ကျောင်းသားလက်စွဲ - သင်ခန်းစာများအား ပြန်လှန်ကျက်မှတ်ခြင်
08 Aug 2013 | လေ့လာမှုစာမေးပွဲများ နီးလာတဲ့အခါ ကျောင်းသားတွေအနေနဲ့ လေ့လာသင်ယူထားတဲ့ သင်ခန်းစာတွေကို ပြန်လှန်ကျက်မှတ်ကြရပါတယ်။ ကျောင်းသားတယောက်အတွက် ဒီအချိန်ဟာ အရေးကြီးတဲ့ အချိန်ပါ။ တနှစ်ပတ်လုံး ကျောင်းအတူတက်၊ စာအတူကျက်ခဲ့ကြပြီး ဒီအချိန်ရောက်မှ အချိန်ကို အကျိုးရှိရှိ အသုံးမချတတ်မှု၊ လွန်မင်းစွာ အသုံးချမှုတွေနဲ့ အခြားသော အလေ့အထမှား တချို့ဟာ ကျောင်းသားတွေရဲ့ စာမေးပွဲရမှတ်တွေအပေါ်မှာ သက်ရောက်မှုရှိပါတယ်။
ပညာရေးနဲ့ သင်ယူမှုပိုင်းဆိုင်ရာ လေ့လာသူတွေက ဒီလိုအလေ့အထမှားတွေကို သုံးသပ်ပြီး၊ ဒါတွေကို ဘယ်လိုကျော်လွှားမလဲ ဆိုတဲ့ အချက်အလက်တွေကို တွေးတောအကြံပေးခဲ့ကြပါတယ်။ ဒီလိုအကြံပြုချက်လေးတွေထဲက တချို့အချက်လေးကို စာရေးသူရဲ့ အတွေ့အကြုံတချို့နဲ့ ပေါင်းစပ်ပြီး ရေးသားတင်ပြပါမယ်။
(၁) စာတွေကို ထပ်ခါထပ်ခါဖတ်ပြီး၊ မှတ်စုတွေ ထပ်တလဲလဲ ထုတ်နေခြင်း
တချို့သော ကျောင်းသားတွေက စာမေးပွဲနီးလာတဲ့အခါမှာ သင်ရိုးစာအုပ်တွေကို ထပ်ခါတလဲလဲ ဖတ်နေတတ်ကြပါတယ်။ တကယ်တော့ သင်ရိုးစာအုပ်တွေကို လေ့လာသင်ယူနေတဲ့ အချိန်မှာကတည်းက နားလည်အောင် ကြိုတင်ဖတ်ထားသင့်ပါတယ်။ ပြန်လှန်ကျက်မှတ်တဲ့အချိန်ကျမှ နားလည်အောင် လိုက်လုပ်နေရတယ်ဆိုတာ သင်ခန်းစာတွေကို ကျေညက်အောင် မလေ့လာထားလို့ပဲ ဖြစ်ပါတယ်။
တချို့ကျတော့လဲ ပြန်လှန်ကျက်မှတ်တဲ့အချိန်ရောက်မှ မှတ်စုတွေ ထပ်တလဲလဲ ထုတ်နေခြင်းပါ။ စာရေးသူလဲ ဖြစ်ဖူးပါတယ်။ စစ်မဟာဗျူဟာနဲ့ ပတ်သက်တဲ့ စာမေးပွဲတခု ဖြေစဉ်တုန်းကပါ။ တကယ်တော့ စစ်ဗျူပညာရှင်ကလော့ဝစ်ရဲ့ အဆိုအမိန့်၊ အတွေးအမြင်တွေကို စာမေးပွဲမတိုင်မီ သုံးလလောက်ကတည်းက မှတ်စုထုတ်ပြီးသား ဖြစ်ပါတယ်။ စစ်ရဲ့သဘောသဘာဝတွေ၊ သီအိုရီတွေ၊ ဗျူဟာတွေကို ကဏ္ဍအလိုက်ခွဲပြီး လေ့လာပြီးသားပါ။ ဘာကြောင့်များ စာမေးပွဲဖြေခါနီး နှစ်ရက်အလိုကျမှ အဲဒီစစ်ကျမ်းကြီးကို ပြန်ကောက်ကိုင်မိတယ်မသိဘူး။ ရလာဒ်ကတော့ စာအုပ်ကို ကောက်ကိုင်လိုက်၊ မှတ်စုတွေ ပြန်လှန်လိုက်၊ ဟိုဟာလေးထပ်ဖြည့်ရင်ကောင်းမလား၊ ဒီဟာလေးများ လိုနေမလားနဲ့ တော်တော်ဗျာများခဲ့ဖူးပါတယ်။ အချိန်ကုန်၊ လူပင်ပန်းနဲ့ စာမေးပွဲခန်းရောက်မှ တချို့ quotation တွေကို မနည်းပြန်စဉ်းစားယူရပြီး နောင်တရခဲ့ဖူးပါတယ်။
ကောင်းတာကတော့ စာမေးပွဲနည်းလာပြီဆိုတာနဲ့ အဓိက အချက်အလက်တွေပါတဲ့ ကတ်ပြားတွေ (ဒါမှမဟုတ်) မှတ်စုစာအုပ်တွေကိုပဲ ပြန်ဖတ်သင့်ပါတယ်။ mindmaps တွေ၊ ရုပ်ပုံတွေနဲ့ အကြောင်းအရာများကို မှတ်သားသင့်ပါတယ်။ အတိုကောက်စာလုံးလေးတွေနဲ့ မှတ်သားထားရင် စာမေးပွဲခန်းထဲမှာ ပြန်မှတ်မိနိုင်တာမို့ အကျိုးရှိပါတယ်။ ဒါပေမယ့် အားလုံးကိုချည်းပဲ အတိုကောက်တော့ မမှတ်ပါနဲ့ရှင်။ အစပြန်ဖော်လို့ မရတော့တာတွေလဲ ကြုံဖူးလို့ပါ။
(၂) အက်ဆေးများကို အလွတ်ကျက်မှတ်ခြင်း
ကျွန်မတို့ မြန်မာကျောင်းသူ၊ ကျောင်းသားတွေ လုပ်တတ်ကြပါတယ်။ မေးခွန်းတွေကို စပေါ့ရိုက်ပြီး၊ အလွတ်ကျက်ကြတာပါ။ တချို့သော အာရှတိုက်ကလာတဲ့ ကျောင်းသားများလဲ အလွတ်ကျက်ကြတာ တွေ့ဖူးပါတယ်။ အချိန်ကုန်၊ လူပင်ပန်းလွန်းလှပါတယ်။ မေးခွန်းက ကိုယ်ကျက်ထားတဲ့ ပုံစံမျိုး လာချင်မှ လာမှာပါ။ မေးခွန်းပုံစံများကို လေ့လာပြီး၊ ဘယ်လိုမေးခွန်းလာရင်၊ ဘယ်လိုဖြေမယ်ဆိုတာမျိုးကိုပဲ ပြင်ဆင်ထားပြီး၊ အချက်အလက်တွေ မှတ်သားထားသင့်ပါတယ်။ စာမေးပွဲခန်းရောက်မှ မေ့သွားတာမျိုးလဲ ရှိတတ်တာမို့ ဒီလိုအလေ့အထမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
(၃) ပြန်လှန်လေ့လာမှုကို အာရုံစိုက်လွန်းခြင်း
တချို့ကျောင်းသားတွေကျတော့ အလွန်အကျွံကို လုပ်တတ်ကြပြန်ပါတယ်။ စာမေးပွဲနီးရင် စာကို အလွန်အကျွံလုပ်တတ်တဲ့ ကျောင်းသားနှစ်မျိုး ရှိပါတယ်။ ပထမတမျိုးကတော့ စာရရဲ့သားနဲ့ စာမေးပွဲကို ကြောက်စိတ်ဝင်ပြီး၊ မအိပ်နိုင်၊ မစားနိုင်၊ စာအုပ်နဲ့ မျက်နှာနဲ့ မပြတ်ဖြစ်တတ်သူတွေပါ။ ဒုတိယတမျိုးကတော့ တနှစ်ပတ်လုံး လုပ်ချင်ရာလုပ်၊ ဖြစ်ချင်ရာဖြစ်နေပြီး၊ စာမေးပွဲနီးမှ အလွန်အကျွံ စာကျက်တတ်သူတွေပါ။ ကျန်းမာရေးထိခိုက်နိုင်တာကြောင့် ကောင်းမွန်တဲ့ အလေ့အထတော့ မဟုတ်ပါဘူး။ မြန်မာပြည်မှာတုန်းက ဆယ်တန်းမို့လို့ တနှစ်လုံး တီဗွီမကြည့်ရ၊ ကက်ဆက်နားမထောင်ရလို့ အတင်းအကြပ်ပိတ်ပင်တဲ့ မိဘမျိုးတွေလဲ တွေ့ခဲ့ဖူးပါတယ်။ လူဆိုတာ စက်ရုပ်မဟုတ်ပါဘူး။
တစုံတခုထဲမှာပဲ တချိန်လုံးအာရုံနှစ်ထားတာဟာ စိတ်ကျန်းမာရေးအတွက် မကောင်းပါဘူး။ စာမေးပွဲနီးလို့ စိတ်အနားယူအပန်းဖြေရေးနဲ့ ပတ်သက်တာတွေ လုံးဝမလုပ်ဘူး ဆိုတာဟာလဲ မကောင်းပါဘူး။ ဒါတွေကို ကောင်းကောင်းမွန်မွန် အသုံးချတတ်ရင် ဆေးတောင် ဖြစ်ပါသေးတယ်။ သီချင်းကြိုက်သူတယောက်အတွက် တဘာသာဖတ်ပြီး၊ နောက်တဘာသာ စမဖတ်ခင် အချိန်လေးအတွင်းမှာ နာရီဝက်လောက် သီချင်းနားထောင်လိုက်တာဟာ စိတ်လန်းဆန်းမှု အတွက်ကိုတောင် အထောက်အကူ ဖြစ်စေပါသေးတယ်။ တခါတလေလဲ စာတွေ ဖတ်မှတ်ရင်း ငြီးငွေ့လာတဲ့ အချိန်တွေ ရှိတတ်ပါတယ်။ သူငယ်ချင်းတချို့နဲ့အတူ စာတူတူ ဖတ်မှတ်ဆွေးနွေးတဲ့ အချိန်လေးတွေရှိရင် ပိုကောင်းပါတယ်။
(၄) မိမိကိုယ်ကို အတင်းကာရော စာထဲ အာရုံစိုက်ခိုင်းပြီး၊ ငြီးငွေ့စေခြင်း
လူတယောက်နဲ့ တယောက်မှာ စိတ်ပါဝင်စားတာ၊ အာရုံစိုက်နိုင်တာတွေ မတူပါဘူး။ စာရေးသူဆိုရင် တခုတည်းကို အာရုံစိုက်လုပ်ရတာကို လုံးဝနှစ်မြို့သူ မဟုတ်ပါဘူး။ စာတအုပ်ထဲကို ဖတ်ဖို့လာပေးထားရင် ဘယ်တော့မှ ပြီးအောင် မဖတ်နိုင်တော့ပါဘူး။ စာအုပ်နှစ်အုပ်လာပေးရင်တော့ တအုပ်ကိုဖတ်လို့ ငြီးငွေ့လာရင်၊ နောက်တအုပ်ကို ကောက်ဖတ်လို့ရတဲ့ အသိနဲ့ အလုပ်ခွဲဝေလိုက်တာကြောင့် ဖတ်လို့ပြီးသွားပါတယ်။ ကိုယ့်အကြောင်းကိုယ်သိဖို့ အရေးကြီးပါတယ်။ တချို့က တခုတည်းမှာ နာရီများစွာ နှစ်ပြီး အလုပ်လုပ်နိုင်ပါတယ်။ တချို့က မလုပ်နိုင်ပါဘူး။
ဒါကြောင့်စိတ်ကမပါပဲ ကိုယ့်ကိုကိုယ် အတင်းအကြပ်အမိန့်ပေးပြီး မခိုင်းပါနဲ့။ နောက်နေ့မှာ စာမေးပွဲဖြေရမှာ မဟုတ်ဘူးဆိုရင်တော့ တဘာသာတည်းကို နာရီပေါင်းများစွာ ဖတ်နေတာထက်စာရင် ဒီတဘာသာကို ခေါင်းစဉ်တခုဖတ်၊ နောက်တဘာသာကို ခေါင်းစဉ်တခုဖတ်နဲ့ အာရုံပြောင်းပေးပြီး၊ ပြန်လှန်ကျက်မှတ်တာက ပိုအကျိုးရှိမယ်ထင်ပါတယ်။ ရေတိုရည်မှန်းချက်လေးတွေ ချသင့်ပါတယ်။ သိပ်ပြီး ငြီးငွေ့လာရင် အာရုံပြောင်းလိုက်ပါ။ လမ်းထွက်လျှောက်တာ၊ အစားတခုခုစားတာ၊ သီချင်းနားထောင်တာတွေ လုပ်သင့်ပါတယ်။ နေ့လည်နေ့ခင်း နာရီဝက်လောက် အိပ်စက်အနားယူလိုက်တာကလဲ အင်အားဖြစ်စေပါတယ်။
(၅) စာမေးပွဲကြောက်စိတ်ဝင်လာခြင်း
တချို့ကျောင်းသားတွေက တနှစ်လုံးပေါ့ပေါ့လျော့လျော့နေလာပြီး စာမေးပွဲနီးမှ ကြောက်လန့်တကြား၊ စိုးရိမ်တကြီးနဲ့ ပျာယာခတ်နေတတ်ကြပါတယ်။ တချို့ကျတော့လဲ စာရရဲ့သားနဲ့ ပျာယာပျာယာ ဖြစ်နေကြတာပါ။ စာမေးပွဲဆိုတဲ့ အရှိန်က အတော်ကို ကြီးပါတယ်။ ဘယ်သူမဆို အနည်းနဲ့ အများတော့ ကြောက်ကြတာပါပဲ။ ဒါပေမယ့် အလွန်အမင်း ကြောက်စိတ်ဝင်ပြီး ပျာယာခတ်လာပြီဆိုရင် စာဖတ်နေတာကို ရပ်ပြီး၊ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ စကားစပြောသင့်ပါတယ်။ စာမေးပွဲနဲ့ မဆိုင်တဲ့ အကြောင်းတွေပြောရင် ပိုကောင်းပါလိမ့်မယ်။
မှတ်စုစာအုပ်တွေကို ကြည့်ပြီး ငါဒါတွေအားလုံး မှတ်မိပါ့မလား၊ ငါလေ့ကျင့်ထားတဲ့ မေးခွန်းတွေကော လာပါ့မလား စတဲ့ စိုးရိမ်ပူပန်စိတ်တွေလဲ ဝင်လာတတ်ပါတယ်။ အဲဒီအခါကျရင် ကျန်တာတွေ မမှတ်မိတာအသာထား၊ အခုဖတ်နေတဲ့ စာကို မှတ်မိရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်ကို ပြန်သွင်းရပါမယ်။ စီမံခန့်ခွဲရေးဘာသာတွေနဲ့ ပတ်သက်ပြီး၊ ဂိုက်လုပ်စဉ်တုန်းက ဆယ့်ငါးမိနစ်အတွင်းမှာတင် ဖြေရမယ့် လေးဘာသာရဲ့ စာအုပ်တွေကို ဟိုဟာကောက်ကိုင်လိုက်၊ ဒီဟာကောက်ကိုင်လိုက်နဲ့ လူကိုပြူးတူးပြဲတဲ ကြည့်တတ်တဲ့ ကလေးတယောက်ကို တွေ့ဖူးပါတယ်။ နောက်ဆုံးတော့ စာအုပ်တအုပ်ထဲကို ပေးပြီး၊ ကျန်တဲ့သုံးအုပ်ကို အံဆွဲထဲ ထည့်သိမ်းထားလိုက်ရပါတော့တယ်။ တနာရီခွဲလောက်ကြာမှ နောက်တအုပ်ကို ထုတ်ပေးပြီး၊ အရင်ဖတ်နေတဲ့ တအုပ်ကို ပြန်သိမ်းရပါတယ်။
စိတ်သက်သာရာရစေမယ့် နည်းလမ်းတွေကိုလည်း ရှာကြံတွေးတောသင့်ပါတယ်။ စာရေးသူလဲ ဆယ်တန်းလောက်အထိ စာမေးပွဲဆို ပူပန်ကြောင့်ကြတတ်ခဲ့ပါတယ်။ ဒီတုန်းကတော့ စာမေးပွဲမှာ ရမှတ်များဖို့၊ အဆင့်ကောင်းဖို့တွေပဲ သိနားလည်ခဲ့တာကြောင့်ပါ။ ဆယ်တန်းအောင်ပြီး၊ လူ့လောကထဲ လက်တွေ့ရောက်လာတော့မှ စာမေးပွဲအောက်လက်မှတ်တွေဆိုတာ အရေးကြီးတာ မှန်ပေမယ့် ဘဝရဲ့ အစိတ်အပိုင်းတခုပဲဆိုတာ နားလည်လာခဲ့ရပါတယ်။ ဒီတော့ သိပ်ပူပန်စိတ်များလာရင် ကိုယ့်ဘက်က အတတ်နိုင်ဆုံးကြိုးစားခဲ့သလားဆိုတာ ကိုယ့်ဟာကို ပြန်မေးလိုက်ပါ။
အချိန်တွေကို အလဟဿ မဖြုန်းခဲ့ပဲ လုပ်သင့်တာတွေ လုပ်ခဲ့ပြီးပြီဆိုမှတော့ ရှုံးမှာကို ကြောက်စရာမလိုတော့ပါဘူး။ အမှတ်နည်းမှာ၊ များမှာကိုလဲ စိုးရိမ်စရာမလိုပါဘူး။ ကိုယ့်ဘက်က တာဝန်ကျေတယ်ဆိုရင် သူတပါးဆုံးဖြတ်ချက်ကြောင့် ပေါ်ထွက်လာမယ့် ရလာဒ်ကို ထည့်သွင်းစဉ်းစားစရာ မလိုအပ်ပါဘူး။ ကျသွားရင်လဲ အောင်အောင် ထပ်ကြိုးစားလို့ရပါတယ်။ ကိုယ်ကဖြစ်ချင်စိတ်ရှိတယ်ဆိုရင် စိတ်မလျှော့သေးသရွေ့ မရှုံးသေးပါဘူး။ ဒါကြောင့် စာမေးပွဲနီးရင် ရလာဒ်နဲ့ ပတ်သက်တဲ့ ပူပန်ကြောင့်ကြစိတ်တွေကို ဖျောက်ဖျက်ပြီး၊ သွေးအေးအေးနဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်သင့်ပါတယ်။
(၆) အချိန်မလုံလောက်သလို ခံစားရပြီး၊ လုပ်ချင်တာများနေခြင်း၊ ကုန်သွားသောအချိန်များအား ပြန်လည်တမ်းတနေခြင်း
စာမေးပွဲနီးလာတာနဲ့အမျှ ကျောင်းသားတွေဆီမှာ နောင်တ တစွန်းတစလေးတွေ ပေါ်လာတတ်ပါတယ်။ ဒီစာတွေကို စောစောများကျက်ခဲ့မိရင်၊ အဲဒီတုန်းကသာ အတန်းမလစ်ခဲ့မိရင် စတဲ့စတဲ့ စိတ်လေးတွေပါ။ ဒါပေမယ့် “ကုန်ဆုံးသွားတဲ့ အချိန်တမိနစ်ကို မကုန်ဆုံးနိုင်တဲ့ အချိန်သမုဒ္ဒရာကြီးက ပြန်လည်ဖြည့်ဆည်း မပေးနိုင်ပါဘူး” ဆိုတဲ့ အဆိုအမိန့်လိုပဲ အတိတ်က ကုန်ဆုံးသွားတဲ့ အချိန်တွေအတွက် နောင်တရပြီး၊ လက်ရှိတန်ဖိုးရှိနေတဲ့ အချိန်တွေကို ထပ်မံ မဖြုန်းတီးမိကြဖို့ လိုအပ်ပါတယ်။ အတိတ်ကို ပြန်တွေးပြီး သင်ခန်းစာယူတာနဲ့၊ နောင်တရတမ်းတဆွေးမြေ့နေတာနဲ့ တခြားစီပါ။ လောကမှာ လူတိုင်းမှားဖူးပါတယ်။ လူတိုင်း အချိန်ဖြုန်းတီးဖူးပါတယ်။ ဒါကို တမြည့်မြည့်နဲ့ တမ်းတပူဆွေးနေစရာ မလိုအပ်ပါဘူး။ အရေးကြီးတာက အခုလက်ရှိအချိန်ကို ဘယ်လိုအကျိုးရှိအောင် အသုံးပြုမလဲ ဆိုတာပါပဲ။ ပြန်လှန်လေ့လာရမယ့် စာတွေကို အပိုင်းပိုင်းခွဲလိုက်ပါ။ လိုအပ်မယ့် အချိန်ကို တွက်ချက်ပါ။
ဘယ်လိုမှ အချိန်မရှိတော့ရင် အရေးကြီးဆုံးတွေကိုပဲ စိစစ်ထုတ်လိုက်ပါ။ ဖယ်ရှားထားပစ်ခဲ့ရတဲ့ အရာတွေအတွက် နောက်ဆံမတင်းပါနဲ့။ ဖယ်ထားဖို့ ဆုံးဖြတ်ပြီးမှ ထားခဲ့ပြီးသားမို့၊ မတော်တဆများ စာမေးပွဲမှာ ဒီအပုဒ်တွေလာခဲ့ရင်လဲ မဖြေရုံပဲရှိတယ် လို့သာ စိတ်ပိုင်းဖြတ်လိုက်ပါ။ ကိုယ်စကာတင် ရွေးထားတဲ့ အကြောင်းအရာတွေကိုသာ အာရုံစိုက်မှတ်သားပါ။ တခါတရံ ဘဝမှာ စကာတင်ရွေးချယ် ဆုံးဖြတ်လိုက်ရတာတွေ ရှိနေတတ်စမြဲပါ။ မိမိရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပြတ်သားပါ။ ကောင်းလာခဲ့ရင် စံမယ်၊ ဆိုးလာခဲ့ရင် ရင်ဆိုင်မယ် စိတ်ကို မွေးလိုက်ပါ။ ဆန့်ငင်ဆန့်ငင် စိတ်လေးတွေဟာ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုဖြစ်စေတတ်ပါတယ်။
အခုဆက်လက်ပြီး၊ ပြန်လှန်လေ့ကျက်ရာမှာ အကျိုးရှိစေမယ့် နည်းလမ်းလေးတွေကို တင်ပြပေးပါမယ်။
(၁) အပြုသဘောစိတ်နှင့် တက်တက်ကြွကြွရှိနေပါ။
အခက်အခဲတွေကို စိန်ခေါ်မှုတွေအနေနဲ့ မှတ်ယူလိုက်ပါ။ အခက်အခဲများကြောင့် စိတ်ဓာတ်ကျမည့်အစား၊ ဘယ်လို ကျော်လွှားဖောက်ထွက်မလဲ၊ ဘယ်လိုအကူအညီတွေ ရယူသင့်သလဲ ဆိုတာကိုသာ တွေးပါ။
(၂) အချိန်ကို အကျိုးရှိစွာ အသုံးပြုပါ။
အချိန်ဇယားဆွဲပါ။ အရေးကြီးသည်အလိုက် အမှတ်စဉ်တပ်ပြီး ဦးစားပေးရမည်များကို ဦးစားပေးလုပ်ပါ။ တနေ့တာကို ဘယ်လို အချိန်ကုန်ဆုံးစေမလဲ ဆိုတာ စာနဲ့ ရေးချပါ။ အနားယူအပန်းဖြေရမယ့် အချိန်များ ထည့်သွင်းထားပါ။
(၃) သူများနဲ့ တွဲလုပ်ပါ။
ဒီအချက်ကတော့ မိမိအပေါ်မှာသာ မူတည်ပါတယ်။ သူများနဲ့ တွဲလုပ်ရမှာကို အကျိုးရှိတယ်ထင်ရင် တွဲလုပ်ပါ။ သီးသန့်လုပ်ရတာမှာ အားသာရင်လဲ မိမိဘာသာပဲ လုပ်ပါ။
(၄) အကူအညီတောင်းပါ။
တချို့စာတွေက ဖတ်ပြီး၊ မှတ်စုထုတ်တုန်းက နားလည်ပေမယ့်၊ ပြန်လှန်ကျက်မှတ်ချိန်ရောက်မှ နားမလည်တော့တာမျိုးတွေ ဖြစ်စေတတ်တာလဲ ရှိပါတယ်။ အဲဒီလို ဖြစ်လာတဲ့အခါ သူငယ်ချင်းတွေ၊ ဆရာတွေဆီကို အကူအညီတောင်းပါ။
(၅) Active learning techniques များကို အသုံးပြုပါ။
ရုပ်ပုံကားချပ်တွေ၊ ဇယားတွေဆွဲပြီး မှတ်သားပါ။ အရေးကြီးတဲ့ အချက်အလက်တွေကို တခုနဲ့တခု ခွဲခြားမှတ်သားပါ။ အတိုကောက်စာလုံးတွေ၊ မှတ်မိစေနိုင်တဲ့ အဖြစ်အပျက်တွေနဲ့ တွဲစပ်မှတ်သားပါ။
(၆) နားနဲ့ ပြန်လှန်ကျက်မှတ်မှုလုပ်ပါ။
ဒီနည်းလမ်းဟာ တော်တော်ထိရောက်လာပါတယ်။ စာရေးသူ ဒီနည်းလမ်းကို အသုံးချတာမှာ အောင်မြင်တာတွေ့ရပါတယ်။ တချို့စာတွေကို စကားပြောသလို ထိုင်ပြောပြီး ဖတ်မှတ်တာပါ။ ကိုယ့်အသံကို ကိုယ်ပြန်နားထောင်တာဟာ မှတ်ဉာဏ်ကို တိုးတက်စေတယ်လို့ အချို့ပညာရှင်များက ဆိုထားကြပါတယ်။
(၇) မေးခွန်းဟောင်းများကို လေ့လာပါ။
မေးခွန်းဟောင်းတွေကို ပြန်ကြည့်ပြီး ဘယ်လိုမေးခွန်းတွေကို ဘယ်လိုဖြေမလဲဆိုတာ စဉ်းစားအဖြေရှာပါ။ အက်ဆေးမေးခွန်းတွေဆိုရင် မေးခွန်းရှုထောင့်မျိုးစုံအတွက် ပြင်ဆင်ပြီး plan ချကြည့်ပါ။ အချိန်သတ်မှတ်ပြီး စာမေးပွဲဖြေကြည့်ပါ။ ကိုယ့်လက်ရေးရဲ့ အမြန်နှုန်း၊ ကိုယ့်ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်းတွေကို စမ်းသပ်ကြည့်လို့ရပါတယ်။ လိုအပ်တာတွေကို ထပ်ဖြည့်ဆည်း ပြင်ဆင်မှုတွေ လုပ်ဖို့အတွက် ဒီနည်းက ထိရောက်လှပါတယ်။
(၈) မိမိကိုယ်ကို ဂရုစိုက်ပါ။
ဒီအချက်ကတော့ အရေးကြီးဆုံး အချက်ပါပဲ။ ဘဝဆိုတဲ့ ခရီးရှည်ကြီးမှာ ကျောင်းစာမေးပွဲတွေ တင်မဟုတ်ပဲ စာမေးပွဲတွေ အမြောက်အမြား ဖြေဆိုကြရဦးမှာပါ။ ကိုယ်ကျန်းမာရေး၊ စိတ်ချမ်းသာရေးကလဲ အရေးကြီးပါတယ်။ ပညာတွေတတ်၊ စာမေးပွဲတွေအများကြီးအောင်ပြီးမှ လူ့လောကအတွက် ဘာအကျိုးမှ မပြုနိုင်ရင် အလကားပါပဲ။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့က အလွန်ပဲ အရေးကြီးပါတယ်။ ကိုယ်တွေ့ပြောရမယ်ဆိုရင် တခါတလေမှာ ဒီအချက်ကို လုပ်ဖို့က အတော်ပဲ ခဲယဉ်းနေတတ်ပါတယ်။ ဇောတခုခု ကပ်နေချိန်ဆိုရင် ဒီအချက်ကို လူတွေက မေ့နေတတ်ကြပါတယ်။
စာရေးသူလဲ အပါအဝင်ပါ။ ဒါပေမယ့် ကြာကြာဝါးမယ့်သွား၊ အရိုးကြည့်ရှောင်ဆိုသလိုပဲ အိပ်ရေး၀၀အိပ်ဖို့၊ အစားအစာအာဟာရပြည့်မှီအောင်စားဖို့၊ အပန်းဖြေအနားယူဖို့၊ အချိန်အားလေးတွေ ထားဖို့ကိုလဲ ဂရုစိုက်သင့်ပါတယ်။ စာမေးပွဲခန်းတွေမှာ မူးလဲလို့၊ မူးမော်ခေါင်းကိုက်နေလို့ “မြင်းကောင်းခွာလိပ်” ဖြစ်ခဲ့ရသူတွေ အများကြီးပဲဆိုတာ သတိပြုကြပါ လို့ ရေးသားတိုက်တွန်းလိုက်ရပါတယ်။
ခင်မမမျိုး (၄၊ ၄၊ ၂၀၀၉)