🌳 အဆင့်ဆင့် ဆုံးဖြတ်ခြင်း။

|

မိမိတို့အနေဖြင့် အရင်းအမြစ်များမှ အကျိုးရလာဒ်အများဆုံး ရရှိလိုလျှင် ကုန်ကျစရိတ်ထက် အကျိုးပိုမိုဖြစ်ထွန်းမည့် လုပ်ရပ်များလုပ်ဆောင်သင့်ပြီး ထိုက်သင့်သည်ထက် ပိုမိုကုန်ကျမည့် လုပ်ရပ်များကို ရှောင်ရှားသင့်ပေသည်။ ဥပမာ အိမ်တစ်လုံးဝယ်လိုသည့် မိသားစုတစ်စုသည် နာရီများစွာ အလုပ်လုပ်၍ ငွေရှာခြင်း၊ အပျော်အပါးနှင့် အပြင်ထွက်စားခြင်းတို့တွင် ချွေတာခြင်းဖြင့် အိမ်တန်ဖိုးအတွက် ကနဦး လက်ငင်းငွေပေးချေနိုင်ရန် ငွေစုဆောင်းရပေမည်။ ကောလိပ်သွားလိုသည့် အထက်တန်းကျောင်းသားတို့သည်လည်း ကောလိပ်သွားတက်ရန် စိတ်မဝင်စားသည့် ကျောင်းသားများထက် ဗွီဒီယိုဂိမ်း လျော့ကစားပြီး စာပိုကျက်ရပေလိမ့်မည်။ ယင်းသို့ ကုန်ကျမှုများနှင့် အကျိုးဖြစ်ထွန်းမှုတို့အား ချိန်ဆခြင်းသည် ပုဂ္ဂိုလ်တစ်ဦးချင်းအတွက်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းတစ်ခုအတွက်ဖြစ်စေ၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက်ဖြစ်စေ အလွန်အရေးကြီးလှပေသည်။

ရွေးချယ်မှုအားလုံးနီးပါးသည် တဆင့်ချင်း ရွေးချယ်မှုသာ ဖြစ်သည်။ တထိုင်တည်း ဆုံးဖြတ်ခြင်း၊ ရွေးချယ်ခြင်းမျိုး မဟုတ်ပဲ အခြေအနေအလိုက် လိုတိုး၊ ပိုလျော့ လုပ်ခြင်းမျိုးဖြစ်သည်။ “အဆင့်ဆင့်” ဟူသည့် စကားလုံးသည် “ထပ်ဆင့်တိုး” ဟူသည့် အဓိပ္ပါယ် သက်ရောက်ပါသည်။ “ပစ္စည်းတစ်ခု ထပ်တိုးထုတ်လုပ်ခြင်း သို့မဟုတ် ဝယ်ယူခြင်းအတွက် ကုန်ကျစရိတ် မည်မျှထပ်တိုးလာမည်နည်း။” အဆင့်ဆင့် ဆုံးဖြတ်ရာတွင် အကြီးစားနှင့် အသေးစားပြောင်းလဲမှုများ ပါဝင်တတ်သည်။ “နောက်ထပ်တစ်ယူနစ်” ဆိုရာဝယ် ရှပ်အင်္ကျီသစ်တစ်ထည်၊ အိမ်သစ်တစ်လုံး၊ စက်ရုံသစ်တစ်ရုံ သို့မဟုတ် အထက်တန်းကျောင်းသားများအတွက်ဆိုလျှင် မည်သည့်အရေးကိစ္စတွင် အချိန်ပိုပေးခြင်း ဖြစ်သည်။

မိမိတို့၏ ဆုံးဖြတ်ရွေးချယ်မှုများသည် အစာစားမလား၊ အဝတ်ဝတ်မလား ဆိုသည့် အစွန်းနှစ်ဘက် ရွေးခြယ်ခြင်းမျိုးမဟုတ်ပေ။ ဆိုလိုသည်မှာ အစားစားဖို့ ကိုယ်ဗလာနှင့် နေရသကဲ့သို့ မဟုတ်ပေ။ ယင်းအစား အဝတ်အစားလျှော့ဝယ်ပြီး သို့မဟုတ် အခြားအရာများတွင် လျှော့သုံးပြီး အစား ပိုစားခြင်းမျိုး ဖြစ်သည်။ မိမိတို့သည် ဆုံးဖြတ်ချက်ချမှတ်ရာတွင် အစားအသောက် စုစုပေါင်း ကုန်ကျစရိတ်နှင့် အဝတ်အစား စုစုပေါင်းကုန်ကျစရိတ်တို့ကို နှိုင်းယှဥ်သည် မဟုတ်ပါ။ စက်ရုံသစ်တစ်ခု တည်ဆောက်မည့် အမှုဆောင်အရာရှိတစ်ဦးသည် စက်ရုံသစ်မှ ရရှိလာမည့် အကျိုးအမြတ်သစ်များ (ဥပမာ ထပ်တိုး ရောင်းချရာမှ ရရှိလာမည့် ဝင်ငွေများ) ကို ကုန်ကျစရိတ်အသစ်များထက် (ဥပမာ အဆောက်အဦသစ် တည်ဆောက်ခြင်း ကုန်ကျစရိတ်များ) နှင့် နှိုင်းယှဥ်၍ ထပ်တိုးလာမည့် အကျိုးအမြတ် ထပ်မံကုန်ကျမည့် စရိတ်ထက် များ၊ မများ စဥ်းစားပါလိမ့်မည်။ အကျိုးအမြတ် အပိုထွက်မလာလျှင် စက်ရုံသစ်မဆောက်ခြင်းက အမှုဆောင်အရာရှိနှင့် ၎င်း၏ ကုမ္ပဏီအတွက် ပိုသင့်တော်ပါသည်။

နိုင်ငံရေးလုပ်ဆောင်ချက်များ ထိထိရောက်ရောက်ဖြစ်စေရန်အတွက် နိုင်ငံရေး ဆုံးဖြတ်ချက်များသည်လည်း ထပ်တိုးအကျိုးအမြတ်များနှင့်သာ ချိန်ထိုးစဥ်းစားသင့်ပါသည်။ နိုင်ငံရေးဆုံးဖြစ်ချက် ဥပမာတစ်ခုမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှု ရှင်းလင်းရန် မည်မျှအားထုတ်မည်ကို သတ်မှတ်ပေးခြင်း ဖြစ်သည်။ ညစ်ညမ်းမှုကို မည်မျှအတိုင်းအတာထိသာ ခွင့်ပြုပါသလဲဟု မေးလျှင် လူအများစုက “လုံဝ ခွင့်မပြုသင့်” ဟု တုန့်ပြန်ကြလိမ့်မည်။ တစ်နည်းအားဖြင့် ညစ်ညမ်းမှုကို သုညအထိ လျှော့ချသင့်သည်၊ ညစ်ညမ်းမှုလုံးဝမရှိသင့်ဟု ဆိုလိုခြင်း ဖြစ်သည်။ မဲရုံတွင်လည်း ထိုနည်းအတိုင်း မဲပေးတတ်ကြသည်။ သို့သော် ထပ်ဆင့်တိုး သဘောတရား ယင်းသို့ ဆုံးဖြတ်ခြင်းသည် အလွန်အကျွံ ဖြန်းတီးရာရောက်သည်ဟု ဖော်ညွှန်းပါသည်။

လေထုညစ်ညမ်းမှုများရှိ၍ လေကောင်းကောင်းမရှူနိုင်ပဲ အသက်ရှူမဝဖြစ်သည် ဆိုပါစို့။ ထိုအခါ လေထုညစ်ညမ်းမှု လျှော့ချခြင်းမှ ရရှိလာမည့် ကနဦးအကျိုးကျေးဇူးများသည် အလွန်ကြီးမားမည်ဖြစ်ပြီး ယင်းသို့လျှော့ချခြင်း၏ ကနဦးကုန်ကျစရိတ်ထက် များစွာသာလွန်နေမည် ဖြစ်သည်။ သို့သော် ညစ်ညမ်းမှု ကျဆင်းလာသည်နှင့်အမျှ ရရှိလာမည့် ထပ်တိုးအကျိုးကျေးဇူးသည်လည်း ကျဆင်းလာမည်။ ပိုမိုသန့်ရှင်းသည့် လေထုရရှိလာလျှင် အကျိုးရှိဆဲ (ဥပမာ အလှမ်းဝေးသော တောင်တန်းများကို မြင်လာနိုင်မည်) ဖြစ်သော်လည်း ယင်းအကျိုးသည် အသက်ရှုမဝခြင်းမှ ကာကွယ်တားဆီးပေးခြင်းလောက် တန်ဖိုးရှိတော့မည် မဟုတ်ပေ။ လေထုညစ်ညမ်းမှု အလုံးစုံ မကင်းရှင်းခင် အနေအထားတစ်ခုတွင် လေထုညစ်ညမ်းမှုအား ဖယ်ရှားခြင်းမှ ရရှိလာမည့် ထပ်တိုးအကျိုးကျေးဇူး မရှိသလောက်အထိ ဖြစ်သွားလိမ့်မည်။

တစ်ဖက်တွင် လေထုညစ်ညမ်းမှုလျှော့ချခြင်းမှ ရရှိလာမည့် ထပ်တိုးအကျိုးကျေးဇူး ကျဆင်းလာသော်လည်း ထပ်ဆောင်းကုန်ကျစရိတ်က မြင့်တက်လာမည် ဖြစ်သည်။ ထပ်ဆောင်းကုန်ကျစရိတ်သည် လေထုညစ်ညမ်းမှုအား အနည်းငယ်ပိုလျှော့ရန်အတွက် စတေးလိုက်ရသည့် အခြားအရာများ၏ တန်ဖိုး ဖြစ်ပေသည်။ ထပ်တိုးအကျိုးကျေးဇူးသည် လေထုအရည်အသွေး ပိုကောင်းလာသည့် လေအနည်းငယ် ပိုသန့်လာခြင်း ဖြစ်လေသည်။ လေပိုမိုသန့်ရှင်းစေရန် ထပ်ဆောင်းကုန်ကျမှုသည် ထပ်တိုးအကျိုးကျေးဇူးထက် ပိုများသည့်အခါ ညစ်ညမ်းမှုအား ထပ်မံလျှော့ချခြင်းသည် အချည်းနှီးပင် ဖြစ်သွားသည်။ ထို့ကြောင့် ထပ်မံလျော့ချရန် မသင့်တော့ပေ။

လေထုညစ်ညမ်းမှု ဥပမာအတွက် အခြေအနေတစ်ရပ်ကို စဥ်းစားကြည့်ကြပါစို့။ လေထုညစ်ညမ်းခြင်းက ဒေါ်လာသန်း (၁၀၀)ဖိုး ဆုံးရှုံးမှု ဖြစ်ပေါ်စေပြီး လေထုညစ်ညမ်းမှု လျှော့ချရေးအတွက် ဒေါ်လာ ၁ သန်းမျှသာ သုံးစွဲသည်ဆိုပါစို့။ ယင်းအနေအထားအရ လေထုညစ်ညမ်းမှု လျှော့ချရေးအတွက် မိမိတို့အနေဖြင့် အနည်းငယ်သာ သို့မဟုတ် အများကြီး လုပ်ဆောင်နေသလား။ လူအများစုက လေထုညစ်ညမ်းမှု လျော့ချရေးအတွက် သုံးစွဲသည်မှာ အလွန်နည်းသည်ဟု ပြောဆိုပါလိမ့်မည်။ မှန်ကောင်း မှန်ပေလိမ့်မည်။ သို့သော် ပေးထားသည့် အချက်အလက်များအရတော့ မပြောနိုင်ပါ။ ဒေါ်လာသန်း ၁၀၀ ဖိုး ပျက်စီးမှုက စုစုပေါင်း ပျက်စီးမှု ဖြစ်သည်။ ကုန်ကျမှုဒေါ်လာ ၁ သန်းသည် စုစုပေါင်း သန့်ရှင်းရေးကုန်ကျမှု ဖြစ်သည်။ ဘာဆက်လုပ်ရမည်ကို အချက်ကျကျဆုံးဖြတ်ရန်အတွက် မိမိတို့အနေဖြင့် လျှော့ချရေးမှရရှိလာမည့် ထပ်တိုးအကျိုးကျေးဇူးများကို သိရှိရန်နှင့် ထပ်ဆောင်းကုန်ကျမှုကို သိရှိရန်လိုပါသည်။ လေထုညစ်ညမ်းမှု လျှော့ချခြင်းအတွက် နောက်ထပ် ၁၀ ဒေါ်လာ သုံးစွဲခြင်းက ၁၀ ဒေါ်လာမက အဖိုးထိုက်လျှင် မိမိတို့အနေဖြင့် ပိုမို သုံးစွဲသင့်ပါသည်။ ထပ်တိုးအကျိုးကျေးဇူးက ထပ်ဆောင်းကုန်ကျမျုထက် သာလွန်နေသောကြောင့် ဖြစ်သည်။ သို့သော် ညစ်ညမ်းမှု တိုက်ဖျက်ရေးအတွက် နောက်ထပ် ၁၀ ဒေါ်လာက ၁ ဒေါ်လာဖိုးသာ အကျိုးရှိပါက ညစ်ညမ်းမှုအား ဆက်လက်တိုက်ဖျက်ရန် သုံစွဲမည်ဆိုလျှင် မိုက်မဲရာကျပါသည်။

ယေဘုယျအားဖြင့် လူပုဂ္ဂိုလ်တို့သည် သူတို့၏ မှတ်ချက်များနှင့် မဲပေးခြင်းများတွင် ထပ်တိုးအကျိုးသက်ရောက်မှု သဘောတရားကို လျစ်လျူရှုတတ်ကြသော်လည်း သူတို့၏ ကိုယ်ရေးကိုယ်တာ လုပ်ရပ်များတွင်မှု လျစ်လျူရှူခဲပေသည်။ အပန်းဖြေခြင်းနှင့် အစားအစာတို့ကို စဥ်းစားကြည့်ပါ။ ခြုံကြည့်လျှင် အစားအစာသည် လူတို့ အသက်ရှင်သန်ဖို့ လိုအပ်သဖြင့် အပန်းဖြေခြင်းထက် များစွာ အဖိုးတန်ပါသည်။ ဆင်းရဲမွဲတေသည့် နိုင်ငံများတွင် လူအများက ဆင်းရဲစွာ နေထိုင်နေရသည့်အတွက် အစာအာဟာရ လုံလောက်ရေးအတွက် ရှာဖွေထားသည့် ဝင်ငွေကို ကုန်သလောက် သုံးစွဲနေရသည်။ ဂေါက်ရိုက်ခြင်း၊ ရေလွှာလျှောစီးခြင်း သို့မဟုတ် အခြားစိတ်အပန်းဖြေလုပ်ငန်းများအတွက် အချိန် အနည်းငယ်သာ ပေးနိုင်ကြသည်။

သို့သော် လူတို့က ကြွယ်ဝလာသည့်အခါ အစားအစာတတ်နိုင်မှုမှာ လွယ်ကူလာကြသည်။ အသက်ရှင်သန်ရေးအတွက် အရေးကြီးသည်မှာ မှန်သော်လည်း သူတို့ ငွေအများစုကို အစားအစာတွင်သာ ဆက်လက်သုံးစွဲနေလျှင် မိုက်ရူးရဲဆန်ပေးလိမ့်မည်။ ငွေကြေး အလျှံပယ်ရှိလာသည့်အခါ တိုးလာသည့်ငွေကိုမည်သို့ သုံးစွဲရန် ဆုံးဖြတ်ကြရာတွင် အစားအစာက အပန်းဖြေခြင်းလောက် အဖိုးမတန်တော့ဟု ထင်မြင်လာကြသည်။ ထို့ကြောင့် လူတို့က ပိုမို ကြွယ်ဝလာသည့်အခါ အစားအစာတွင် ဝင်ငွေ၏ အနည်းငယ်သာ သုံးစွဲကြပြီး ဝင်ငွေ၏ အများစုကို အပန်းဖြေမှုတွင် သုံးစွဲလာကြသည်။

ထပ်ဆောင်းကုန်ကျမှုများနှင့် ထပ်တိုးအကျိုးကျေးဇူးများသည် ကောင်းမွန်သည့် ဆုံးဖြတ်ချက် ချမှတ်နိုင်ရေးနှင့် သက်ဆိုင်ပါသည်။ အရင်းအမြစ်များမှ အကျိုးကျေးဇူး အများဆုံး ထွက်ပေါ်လာရန် အတွက်ဆိုလျှင် အဆင့်ဆင့်ပုံစံဖြင့် စဥ်းစား၍ ဆောက်ရွက်ရမည် ဖြစ်သည်။ ဆိုလိုသည်မှာ ထပ်တိုးတန်ဖိုး၊ အကျိုးအမြတ်သည် ထပ်ဆောင်းကုန်ကျစရိတ်ထက် များရမည်ဖြစ်သည်။ မများလျှင်ပင် တူညီရမည်ဖြစ်သည်။ အကျိုးကျေးဇူး ထပ်တိုးစေမည့် အချက်ကိုသာ ထည့်သွင်းစဥ်းစား၍ ဆောက်ရွက်ပါက လူပုဂ္ဂိုလ်များနှင့် နိုင်ငံများအနေဖြင့် ပိုမိုကြွယ်ဝလာမည် ဖြစ်သည်။

မြန်မာ စကားပုံ

“မရှိတာထက် မသိတာ ခက်”
– Not knowing is worse than not having.

မှတ်ချက်။