📈 ရောင်းဝယ်မှုဆိုင်ရာ ကုန်ကျစရိတ်များမှာ ကုန်သွယ်ရေးအတွက် အတားအဆီးတစ်ခု ဖြစ်သည်။

|

မိမိဆန္ဒအလျောက် ဖလှယ်ခြင်းသည် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပေါ်စေပြီး မိမိတို့ လိုလားသည့် အရာဝတ္ထများကိုလည်း ပိုမိုရရှိစေသည်။ သို့သော် ကုန်သွယ်မှု ကိုယ်၌သည်ပင်လျှင် အကုန်အကျများပါသည်။ အလားအလာရှိသည့် ကုန်သွယ်ဖက်များရှာဖွေ၍ ကုန်သွယ်မှုများ ညှိနှိုင်းပြီး အရောင်းအဝယ် အထမြောက်စေရန် အချိန်၊ ကြိုးစားအားထုတ်မှုနှင့် အခြားသောအရင်းအမြစ်များ လိုအပ်ပါသည်။ ဤနည်းဖြင့် အသုံးပြုလိုက်ရသည့် အရင်းအမြစ်များကို ရောင်းဝယ်မှုဆိုင်ရာ ကုန်ကျစရိတ်များဟု ခေါ်ပြီး ဥစ္စဓန တိုးပွားရေးအတွက် အတားအဆီးတစ်ခု ဖြစ်သည်။ ယင်းတို့က မိမိတို့၏ ထုတ်လုပ်နိုင်စွမ်းနှင့် နှစ်ဘက်အကျိုးရှိ ကုန်သွယ်ရေးများမှ အကျိုးအမြတ်များ ရရှိရေးကို ကန့်သတ်သည်။

စားသုံးသူများထံ ထုတ်ကုန်များ ရောက်ရှိစေရေးကြိုးပမ်းရာတွင် သမုဒ္ဒရာများ၊ မြစ်များနှင့် တောင်တန်းများကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ အတားအဆီးများကြောင့် လုပ်ငန်းဆောင်ရွက်မှုစရိတ် (ဝါ) ရောင်းဝယ်မှုဆိုင်ရာစရိတ်များ ကြီးတတ်သည်။ လမ်းပန်းဆက်သွယ်ရေးတွင် ရင်းနှီးမြှပ်နှံမှုများ၊ သယ်ယူပို့ဆောင်ရေးနှင့် သတင်းဆက်သွယ်ရေး တို့အား ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ပေးခြင်းတို့ဖြင့် ရောင်းဝယ်မှုကုန်ကျစရိတ်များကို လျှော့ချပေးနိုင်ပါသည်။ အချို့အခြေအနေများတွင် ရောင်းဝယ်မှုစရိတ်မြင့်မားရခြင်းမှာ သတင်းအချက်အလက်များ မရသောကြောင့် ဖြစ်သည်။ ဥပမာ မိမိအနေဖြင့် အတန်းအတွက် လိုအပ်သည့် ဘောဂဗေဒ ပြဌာန်းစာအုပ်ကို ဝယ်ချင်သော်လည်း မည်သူ့ထံတွင် ယင်းစာအုပ်ရှိ၍ ချိုသာသည့် စျေးနှုန်းဖြင့် ရောင်းချမည်ကို မသိပေ။ ယင်းစာအုပ်ရောင်းမည့်သူအား မိမိအနေဖြင့် ကြိုးစားရှာဖွေရမည် ဖြစ်သည်။ ထို့အတွက် အသုံးပြုရမည့် အချိန်နှင့် အားအင်သည် ဝယ်ယူမှုအတွက် ကုန်ကျသည့် စရိတ်တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

မကြာခဏဆိုသလိုပင် အခွန်အခများ၊ လိုင်စင်လိုအပ်ချက်များ၊ အစိုးရစည်းကမ်းချက်များ၊ စျေးနှုန်းထိန်းချုပ်မှုများ၊ အကောက်ခွန်များ သို့မဟုတ် ခွဲတမ်းစနစ်များစသည့် နိုင်ငံရေးဆိုင်ရာ အတားအဆီးများကြောင့် ရောင်းဝယ်မှုစရိတ်များ မြင့်တက်လေ့ရှိသည်။ ရုပ်ပိုင်းဆိုင်ရာ အတားအဆီးဖြစ်စေ၊ သတင်းအချက်အလက်ဆိုင်ရာ အတားအဆီးဖြစ်စေ၊ နိုင်ငံရေးဆိုင်ရာ အတားအဆီးဖြစ်စေ ယင်းအတားအဆီးများသည် ရောင်းဝယ်မှုစရိတ်ကို ကြီးမြင့်စေပြီး အရင်းအမြစ်များကို အကျိုးရှိစွာ အသုံးပြုမှုကို အားပေးရာမရောက် ဖြစ်စေသောကြောင့် ကုန်သွယ်ရေးမှ ရရှိလာနိုင်မည့် အကျိုးအမြတ်များကို လျော့နည်းသွားစေသည်။ ကုန်သွယ်မှုပြုလုပ်နိုင်ရန် စီစဥ်ပေးသူများနှင့် ပိုကောင်းသော ရွေးချယ်မှုများ ရရှိလာအောင် ကူညီပေးသူများမှာ ရောင်းဝယ်မှုကုန်ကျစရိတ်များကို လျှော့ချပေးပြီး စီးပွားရေးတိုးတတ်မှုကို ဖြစ်ပေါ်စေပါသည်။ ကြားခံလူများဟုခေါ်သည့် အထူးပြုလုပ်ကိုင်ကြသူများတွင် တက္ကသိုလ် စာအုပ်ဆိုင်၊ အိမ်ခြံမြေ အကျိုးဆောင်များ၊ အစုရှယ်ယာပွဲစားများ၊ မော်တော်ယာဥ် ရောင်းချသူများ၊ ကြော်ငြာလုပ်ငန်းရှင်များနှင့် ကုန်သည်အမျိုးမျိုးတို့ပါဝင်သည်။

အဆိုပါ ကြားလူများမှာ ဝယ်ယူမည့် ပစ္စည်းအပေါ် တန်ဖိုးတစ်စုံတစ်ရာ မဖြည့်ပေးဘဲ ကုန်ပစ္စည်း စျေးနှုန်းများကိုသာ မြင့်တက်စေသည်ဟု အများက ယုံကြည်တတ်ကြသည်။ သို့သော် ရောင်းဝယ်မှုကုန်ကျစရိတ်များမှာ ကုန်သွယ်ရေး အတားအဆီးများ ဖြစ်သည်ကို သဘောပေါက်သည်နှင့် ဤအမြင်မှားယွင်းကြောင်း သိမြင်လာပေးလိမ့်မည်။ မိမိတို့အနေဖြင့် ကြားခံလူများ လျှော့ချရေးကို အတွင်တွင် ပြောဆိုတတ်ကြသော်လည်း လက်တွေ့တွင်မှု မလျှော့ချနိုင်ကြပေ။

ဥပမာ ကုန်စုံဆိုင်ဖွင့်လှစ်သူသည် ကြားခံလူဖြစ်သည်။ (ယနေ့ခေတ် အကြီးစား စူပါမားကက်များသည် ကြားခံလူများစွာ၏ အတူတကွ ဝန်ဆောင်မှုပေးသည့် လုပ်ဆောင်ချက်များပင် ဖြစ်သည်။) စျေးသွားဝယ်သည့် အိမ်ရှင်မတစ်ဦးအနေဖြင့် အသီးအရွက်ဝယ်ယူရန် တောင်သူများနှင့်၊ သစ်သီးများဝယ်ယူရန် သစ်သီးဝလံစိုက်ပျိုးသူများနှင့်၊ ထောပတ်၊ နို့နှင့် ချိစ်များ ဝယ်ယူရန် နို့စားနွားမွေးမြူသူများနှင့်၊ အမဲသားနှင့် ငါးများဝယ်ယူရန် မွေးမြူရေးသမား သို့မဟုတ် တံငါသည်နှင့် တိုက်ရိုက်ဆက်သွယ်ဝယ်ယူရမည်ဆိုလျှင် ထမင်းစားပွဲတစ်ပွဲ ချက်ပြုတ်ပြင်ဆင်ရန် အချိန်မည်မျှကုန်မည်၊ အားအင်မည်မျှ စိုက်ထုတ်ရမည်ကို စဥ်းစားကြည့်ပါ။ ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းသူများသည် စားသုံးသူများ ကိုယ်စား ရောင်းချသူများနှင့် ဆက်သွယ်ဝယ်ယူပြီး လွယ်ကူအဆင်ပြေသည့် နေရာတွင် ပစ္စည်းများခင်းကျင်း၍ လုံလောက်အောင် ရောင်းချပေးသည်။ ကုန်စုံဆိုင်နှင် အခြားသော ကြားခံလူအသီးသီးတို့သည် ရောင်းဝယ်မှုစရိတ်များကို လျှော့ချပေးပြီး ရောင်းသူ၊ ဝယ်သူများအကြား ကုန်သွယ်မှုအကျိုးအမြတ်များ အလွယ်တကူ ရရှိစေသည်။ ယင်းဝန်ဆောင်မှုများမှာ ကုန်သွယ်မှုပမာဏကို မြင့်တက်စေပြီး စီးပွားရေးတိုးတက်မှုကိုလည်း ဆောင်ကြဥ်းပေးသည်။

မြန်မာ စကားပုံ

“ကံယုံ၍ ဆူးပုံမနင်းရာ”
– Don’t jump into a pit of thorns out of blind faith.

မှတ်ချက်။