းချလိုသည့် ပမာဏထက် ပိုမိုဝယ်ချင်လာကြသည်။ ၎င်းက ဝယ်လိုအားများ လိုအပ်သည်ထက် ပိုမိုဖြစ်ပေါ်စေပြီးနောက် စျေးတက်စေသည့် ဖိအားတစ်ခုဖြစ်စေသည်။ သည့်နောက် မျှခြေစျေးနှုန်း ၃ ဒေါ်လာသို့ ပြန်လည်ရောက်ရှိစေသည့် သဘောဆောင်လာလိမ့်မည်ဖြစ်သည်။ ဝယ်လိုသူများနှင့် ရောင်းသူများ၏ ရွေးချယ်မှုများသည် မျှခြေစျေးနှုန်း ၃ ဒေါ်လာတွင် တည်မြဲစေသည့် သဘောရှိပြီး စျေးကွက်စျေးနှုန်းကလည်း ဤအဆင့်သို့ ရောက်သွားလိမ့်မည်။
ရောင်းလိုအား၊ ဝယ်လိုအားတို့၏ လုပ်ဆောင်ပုံကို eBay (အင်တာနက်မှ ပစ္စည်းရောင်းဝယ်ရေးလုပ်နိုင်သော ဝန်ဆောင်မှု တစ်ခု) မှ လူအများ ရင်းနှီးပြီးဖြစ်သည့် အခင်းအကျင်းတစ်ခုဖြင့် ပြသထားသည်။ eBay တွင် ရောင်းသူများက ကုန်စည်များ အတွက် သူတို့လက်ခံနိုင်မည့် အနိမ့်ဆုံးစျေးနှုန်းများ ထည့်သွင်းထားပြီး ဝယ်သူများကလည်း သူတို့ပေးလိုသည့် အမြင့်ဆုံးစျေးနှုန်း ထည့်သွင်းထားသည်။ လေလံပွဲစီမံခန့်ခွဲမှုစနစ်က ဝယ်သူများကိုယ်စား ကြိုတင်သတ်မှတ်ထားပြီး စျေးနှုန်းများဖြင့် စျေးဆိုပါလိမ့်မည်။ ရောင်းဝယ်ရေး ကာလပြီးဆုံးချိန် သို့မဟုတ် တစ်ဦးတစ်ယောက်က ချယ်ခြင်းဝယ်ယူမည့် စျေးနှုန်းပေးချေရန် သဘောတူသည်အထိ လေလံပစ်တတ်သည်။ ဝယ်သူများက ရောင်းသူတောင်းဆိုသည့် အနိမ့်ဆုံးစျေးနှုန်းအထက် စျေးနှုန်းတစ်ခုခေါ်သည့်အခါမှသာ ဖလှယ်မှု ဖြစ်ပေါ်သည်။ သို့သော် ဤသို့အရောင်းအဝယ်တည့်သည်နှင့် ရောင်းသူ၊ ဝယ်သူ နှစ်ဘက်စလုံး အကျိုးရှိပါလိမ့်မည်။
eBay အီလက်ထရောနစ်စျေးကွက်မှာကဲ့သို့ မသိသာသော်လည်း အခြားစျေးကွက်များရှိ ရောင်းလိုအား၊ ဝယ်လိုအားတွန်းအားစုများကလည်း အလားတူလုပ်ဆောင်လျက်ရှိသည်။ ဝယ်လိုအား မျဥ်းကွေး၏ အမြင့်က အခြားကုန်စည်တစ်မျိုးအတွက် စားသုံးသူပေးချေလိုသည့် အမြင့်ဆုံးပမာဏကို ညွှန်ပြနေပြီး ရောင်းလိုအားမျှဥ်းကွေးက ယင်းကုန်စည်အတွက်ပင် ထုတ်လုပ်သူများ ရောင်းချလိုသည့် အနိမ့်ဆုံးစျေးနှုန်းကို ပြသသည်။ စျေးနှုန်းသည် စားသုံးသူပေးချေလိုသည့် အမြင့်ဆုံးစျေးနှုန်းနှင့် ရောင်းချသူ ရောင်းလိုသည့် အနိမ့်ဆုံးစျေးနှုန်းအကြား ရှိနေသည်နှင့်အမျှ ကုန်သွယ်ရေးမှ အကျိုးအမြတ် ရနိုင်ခြေများ ရှိသည်။ ထို့ပြင် မျှခြေ စျေးနှုန်းရှိသည့်အခါ ရောင်းဝယ်ဖလှယ်ခြင်းမှ ရနိုင်ခြေရှိသည့် အကျိုးကျေးဇူးများ အမှန်တကယ် ဖြစ်လာသည်။
ထို့ကြောင့် စားသုံးသူများက အမှန်ရှိနေသည့် စျေးနှုန်းထက် စျေးပိုပေးဝယ်နိုင်သည့် အရာများသာ ဝယ်လိုကြလိမ့်မည်။ အလားတူ ထုတ်လုပ်သူများကလည်း ယင်းစျေးနှုန်းအောက် ကုန်ကျစရိတ်ဖြင့် ထုတ်လုပ်နိုင်သည့် အရာများသာ ထုတ်လုပ်ကြတော့မည်။ မျှခြေစျေးနှုန်းရှိသည့်အခါ စားသုံးသူများထံ ရောင်းချသည့် ကုန်စည် တန်ကြေးက ထုတ်လုပ်ရာတွင် လိုအပ်သည့် အရင်းအမြစ်များကုန်ကျမှုအထက် ပိုမိုသည်နှင့်အမျှ ကုန်ပစ္စည်းများ ပိုမိုထုတ်လုပ်ပြီး ဝယ်လိုသည့်ပမာဏနှင့် ရောင်းလိုသည့် ပမာဏကို ဟန်ချက်ညီစေသည်သာမဟုတ်၊ စားသုံးသူများက ထုတ်လုပ်ရာတွင် ကုန်ကျသည်ထက် တန်ကြေးများစွာ ပိုပေးနိုင်သည့် ယင်းကုန်စည်များ ထုတ်လုပ်ရောင်းချရန် ထုတ်လုပ်သူများအားလည်း ညွှန်ကြားသည်။ ဤအရာသည် မည်သည့်စျေးကွက်တွင်ဖြစ်စေ မှန်ကန်သည့်အချက်ဖြစ်သည်။
ကျွန်ုပ်တို့သည် ပြောင်းလဲလှုပ်ရှားနေသည့် ကမ္ဘာတွင် နေထိုင်နေကြခြင်း ဖြစ်သည်။ ဝင်ငွေ၊ အစားထိုးကုန်ပစ္စည်းစျေးနှုန်းနှင့် အနာဂတ်မျှော်မှန်းစျေးနှုန်းကဲ့သို့ အပြောင်းအလဲများက ကုန်စည်ဝယ်လိုအားများကို ပြောင်းလဲလိမ့်မည်ဖြစ်သည်။ အလားတူ နည်းပညာ၊ အရင်းအမြစ်စျေးနှုန်း၊ ထောက်ပံ့ကြေး၊ အခွန်များကဲ့သို့ အပြောင်းအလဲများကလည်း ကုန်ကျမှုနှင့် ရောင်းလိုအားမျှဥ်းကွေးကို ပြောင်းလဲစေမည် ဖြစ်သည်။ စရိတ်ကျဥ်းထုတ်လုပ်နည်းစနစ်များ ရှာဖွေတွေ့ရှိလာပြီး ထုတ်ကုန်အသစ်များ မိတ်ဆက်လာနိုင်မည် ဖြစ်သည်။ သို့သော် စျေးနှုန်းထိန်းချုပ်မှုများ သို့မဟုတ် အခြားသော နိုင်ငံရေးဝင်ရောက်စွတ်ဖတ်မှုပုံစံများဖြင့် မထိန်းချုပ်လျှင် စျေးကွက်စျေးနှုန်းများသည် ရှင်သန်နေသည့် အပြောင်းအလဲများကို တုန့်ပြန်မည်ဖြစ်ပြီး ရောင်းသူ၊ ဝယ်သူများကိုလည်း သူတို့ ရွေးခြယ်မှုများ မျှခြေဖြစ်စေမည့် သတင်းအချက်အလက်များနှင့် မက်လုံးများ ပံ့ပိုးမည် ဖြစ်သည်။ ယင်းချိန်ဆမှုများသည် တခဏအတွင်း ဖြစ်ပေါ်လာသည်တော့ မဟုတ်ချေ။ အခြေအနေသစ်များ အပေါ် အပြည့်အဝ ချိန်ညှိမှု လုပ်ဆောင်ရန် စားသုံးသူနှင့် ထုတ်လုပ်သူများ နှစ်ဖက်လုံးအတွက် အချိန်လိုပါလိမ့်မည်။ ရှေ့ဆက် ဆောက်ရွက်သည်နှင့် ဤလုပ်ငန်းစဥ်အပေါ် အသေးစိတ် ခွဲခြမ်းစိတ်ဖြာရပါတော့သည်။
မြန်မာ စကားပုံ
“မမှားသော ရှေ့နေ၊ မသေသော ဆေးသမား “
– A lawyer who wins all cases or a doctor who saves all patients is unheard of.
မှတ်ချက်။
- Trans-Myanmar International, ATLAS Network, Friedrich Neumann Stiftung Für Die Freiheit မှ တင်ဆက်သော သိလွယ်မြင်လွယ် ဘောဂဗေဒ မှ ကောက်နှုတ်တင်ပြထားခြင်းဖြစ်ပါသည်။
- PDF ဖြင့် ဖတ်ချင်သူများအတွက် ဒေါင်ရန်