ပညာသင်ယူခြင်း နည်းလမ်းနှစ်သွယ်

|

လူတဦးတယောက်ရဲ့ အတွေးအခေါ်နဲ့ ပညာသင်ယူနိုင်မှု အရည်အချင်းတွေကို လေ့လာဆန်းစစ်တဲ့ အခါမှာ သက်ဆိုင်သူ အသုံးပြုတဲ့ ပညာသင်ယူခြင်း နည်းလမ်းကို ကြည့်ရှုအကဲဖြတ်နိုင်တယ်လို့ ပညာသင်ကြားရေးနဲ့သင်ယူရေး သုတေသန နယ်ပယ်က ပညာရှင်တွေက အဆိုပြုထားခဲ့ကြပါတယ်။ ပညာရပ်တခုကို လေ့လာသင်ယူတဲ့အခါမှာ လူတယောက်ဟာ ဒီပညာရပ်ကို အပေါ်ယံ လေ့လာသင်ယူခြင်း နည်းလမ်း (Surface approach to learning) ကို အသုံးပြုသလား၊ နက်ရှိုင်းစွာ လေ့လာသင်ယူခြင်း နည်းလမ်း (Deep approach to learning) ကို အသုံးပြုသလားဆိုတာကို သိရင် ဒီလူရဲ့ အတွေးအခေါ်နဲ့ အရည်အချင်းကို လေ့လာအကဲဖြတ်လို့ ရနိုင်ပါတယ်။

အပေါ်ယံလေ့လာသင်ယူခြင်း (Surface approach to learning)

ပညာရပ်တခုကို လေ့လာတဲ့အခါ အပေါ်ယံလေ့လာသင်ယူခြင်း နည်းလမ်းကို အသုံးပြုတတ်သူများဟာ အဓိကအားဖြင့် စာမေးပွဲအောင်ရေး၊ ဘွဲ့လက်မှတ်ရရှိရေး၊ ပညာရပ်တပိုင်းတစကို ရေတိုမှာ လိုသလို ဆွဲသုံးနိုင်ရေး စတဲ့ ရည်ရွယ်ချက် ရှိသူများ ဖြစ်ပါတယ်။ သူတို့ဟာ အလုပ်တခုကို ရေဆုံးရေဖျား ထိထိရောက်ရောက်ဖြစ်အောင် လုပ်နိုင်သူများ မဟုတ်ပဲ၊ ရေသာခို လှေကြုံစီးတတ်သူများ ဖြစ်လာလေ့ရှိပါတယ်။ သူတို့အတွက် လေ့လာသင်ယူခြင်းဆိုတာ အလွတ်မှတ်မိခြင်းနဲ့ မှတ်ထားတာတွေကို မှတ်ထားတဲ့ အတိုင်း ပြန်ပြောနိုင်ခြင်း ဖြစ်ပါတယ်။

အပေါ်ယံလေ့လာသင်ယူတတ်သူများရဲ့ လေ့လာသင်ယူခြင်းဆိုင်ရာ ဗျူဟာတွေကတော့ လေ့လာရမယ့် စာအုပ်စာပေထဲက ကောင်းနိုးရာရာ အချက်အလက်တွေကို စွဲထုတ်ပြီး၊ အလွတ်မှတ်မိနေအောင် ကျက်မှတ်ထားခြင်း ဖြစ်ပါတယ်။ လေ့လာနေတဲ့ ပညာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် နားလည်အောင် ပြုလုပ်လေ့မရှိပါဘူး။ အလွတ်ကျက်မှတ်ခြင်းကိုပဲ ပြုလုပ်တတ်ကြပါတယ်။ ပညာရပ်ဆိုင်ရာ သဘောတရားတွေကို ဆက်စပ်တွေးခေါ်ခြင်း မရှိပဲ၊ ဦးနှောက်ထဲမှာ ပညာတွေ ကျန်ဖို့ထက် စာမေးပွဲအဖြေလွှာပေါ်မှာ ရေးချလိုက်နိုင်ဖို့ကိုသာ အာရုံစိုက်လေ့ ရှိကြပါတယ်။

ပညာရေးဆိုင်ရာ လေ့လာသူ Entwistle နဲ့ Marton တို့ကတော့ ပညာလေ့လာသင်ယူခြင်းဆိုတာ အလွတ်မှတ်မိခြင်းလို့ ရှုမြင်တတ်တဲ့ ကျောင်းသားတွေဟာ ပညာရပ်တွေကို အပေါ်ယံပဲ လေ့လာတတ်လေ့ရှိတာကြောင့် သက်ဆိုင်ရာပညာရပ်ကို နက်နက်နဲနဲ သိနားလည်ခြင်း မရှိကြဘူးလို့ ဆိုထားခဲ့ပါတယ်။

အပေါ်ယံလေ့လာသင်ယူတတ်သူများဟာ ပညာရပ်ရဲ့ အခြေခံသဘောတရားတွေကို လေ့လာတာထက် စာမေးပွဲမှာ ပါနိုင်မယ့် မေးခွန်းတွေမှာ အဖြေဘယ်လိုပေးရမလဲဆိုတာကိုပဲ ကြိုပြီး တွေးလေ့ရှိကြပါတယ်။ စာမေးပွဲနဲ့ အခြား စစ်ဆေးချက်တွေမှာ ကျရှုံးမှာကို အလွန်ပဲ စိုးရိမ်ပူပန်တတ်ကြပါတယ်။ ပညာလေ့လာသင်ယူနေချိန်တွေမှာလဲ ပျင်းရိခြင်းတွေ၊ စိတ်ဓာတ်ကျခြင်းတွေ ဖြစ်နေတတ်ပါတယ်။

နက်ရှိုင်းစွာလေ့လာသင်ယူခြင်း (Deep approach to learning)

နက်ရှိုင်းစွာ လေ့လာသင်ယူခြင်းနည်းလမ်းကို အသုံးပြုတဲ့ ပညာလေ့လာသင်ယူသူများကတော့ ပညာရပ်တခုကို လေ့လာတဲ့အခါမှာ ဒီပညာရပ်နဲ့ ပတ်သက်တဲ့ စာမေးပွဲတွေ အောင်ဖို့နဲ့ ရေတိုအသုံးချနိုင်ရေးကိုပဲ အာရုံထားလေ့ မရှိကြပါဘူး။ ဒီပညာရပ်ကို အသေးစိတ်၊ နက်နက်ရှိုင်းရှိုင်း နားလည်အောင် ကြိုးပမ်းလေ့လာကြပါတယ်။ ဒီပညာကို အသုံးပြုပြီး လက်တွေ့မှာ ဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေ၊ ပြဿနာတွေကို အဖြေရှာနိုင်ဖို့ ဆက်စပ်တွေးတောလေ့ရှိကြပါတယ်။ ပညာသင်ယူခြင်းအပေါ်မှာ ပျင်းရိငြီးငွေ့ခြင်း မရှိပဲ ပညာရပ်တွေကို တဆင့်ချင်း စနစ်တကျ လေ့လာသင်ယူကြပါတယ်။ ဖြတ်လမ်းလိုက်လေ့ မရှိကြပါဘူး။

ပညာလေ့လာသင်ယူခြင်းမှာ ဖြတ်လမ်းလိုက်တတ်တဲ့ အကျင့်ဆိုးဟာ မိမိကိုယ်တိုင်ကိုသာမက အများကိုပါ ဒုက္ခရောက်စေတတ်ပါတယ်။ ဥပမာ- နိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု indicators တွေပေါ်မှာ အခြေခံပြီး Multivariate analysis လုပ်တယ် ဆိုပါစို့။ ပညာလေ့လာသင်ယူမှုမှာ ဖြတ်လမ်းလိုက်တတ်သူဟာ ဒီလိုဆန်းစစ်ချက်စာတမ်း တချို့ကို ဖတ်မှတ်၊ အရေးပါတဲ့ အချက်တွေကို ဆွဲနှုတ်ပြီး၊ ဒီအကြောင်းကို သိသယောင်ယောင်နဲ့ တတ်ယောင်ကား လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီလိုလေ့လာဆန်းစစ်ချက်လုပ်နိုင်မယ့် အခြေခံသဘောတရားတွေဖြစ်တဲ့ variable approximations, dimension reductions, linear combinations for separation, Higher-dimensional approximations, allocation rules, misclassification စတာတွေကို သဘောမပေါက်တဲ့ အခါကျတော့ လက်တွေ့ပြုလုပ်ရတဲ့ အခါမှာ ကိုးရို့ကိုးယားတွေ ထွက်လာတတ်ပါတယ်။ သိပ္ပံပညာရပ်မှာပဲဖြစ်ဖြစ်၊ ဝိဇ္ဇာ ပညာရပ်မှာပဲ ဖြစ်ဖြစ် အခြေခံသဘောတရားတွေကို ကျွမ်းကျင်ပိုင်နိုင်မှုမရှိပဲ ဖြတ်လမ်းလိုက် ဆရာလုပ်လိုသူတွေ များလာတဲ့အခါ သက်ဆိုင်ရာ ပညာရပ်နယ်ပယ်မှာသာမက၊ ပညာရပ်နဲ့ လက်တွေ့ဆက်စပ်နေတဲ့ အသုံးချမှု နယ်ပယ်တွေမှာပါ ကသောင်းကနင်း ဖြစ်နေတတ်ပါတယ်။ ဖြတ်လမ်းလိုက်ခြင်းဟာ လူတဦးတည်းအတွက်သာမက အများပြည်သူကိုပါ ဒုက္ခရောက်စေတတ် ပါတယ်။ ဒါကြောင့် နက်ရှိုင်းစွာ လေ့လာသင်ယူခြင်း နည်းလမ်းကို ပညာလေ့လာသူအများက အသုံးပြုကြဖို့ အလွန်ပဲ အရေးကြီးလှပါတယ်။

နက်ရှိုင်းစွာ လေ့လာသင်ယူခြင်းဟာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်တရပ်ဖြစ်တဲ့ higher-order thinking (အတွေးအခေါ် အဆင့်အတန်း မြင့်မားမှု) ကိုလဲ ထောက်ကူပေးနိုင်ပါတယ်။ အတွေးအခေါ် အဆင့်အတန်း မြင့်မားသူတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့ အိုင်ဒီယာတွေကို အစဉ်အလာ ဓလေ့ထုံးစံကြောင့် ဆိုပြီးတော့လဲ လက်ခံလေ့မရှိပါဘူး။ ဘယ်သူပြောတဲ့ အဆိုအမိန့်စကား ဆိုပြီးတော့လဲ မျက်စိမှိတ်ယုံကြည်လေ့ မရှိပါဘူး။ အိုင်ဒီယာသဘောတရားတွေကို စနစ်တကျလေ့လာပြီးမှ လက်ခံကျင့်သုံးလေ့ရှိကြပါတယ်။ လက်တွေ့နယ်ပယ်နဲ့ ကိုက်ညီမှုရှိမရှိ ပြန်လှန်သုံးသပ်လေ့ရှိကြပါတယ်။ ပြဿနာတွေရဲ့ အရင်းအမြစ်တွေကို ရှာဖွေပြီး ဖြေရှင်းနိုင်ဖို့ ကြိုးစားလေ့ရှိကြပါတယ်။ အတွေးအခေါ်သစ်တွေကို ကြံဆရှာဖွေလေ့ရှိကြပါတယ်။ ဝေဖန်ဆန်းစစ်ခြင်း (Critical thinking) ကို ကျင့်သုံးလေ့ရှိကြပါတယ်။

နိဂုံး

နိဂုံးချုပ်ဆိုရရင် နက်ရှိုင်းစွာ သင်ယူလေ့လာခြင်းကို အသုံးပြုသူတွေရဲ့ အရည်အချင်းဟာ အပေါ်ယံသင်ယူလေ့လာခြင်းကို အသုံးပြုသူတွေရဲ့ အရည်အချင်းတွေထက် ရေရှည်မှာ ပိုမို တိုးတက်ကောင်းမွန်တတ်တာကြောင့် နက်ရှိုင်းစွာ သင်ယူလေ့လာသူတွေ များပြားတဲ့ လူအဖွဲ့ အစည်းဟာ အာဂုံဆောင် အလွတ်ကျက်ပြီး အပေါ်ယံသင်ယူလေ့လာသူတွေ များပြားတဲ့ လူ့အဖွဲ့ အစည်းထက် ပိုပြီး ဖွံ့ဖြိုးတိုးတက်လေ့ရှိပါတယ်။ ဒါကြောင့် ပညာသင်ယူခြင်း နည်းလမ်းနှစ်သွယ် ခွဲခြားမှု ကို အသုံးပြုပြီး လူတဦးချင်းစီရဲ့ အရည်အချင်းတွေကို လေ့လာသုံးသပ်နိုင်ရုံမက၊ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကိုပါ ခန့်မှန်းတွက်ချက်လို့ ရနိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ပညာရပ်များကို နက်ရှိုင်းစွာ လေ့လာသင်ယူခြင်းမှသည် တိုးတက်သော လူ့ဘောင်ဆီသို့..။

ခင်မမမျိုး (၁၅၊ ၉၊ ၂၀၁၀)

ရည်ညွှန်းကိုးကား။

Entwistle, N. J. and Maton, F. (1984) ‘Changing Concepts of Learning’, in Marton, F., Hounsell, D. and Entwistle, N. J. (eds) The Experience of Learning, Edinburgh, Scottish Academic Press

Marton, Saljo (1976) ‘On Qualitative Differences in Learning I: Outcomes and Processes’, British Journal of Educational Psychology, 45, 4-11.

Marton, Saljo (1976) ‘On Qualitative Differences in Learning II: Outcome as a function of the learner’s conception of the risk’, British Journal of Educational Psychology, 46, 115-117.