😭 ဘယ်အရာမှ အလကား မရပါ။

|

လူသားတို့၏ လက်တွေ့ဘဝတွင် ကုန်စည်များနှင့် ဝန်ဆောင်မှုများအတွက် သုံးစွဲရသည့် အရင်းအမြစ်များသည် အကန့်အသတ်ရှိပြီး လူသားတို့၏ လိုချက်တပ်မက်မှုမှာ အကန့်အသတ် မရှိချေ။ အဝတ်အစားသစ်များ၊ ဇိမ်ခံလှေတစ်စီး လိုချင်သလား သို့မဟုတ် ဆွစ်ဇလန်နိုင်ငံ အက်ပတ်တောင်တန်းများတွင် အပန်းဖြေ လိုပါသလား။ အားလပ်ချိန်၊ အပန်းဖြေမှုနှင့် ခရီးသွားဖို့ကိုရော ဆန္ဒရှိပါသလား။ ကိုယ်ပိုင်ကား သစ်ကြီးကို မောင်းဖို့ရော စိတ်ကူးယဥ်ဖူးပါသလား။ ကျွန်တော်တို့ အများစုမှာ ယင်းအရာဝတ္ထု ပစ္စည်းများအားလုံးသာမက ကျန်သည့်အရာများစွာတို့ကိုပါ ရလိုကြပါသည်။ သို့သော် ကျွန်တော်တို့သည် အချိန်အပါအဝင် အရင်းအမြစ်များ ရှားပါးမှုကြောင့် အကန့်အသတ်ဖြင့်သာ နေထိုင်ကြရသည်။ ကျွန်တော်တို့ လိုချင်သည့် အရာဝတ္ထုများ အားလုံးကို မတတ်နိုင်သဖြင့် ရွေးချယ်ယူရသည့် အနေအထားတွင်သာ ရှိပါသည်။ အခမဲ့စားရသည့် နေ့လည်စာဟူ၍ မရှိပါ။ တစ်စုံတစ်ခုကို ရွေးချယ်၊ ပြုလုပ်သည့်အခါ ကျွန်တော်တို့သည် အခြားလိုချင်သော၊ တန်ဖိုးထားသော အရာတစ်ခု၊ လုပ်ကိုင်ခြင်းကို စွန့်လွှတ်လိုက်ရပါသည်။ ဤအကြောင်းကြောင့်ပင် ဘောဂဗေဒပညာရှင်များသည် ကုန်ကျမှုအားလုံးကို လက်လွက်လိုက်ရသော အခွင့်အလမ်းများ ဟု သုံးနှုန်းကြသည်။

ကုန်ကျမှုများစွာကိ ငွေကြေးဖြင့် တိုင်းတာကြပြီး ယင်းငွေကြေးများသည်လည်း လက်လွက်လိုက်ရသော အခွင့်အလမ်းများပင် ဖြစ်သည်။ ပစ္စည်းတစ်ခု ဝယ်ယူရာတွင် ငွေကြေးသုံးစွဲလိုက်သဖြင့် အခြားပစ္စည်းအား ဝယ်ယူသုံးစွဲခြင်း မပြုနိုင်တော့ပေ။ ထို့ပြင် တစ်စုံတစ်ခုလုပ်ဆောင်ရာတွင် ငွေကြေးကုန်ကျမှုမရှိသဖြင့် ဘာမှမကုန်ကျဟူ၍ ပြောလို့မရပေ။ လမ်းလျှောက်ရန်နှင့် လှပသည့် ညနေဆည်းဆာ ခံစားရန် သင်က ငွေသုံးစွဲစရာ မလိုသော်လည်း လမ်းလျှောက်ခြင်းအတွက် အခွင့်အလမ်းကုန်ကျမှုတစ်ခုကတော့ ရှိနေသည်။ လမ်းလျှောက်ထွက်ရင်း နေဝင်ချိန်ကို ကြည့်ရှုခံစားရာတွင် ပိုက်ဆံမကုန်သော်လည်း လက်လွှတ်လိုက်ရသော ကုန်ကျမှုတော့ရှိသည်။ လမ်းလျှောက်မှုကို ရွေးလိုက်သည့်အတွက် အခြားသော မိမိတန်ဖိုးထားသည့် အရာတချို့ကို စွန့်လွှတ်လိုက်ရပါသည်။ ဥပမာ လူမမာ သူငယ်ချင်းထံ အလည်အပတ်သွားခြင်း သို့မဟုတ် စာဖတ်ခြင်း။

အချို့သော အရာများမှာ လွန်စွာအရေးကြီးသဖြင့် ကုန်ကျမှုအား လျစ်လျူရှုပြီး လုပ်ဆောင်သင့်သည်ဆိုသော ရပ်တည်ချက်ကို မကြာခဏ ကြားရတတ်ပါသည်။ ယင်းဖော်ပြချက်သည် မှန်သလိုရှိပြီး မိမိတန်ဖိုးထားသည့် အရာများအား အခြာသူများ၏ ပိုက်ဆံဖြင့် အစိုးရက ဖြည့်ဆည်းပေးရန်အတွက် ဆွဲဆောင်သည့် နည်းလမ်းကောင်းတစ်ရပ် ဖြစ်နိုင်ပါသည်။ သို့သော် အခြားရွေးချယ်စရာများအား လက်လွတ်ဆုံးရှုံးလိုက်သည်ကို သိမြင်လာသည့်အခါ ကုန်ကျမှုကို မဆင်မခြင်လျစ်လျူရှုခဲ့သည်မှာ ပေါ်လွင်လာပါသည်။ ကျန်ကျမှုများ ထည့်မစဥ်းစားဘဲ လုပ်ဆောင်ခြင်းသည် အခြားရွေးချယ်စရာများရှိသည်ကို မစဥ်းစားဘဲ လုပ်ဆောင်ခြင်းပင်ဖြစ်သည်။

စားသုံးသူများနှင့် ထုတ်လုပ်သူများ၏ ရွေးချယ်မှုများတွင် ကုန်ကျမှုများ ရှိပါသည်။ စားသုံးသူများအတွက် ကုန်ပစ္စည်းစျေးနှုန်းသည် ကုန်ကျစရိတ်ဖြစ်ပြီး၊ ယင်းအစား အခြားပစ္စည်းများ ဝယ်ယူလိုမှုနှင့် နှိုင်းယှဥ်ကြည့်စေသည်။ ကုန်ကျမှုများကို မစဥ်းစားလျှင် မိမိတို့သည် မလိုအပ်သော ပစ္စည်းများကိုသာ မှားယွင်းစွာ ဝယ်ယူနိုင်ဖွယ် ရှိပါသည်။ ဆိုလိုသည်မှာ မိမိတန်ဖိုးထားသော ဝယ်သင့်ဝယ်ထိုက်သည့် ပစ္စည်းများအစား အခြားသောသိပ်အသုံးမဝင်သည့် ပစ္စည်းများကို ဝယ်ယူမိသည့်အဖြစ်မျိုး ဖြစ်ပါသည်။

ထုတ်လုပ်သူများတွင်လည်း ကုန်ကျမှုများ ရှိပါသည်။ ကုန်ပစ္စည်းထုတ်လုပ်ရာတွင် သို့မဟုတ် ဝန်ဆောင်မှုပေးရာတွင် အသုံးပြုရသည့် အရင်းအမြစ် ကုန်ကျမှုများဖြစ်သည်။ ဥပမာ အိမ်သစ်တစ်လုံး တည်ဆောက်ရာတွင် ပျဥ်၊ သံမဏိ၊ ကျောက်ပြားကဲ့သို့ အရင်းအမြစ်များ အသုံးပြုလိုက်သဖြင့် ဆေးရုံနှင့် စာသင်ကျောင်းများတွင် သုံးစွဲနိုင်သည့် အရင်းအမြစ်များ လျော့နည်းသွားပါသည်။ ထုတ်လုပ်မှုစရိတ် မြင့်မားလာခြင်းသည် ယင်းအရင်းအမြစ်များအား အခြားသော ထုတ်လုပ်မှုများတွင်လည်း များစွာ သုံးစွဲကြသောကြောင့်ဖြစ်သည်။ အမြတ်ရှာသည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် အဆိုပါ အချက်ပြမှုများကို အလေးဂရုပြုမည် ဖြစ်သည်။ သို့သော် အစိုးရ၏ မူဝါဒများ သို့မဟုတ် အခွန်များသည် စျေးကွက်တွင် ဖြစ်ပေါ်ပြောင်းလဲနေသော အသားမကျမှုများကို ကူညီပေးသည့်အခါ ယင်းအချက်ပြမှုများကို မှေးမှန်ပျောက်ကွယ်စေနိုင်သည်။ အစိုးရ၏ အဆိုပါထိန်းကျောင်းမှု မူဝါဒများသည် အပြောင်းအလဲ ချိန်ခွင်လျှာ ညီသွားသည့်အခါ ဖြစ်ပေါ်လာမည့် စားသုံးသူများ တန်ဖိုးထားသော အရာဝတ္ထုများ ထုတ်လုပ်ရာတွင် အရင်းအဖြစ်များကို သုံးစွဲစေရန် လမ်းကျောင်းပေးမှုကို အားပျော့သွားစေသည်။

အခြားသူများမှ အကုန်အကျခံလျှင် တစ်ဦးချင်း သို့မဟုတ် အဖွဲ့တစ်ခုအတွက် ကုန်စည်များကို အခမဲ့ ပံ့ပိုးနိုင်ပါလိမ့်မည်။ သို့သော် အမှန်မှာ ကုန်စရိတ်များကို လက်လွှဲလက်ပြောင်း လုပ်ခြင်းသာဖြစ်ပြီး ယင်းစရိတ်များကို လျှော့ချပေးလိုက်သည်၊ အခမဲ့ပေးလိုက်သည် မဟုတ်ပေ။ နိုင်ငံရေးသမားများ မကြာခဏဆိုသလို “အခမဲ့ပညာရေး”၊ “အခမဲ့ဆေးကုသခွင့်” သို့မဟုတ် “အခမဲ့ အိုးအိမ်” စသည်ဖြင့် ပြောဆိုတတ်ကြသည်။ ဤစကားရပ်မှာ အဓိပ္ပါယ် ကောက်လွဲစေပါသည်။ ယင်းအရာများမှာ အလိုအလျောက် ဖြစ်လာသည် မဟုတ်ပေ။ ၎င်းတို့ကို ဖြည့်ဆည်းပေးရန် ရှားပါးအရင်းအမြစ်များကို သုံးစွဲရပါသည်။ စာသင်ကျောင်းအတွက်သုံးသည့် အဆောက်အဦးများ၊ လုပ်အားနှင့် အခြားအရင်းအမြစ်များကို အစားအသောက်များ ထုတ်လုပ်ရန်အတွက် သို့မဟုတ် ဖျော်ဖြေရေးအတွက် သို့မဟုတ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် သို့မဟုတ် ဆေးဝါးကုသမှုအတွက် အသုံးပြုနိုင်ပါသည်။ စာသင်ကျောင်းများ ဆောက်လုပ်ရန် ကုန်ကျစရိတ်သည် အဆိုပါကိစ္စရပ်များတွင် သုံးစွဲမှုအား စွန့်လွှတ်လိုက်ရခြင်းပင် ဖြစ်သည်။ အစိုးရက ကုန်ကျစရိတ်များကို လက်လွှဲလက်ပြောင်း လုပ်ပေးနိုင်သော်လည်း ကုန်ကျစရိတ်ကိုမှု မရှောင်ရှားနိုင်ပေ။

ကာလရွေ့လျားလာသည်နှင့်အမျှ လူသားတို့သည် ပိုမိုကောင်းသည့် နည်းလမ်းများ တွေ့ရှိလာကြပြီး ရှားပါးအရင်းအမြစ်များကိုလည်း အလိုရှိသည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများသို့ ပြောင်းလဲနိုင်သည့် နည်းလမ်းအသစ်များကို ဖော်ထုတ်လာကြသည်။ ပြီးခဲ့သည့် နှစ်ပေါင်း ၂၅၀ အတွင်း မလုံလောက်မှု အခက်အခဲကို ဖြေလျှော့နိုင်ခဲ့ပြီး လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်နိုင်ခဲ့ကြသည်။ သို့သော် လူသားတို့သည် အခြေခံအချက်ကိုမူ မပြောင်းလဲနိုင်ပေ။ မိမိတို့သည် ရှာပါးမှုနှင့် ဆက်လက်ရင်ဆိုင်ကြုံတွေ့နေရဆဲ ဖြစ်သည်။ နိုင်ငံရေးအရ အားကောင်းသော အထူးအကျိုးစီးပွားအုပ်စုများအား ၎င်းတို့၏အကျိုးစီးပွားကို မြှင့်တင်ပေးရန်အလို့ငှာ စျေးကွက်၏ အခြေခံ စည်းမျဥ်းဖြစ်သည့် စျေးကွက်၏ အချက်ပြမှုများကို ကျောခိုင်းခွင့်ပေးခြင်းထက် စျေးကွက်တွင် လုပ်ကိုင်နေသူများသည် စျေးကွက်၏ အချက်ပြမှုများကို အလေးထားဆောင်ရွက်စေသည့်အခါ အရင်းအမြစ်များကို အကောင်းဆုံး အသုံးချစေပါသည်။

မြန်မာ စကားပုံ

“ဆူးပေါ်ဖက်ကျ ဖက်ပေါက်၊ ဖက်ပေါ်ဆူးကျ ဖက်ပေါက် “
– When the thorn falls on the leaf, the leaf is punctured. When the leaf falls on the thorn, the leaf is still punctured.

မှတ်ချက်။