🚀 ကုန်သွယ်ရေးက စီးပွားရေးတိုတက်မှုကို ဖြစ်စေသည်။

|

ကုန်သွယ်ရေး၏ အခြေခံမှာ အပြန်အလှန် အကျိုးအမြတ် ရရှိမှုဖြစ်သည်။ လူတို့သည် မိမိတို့ ကောင်းစားရေးကို မြှင့်တင်ရန် မျှော်လင့်သောကြောင့် ကုန်စည်ဖလှယ်ရန် သဘောတူခြင်း ဖြစ်သည်။ ကုန်သွယ်ရေးလုပ်ရသည့် အကြောင်းရင်းမှာ “ခင်ဗျားက ကျွန်တော့်အတွက် ကောင်းတာ လုပ်ပေးရင် ကျွန်တော်ကလည်း ခင်ဗျားအတွက် ကောင်းတာ လုပ်ပေးမယ်။” ဟူ၍ အကျဥ်းချုပ်ဖော်ပြနိုင်ပါသည်။ ကုန်သွယ်ရေးမိတ်ဖက်အသီးသီးတို့သည် လိုချင်သည်ထက် ပိုမိုရရှိကြသဖြင့် ကုန်သွယ်ရေးမှာ အကျိုးများလှပေသည်။ ကုန်သွယ်ရေး အကျိုးအမြတ်ထွက်ပေါ်စေသော ပင်မအရင်းခံ ၃ မျိုး ရှိလေသည်။

ပထမ - ကုန်သွယ်ရေးသည် ကုန်ပစ္စည်းများကို တန်ဖိုးထားမှု နည်းသည့်သူများထံမှ တန်ဖိုးထားမှု ပိုသည့်သူများထံသို့ စီးဆင်းစေသည်။မည်သည့် အသစ်အဆန်းမျှ မထုတ်လုပ်သည့်တိုင်အောင် ကုန်သွယ်ရေးကြောင့် ကုန်စည်များ၏ တန်ဖိုးကို တက်စေသည်။ ကြော်ငြာများမှ ဖြစ်စေ၊ အင်တာနက်မှဖြစ်စေ တပတ်နွမ်းပစ္စည်းများကို အရောင်းအဝဘ်လုပ်ကြသော သုံးပြီးပစ္စည်းများ စျေးကွက်တွင် ကုန်စည်သစ်များ ထုတ်လုပ်ရောင်းချခြင်း မဟုတ်ပေ။ သို့သော် ကုန်သွယ်မှုကြောင့် ယင်းကုန်ပစ္စည််းများကို ပိုမိုတန်ဖို့ထားကြသူများထံ လွှဲပြောင်းပေးသည်။ ဝယ်သူနှင့် ရောင်းသူ ၂ ဦးလုံးကို အကျိုးရှိစေပါသည်။ သို့မဟုတ်ပါက ကုန်သွယ်မှု ဖြစ်လာမည် မဟုတ်ချေ။

လူတို့၏ နှစ်သက်မှုများ၊ ဗဟုသုတနှင့် ပန်းတိုင်များမှ များစွာကွဲပြားခြားနားကြသည်။ လူတစ်ဦးအတွက် အဖိုးမတန်သလိုရှိသည့် ပစ္စည်းတစ်ခုမှာ အခြားသူတစ်ဦးအတွက် တန်ဖိုးကြီးရတနာတစ်ခု ဖြစ်နိုင်ပါသည်။ အီလက်ထရောနစ်သဘာရပ်အကြောင်း ရေးသားထားသော ပညာရပ်အရမ်းဆန်သည့် စာအုပ်တစ်အုပ်သည် အနုပညာ စုဆောင်းသူအတွက် ဘာမှအသုံးမဝင်သော်လည်း အင်ဂျင်နီယာတစ်ဦးအတွက်မှု ဒေါ်လာ ရာချီတန်ဖိုး ရှိပေမည်။ အလားတူပင် အင်ဂျင်နီယာတစ်ယောက်အတွက် ပန်းချီကားတစ်ချပ်သည် ဘာမှအရေးစိုက်စရာမရှိသော်လည်း အနုပညာမြတ်နိုးစုဆောင်းသူအတွက်မှု တန်ဖိုးထားစရာ ဖြစ်ပေမည်။ အီလက်ထရောနစ် စာအုပ်အား အင်ဂျင်နီယာထံသို့၊ ပန်းချီကားကို အနုပညာ စုဆောင်းသူထံသို့ အသီးသီး လွှဲပြောင်းဖလှယ်ခြင်းသည် ၂ ဦးလုံးအတွက် အကျိုးဖြစ်ထွန်းပါသည်။ ကုန်သွယ်ခြင်းက ၂ ဦးလုံးအတွက် အကျိုးဖြစ်ထွန်းသလို နိုင်ငံကိုလည်း ကြွယ်ဝစေပါသည်။ နိုင်ငံ၏ကြွယ်ဝမှုကို ဆုံးဖြတ်သည်မှာ နိုင်ငံက ထုတ်လုပ်နိုင်သည့် ကုန်စည်နှင့်ဝန်ဆောင်မှု ပမာဏမဟုတ်ဘဲ ယင်းကုန်စည်နှင့် ဝန်ဆောင်မှုများကို မည်သို့ခွဲဝေသည်က အဆုံးအဖြတ်ပေးခြင်း ဖြစ်သည်။

ဒုတိယ - ကုန်သွယ်ရေးသည် မိမိတို့ အကောင်းဆုံး ပြုလုပ်နိုင်သည့် ကျွမ်းကျင်သည့် အရာများတွင် အထူးပြုဆောင်ရွက်စေသဖြင့် ထုတ်လုပ်မှုမြင့်တက်စေသလို၊ စားသုံးနိုင်မှုကိုလည်း ပိုများစေသည်။ကုန်ကျစရိတ်နည်းနည်းဖြင့် ကုန်စည်များနှင့် ဝန်ဆောင်မှုများကို အထူးပြုထုတ်လုပ်ရောင်းချပြီး ယင်းမှရသောဝင်ငွေကို ကိုယ်တိုင် မထုတ်နိုင်သည့် ပစ္စည်းများကို ရောင်းဝယ်ရာတွင် သုံးစွဲနိုင်သည်။ ယင်းသို့ ခွဲဝေထုတ်လုပ်ခြင်းကြောင့် အထူးပြုထုတ်လုပ်သူများသည် ကုန်စည်များနှင့် ဝန်ဆောင်မှုများကို သူတို့ကိုယ်တိုင် အရာရာကို ထုတ်လုပ်နိုင်မည့် ပမာဏထက် ပိုမိုများပြားစုံလင်စွာနှင့် လိုချင့်စဖွယ်ကောင်းအောင် ထုတ်လုပ်လာနိုင်ကြသည်။ ဘောဂဗေဒ ပညာရှင်များက ယင်းနိယာမအား နှိုင်းယှဥ်အားသာချက် နိယာမ ဟု ရည်ညွှန်းကြသည်။ ယင်းနိယာမမှာ လူပုဂ္ဂိုလ်များ အကြား၊ စီးပွားရေးလုပ်ငန်းများအကြား၊ ဒေသများအကြား၊ နိုင်ငံများအကြား ကုန်သွယ်မှုများတွင် အသုံးပြုနိုင်သည်။

နှိုင်းယှဥ်အားသာချက် နိယာမ သည် သာမန်အသိအမြင်တစ်ခုသာ ဖြစ်သည်။ တစ်စုံတစ်ဦးသည် ကုန်ပစ္စည်းတစ်ခုကို ကိုယ်တိုင်ထုတ်လုပ်လျှင် ပိုမို ကုန်ကျမည့်စရိတ်ထက် ချိုသာသောစျေးနှုန်းဖြင့် ရောင်းချလျှင် ဝယ်ယူသုံးစွဲသည်မှာ အဓိပ္ပါယ် ရှိပါသည်။ မိမိ၏ အချိန်နှင့် အရင်းအမြစ်များကို မိမိအနေဖြင့် ကုန်ကျစရိတ်နည်းနည်းဖြင့် ထုတ်လုပ်နိုင်မည့် ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပါသည်။ အကျိုးရလာဒ်မှာ လိုချင်သည့်ပစ္စည်းများကို ကုန်ကျစရိတ်များများဖြင့် မိမိကိုယ်တိုင်အားလုံး ထုတ်လုပ်ခြင်းထက် ကုန်သွယ်သူများအကြေား ကုန်ကျစရိတ်နည်းနည်းဖြင့် ထုတ်လုပ်ဖလှယ်လာနိုင်ပါသည်။

ဥပမာ ဆရာဝန်အများစုမှာ မှတ်တမ်းထိန်းသိမ်းခြင်းနှင့် ချိန်းဆိုမှုများ စီစဥ်ခြင်းတို့တွင် တော်ကောင်းတော်မည် ဖြစ်သော်လည်း ယင်းလုပ်ငန်းတာဝန်များအား လုပ်ဆောင်ရန် တစ်စုံတစ်ဦးကို ယေဘုယျအားဖြင့် ငှားရမ်းလေ့ရှိကြသည်။ ဆရာဝန်မား မှတ်တမ်းထိန်းသိမ်းခြင်းလုပ်သည့် အချိန်သည် လူနာများ ကြည့်ရှုခြင်းတွင် သုံးစွဲနိုင်သည့် အချိန်ဖြစ်သည်။ လူနာများအား ကြည့်ရှုသည့်အချိန်သည် အလွန်တန်ဖိုးရှိသောကြောင့် လူနာများ ကြည့်ခြင်းတွင်မသုံးပဲ မှတ်တမ်းထိန်းခြင်းအလုပ်ကို လုပ်နေလျှင် သူတို့၏ ငွေရှာဖွေမှုကို လျှော့နည်းစေမည် ဖြစ်သည်။ ယင်းကိစ္စတွင် ဆရာဝန်က သူငှားရမ်းသည့် လက်ထောက်ထက် မှတ်တမ်းထိန်းသိမ်းမှု ပိုကောင်းသည်၊ မကောင်းသည်မှာ ပဓာနမကျပေ။ ဆရာဝန်များအနေဖြင့် သူတို့ အချိန်ကို မည်သို့ အကျိုးရှိအောင် သုံးစွဲသည်က အဓိကကျပေသည်။

တတိယ - မိမိသဘောဆန္ဒအရ ဖလှယ်ခြင်းဖြင့် လုပ်ငန်းများအနေဖြင့် အလုံးအရင်း ထုတ်လုပ်နည်းစနစ်များ အသုံးပြုပြီး တစ်ခုချင်း ထုတ်လုပ်စရိတ်ကို လျှော့ချလာနိုင်စေသည်။ ကုန်သွယ်ရေးကြောင့် စီးပွားရေးလုပ်ငန်းများသည် သူတို့၏ထုတ်ကုန်များကို ကျယ်ပြန့်သော စျေးကွက်များတွင် ရောင်းချလာနိုင်သဖြင့် အမြောက်များထုတ်လုပ်ရန်အတွက် စီစဥ်နိုင်ခြင်း၊ အမြောက်အများထုတ်လုပ်ခြင်းကို အသုံးချနိုင်သည့် ကုန်ထုတ်လုပ်ငန်းစဥ်များ အသုံးပြုလာနိုင်ခြင်းတို့ လုပ်ဆောင်လာနိုင်ကြသည်။ ယင်းလုပ်ငန်းစဥ်များကြောင့် တစ်ခုချင်း ကုန်ကျစရိတ် သိသာစွာ နည်းပါးလာစေပြီး လုပ်သားတစ်ဦးချင်း ကုန်ထုတ်လုပ်မှုကိုလည်း တိုးတက်လာစေပါသည်။ ကုန်သွယ်မှုသာမရှိလျှင် ယင်းအကျိုးကျေးဇူးများ ရရှိလာမည် မဟုတ်ပေ။ စျေးကွက်တွန်းအားစုများသည် ကုန်ကျစရိတ်များသည့် ထုတ်လုပ်သူများထံမှ စရိတ်နည်းသည့် ထုတ်လုပ်သူများထံ ကုန်ထုတ်လုပ်မှုကို စဥ်ဆက်မပြတ် လွှဲပြောင်းပေးသည်။ အကျိုးရလဒ်အဖြစ် ပွင့်လင်းစျေးကွက်များသည် ကုန်စည်များနှင့် ဝန်ဆောင်မှုများ၏ တန်ဖိုးအများဆုံးရရှိအောင် ထုတ်လုပ်မှုများဆီသို့ ကုန်စည်များနှင့် အရင်းအမြစ်များကို ခွဲဝေပေးတတ်သည်။

မျက်မှောက်ခေတ်တွင် ကုန်သွယ်မှု၏ အရေးပါပုံကို ချဲ့ကားဖော်ပြလို့ပင် မကုန်နိုင်ပေ။ ကုန်သွယ်မှုကြောင့် မိမိတို့ ကိုယ်တိုင်ထုတ်လုပ်နိုင်မည်ထက် မြောက်များစွာသော ကုန်ပစ္စည်းများကို သုံးစွဲလာနိုင်ပါသည်။ ရေဒီယို၊ ရုပ်မြင်သံကြားစက်၊ ပန်ကန်ဆေးစက်၊ ကား၊ တယ်လီဖုန်းတို့ မဆိုထားဘိ။ ကိုယ်ပိုင်အိမ်၊ အဝတ်အထည်နှင့် အစားအစာများ ထုတ်လုပ်လျှင်ပင် မည်မျှခက်ခဲမည်ကို မှန်းဆကြည့်ပါ။ တစ်ဦးချင်းတို့က ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျွမ်းကျင်ရာ အထူးပြုလုပ်ဆောင်ခြင်း၊ ကုန်သွယ်ခြင်းတို့ကြောင့် အဆိုပါပစ္စည်းများကို ရရှိသုံးစွဲ၊ ပိုင်ဆိုင်လာနိုင်ခြင်း ဖြစ်သည်။ ပြည်တွင်း ဖြစ်စေ၊ နိုင်ငံတကာဖြစ်စေ၊ ကုန်စည်ဖလှယ်ရာတွင် အတားအဆီးများထားရှိသည့် နိုင်ငံများ၏ နိုင်ငံသူနိုင်ငံသားများမှာ ကုန်သွယ်မှုကြောင့် ဖြစ်ပေါ်လာမည့် ကြွယ်ဝစွာနေထိုင်နိုင်သည် အခွင့်အလမ်းများ လျော့နည်းသွားသည်။ ဥပမာ ကွန်မြူနစ်ကျူးဘားနိုင်ငံတွင် ၂၀၀၈ မတိုင်မီအထိ နိုင်ငံရေး အဆက်အသွယ်မရှိသော သို့မဟုတ် အစိုးရအရာရှိ မဟုတ်သော သာမာန်ပြည်သူများ အနေဖြင့် ကွန်ပြူတာများ၊ ဆဲလ်ဖုန်းများ၊ မိုက်ခရိုဝေ့မီးဖိုများနှင့် အခြားဇိမ်းခံပစ္စည်းများ မဝယ်ယူနိုင်အောင် တားမြစ်ကန့်သတ်ထားသည်။

မြန်မာ စကားပုံ

“ဘယ်သူမပြု မိမိမှု”
– We are the heir to our own deeds.

မှတ်ချက်။