သမီး ဖတ်ဖို့ (မောင်သာချို)

|

သမီးရေ…..။

သမီးမေမေနဲ့ ဖေဖေတို လမ်းလျှောက်ထွက်တော့ ဈေးကိုသွားရာ လမ်းတစ်လျှောက်လုံး သမီးမေမေ နှုတ်ဆက်တဲ့ ‘ ဈေးက ပြန်လာပြီးလား ‘ ဆိုတဲ့ မေးခွန်းဟာ သာမန်ကြည့်ရင်တော့လည်း သာမန် နှုတ်ဆက်စကားမျှသာပဲပေါ့။ ‘ ဈေးက ပြန်လာပြီလား’ ဟာ ‘ ဈေးက ပြန်လာပြီးလာ’ ပဲပေါ့။

ဒါပေမဲ့ သမီးမေမေ ဒီစကားကို သတိလက်လွတ် ပြေချခဲ့တာလား ဒါမှ မဟုတ် ဒီမနက်ခင်း ဒီလမ်းပေါ်မှာ ဒီစကားလောက်ပဲ ပြောမယ်လို့ အသေအချာ ဆုံးဖြတ် ပြောခဲ့တာလား ။ ‘ ဈေးက ပြန်လာပြီလား ‘ ကို ‘ဈေးကပြန်လာပြီလား’ မှာ ဘာ့ကြောင့် မေမေ ရပ်နားပစ်ခဲ့သလဲ၊ ဖြတ်တောက်ပစ်ခဲ့သလဲ။ တခြား ဆက်ရန်မေးခွန်းတွေ မရှိတော့ဘူးလား။ ဥပမာ - ‘ဘာတွေဝယ်ခဲ့လဲ’ စတဲ့ မေးခွန်းမျိုး။

ဖေဖေတစ်ခု ယုံကြည်တယ် သမီးရယ်။ သမီး မေမေဟာ ဘယ်သောကာလမှ ‘ ဈေးက ပြန်လာပြီးလား’ နောက်မှ တခြားမေးခွန်းတွေကို ဆက်မေးလိမ့်မယ် မဟုတ်ဘူး။ သူ တွက်ချက်ပြီးသား။ သူ ဆုံးဖြတ်ပြိးသား။ သူ ချိန်ဆပြီးသား ။ သူ့အတွက် ဒီမနက်ခင်းမျိုးမှာ ‘ ဈေးက ပြန်လာပြီလား ‘ နဲ့တင် လုံလောက်တယ်။ ပြည်စုံတယ်။ ‘ ဘာတွေ ဝယ်ခဲ့လဲ ‘ အစချီ မေးခွန်းတွေဟာ ဖေဖေတို့အတွက် မေးစရာလည်း မလို၊ ဖြေစရာလည်း မလိုအပ်လှဘူးလို့ ဖေဖေတော့ ယူဆမိတယ်။

တကယ်တော့ သမီးရယ်၊ ဖေဖေတို့ကမ္ဘာလောက ကြီးဟာ မလိုလားအပ်တဲ့ နှုတ်ခွန်းဆက် အမေးစကားတွေကြားမှာ အသက်ရှူ ခဏခဏ ကျပ်ခဲ့ရတယ်လို့ ဖေဖေတော့ ထင်မိတယ်။ မထင်မှတ်ဘဲနဲ့ပဲ ဖြစ်ဖြစ်၊ တမင်ရည်ရွယ်ချက်နဲ့ပဲ ဖြစ် ဖြစ် ‘ဘာတွေ ဝယ်ခဲ့လဲ’ကို မေးသူတွေက မေးခဲ့ကြတယ်။ ဖြေသူတွေကလည်း ဖြေခဲ့ရတယ်။

ကြက်သား ဝယ်လာတာကို ကြက်သား ဝယ်လာပါတယ်လို ဖြေဆိုဖို့ တစ်ချို့လူတွေမှာ အသက်ရှူ ကျပ်မသွားနိုင်ဘူးလား။ ငါးပိရည်၊ တို့စရာလေးမျှကို ဝယ်ခဲ့နိုင်သူက ငါးပိရည်၊ တို့စရာပဲ ဝယ်ခဲ့ပါတယ်လို ဖြေဆိုဖို့ တချို့လူတွေမှာ အသက်ရှူ ကျပ်မသွားနိုင်ဘူးလား။

ဒါဆိုရယ် ဖြေမယ့်သူမှာ ဝေဒနာ တစ်စုံတစ်ရာ ဖြစ်သွားစေမယ့် ‘ ဘာတွေ ဝယ်ခဲ့လဲ ‘ လို မေးခွန်းမျိုးကို ဖေဖေတို့ မေးဖို့ရာ လိုအပ်မလိုအပ် ။ သမီးမေမေကတော့ ‘ဈေးကပြန်လာပြီးလာ’ ဆိုတဲ့ သူ့ရဲ့ နှုတ်ဆက်မေးခွန်းကို ရပ်ရမယ့် နေရာမှာ တိတိကျကျရပ်လို့ သူမိတ်ဆွေတွေကို ဖြတ်သန်းသွားခဲ့ပြီ။ သူ့မိတ်ဆွေတွေကလည်း ‘ပြန်လာပြီ ညီမရေ’ စသဖြင့် အော်ဟစ်နှုတ်ဆက်ကာ သူ့ကို ဖြတ်သန်းသွားကြပြီ။ ဘာမှ အသက်ရှူကျပ်စရာ မလိုဘဲ၊ ဘာမှ စိတ်ကို ဒဏ်ရာ အနာတရ မဖြစ်စေဘဲ၊ ဘာမှ ကြွားလုံးထုတ်စရာ မလိုဘဲ၊ ဘာမှ မုသားဆိုစရာ မလိုဘဲ။

တကယ်တော့ သမီးရယ်၊ လောကရဲ့ နေရာတိုင်းမှာ ဖေဖေတို့၊ သမီးတို့တွေ ကိုယ့်မိတ်ဆွေတွေနဲ့ တွေ့ဆုံကြတိုင်း နှုတ်ခွန်းဆက် စကားတွေ ဆိုနေခဲ့ဲကြရတယ်။ ဈေးသွားဈေးပြန် လမ်းမပေါ်မှာ။ အိမ်ခြံစည်းရိုး အစပ်မှာ။ ညနေခင်း အညောင်းအညာပြေ လမ်းပေါ်မှာ။ ဘတ်စ်ကား မှတ်တိုင်မှာ။ ရုံးခန်းစားပွဲမှာ ။ စကြံၤလမ်းအချိုး တစ်နေရာမှာ။ လက်ဖက်ရည်ဆိုင်ထဲမှာ။ ဘုရား ရင်ပြင်တော်ပေါ်မှာ၊

ဖေဖေတို့ဟာ ဖေဖေတို့မိတ်ဆွေတွေကို နှုတ်ခွန်းဆက်စကား ဆိုကြတဲ့အခါ သူတို့တစ်တွေ လွတ်လပ်ပေါ့ပါးလို့ သွားကြပါစ။ အသက်ရှူချောင်လို့ သွားပါစ ။ နှလုံး စိတ်ဝမ်း ညှိုးနွမ်းခြင်းမှ ကင်းပါစ။

ဖေဖေတို့ဟာ “ထမင်း စားပြီးပြီလား” မှာ တင် ရပ်တန့်လိုက်သင့်ပါရဲ့ ဘာဖြစ်လို့ ‘ ဘာဟင်းနဲ့ စားလဲ’ အထိ ဆက်ချင်ကြရပါသလဲ။ ‘ချက်ပြီးကြပြီလား’ မှာတင် တစ်ခန်းရပ်သင့်ပါရဲ့။ ဘာဖြစ်လို့ “ ဘာဟင်းချက်လဲ” အထိ ဇာတ်ရှည်သွားချင်ရပါသလဲ။ သည်လိုပါပဲ ဖေဖေတို့တစ်တွေ နှုတ်ခွန်းဆက် အမေးစကားတွေ ဆိုနေလိုက်ကြတာ။ ‘ညက TV ကြည့်ဖြစ်သေးလား ‘ ။ ‘ဘယ်နှစ်က ကျောင်းပြီးတာလဲ’။ ‘လခဘယ်လောက်ရလဲ’။ မရေမတွက်နိုင်တဲ့ မေးခွန်းများ။

သမီးရယ်၊ တချို့တချို့သော မိတ်ဆွေတွေအတွက် ဒီနှုတ်ဆက်မေးခွန်းတွေဟာ အဖြေရ ကျပ်လှပါတယ်။ ‘အိမ်မျာ TV မရှိပါဘူး’ လို့ ဖြေဖို့ သူတို့ ဘယ်လောက် နာကျင်သွားရမလဲ။ ‘ ကျွန်မ ဘွဲ့မရခဲ့ပါဘူး’ လိုဖြေဖို့ သူတို့ ဘယ်လောက် ထိခိုက်သွားရမလဲ။ ‘လစား မကောင်းလှပါဘူး’ လို့ ဖြေဖို့ သူတို့ ဘယ်လောက် သိမ်ငယ်သွားကြမလဲ။ မေးသူတွေက မေးနေကြလို့ ဖြေသူတွေ့က ဖြေခဲဲကြရရှာပြီ။ ဖေဖေတို့ဟာ ဖေဖေတို့ရဲ စကားတွေနဲ့ အသိမိတ်ဆွေတွေကို မလောင်မြိုက်သွားစေသင့်ဘူးလေ။

အိမ်ပြန်ရောက်ရင်ဖြင့် ဖေဖေ့သမီး နဲ့ စကားပြောဖြစ်တဲ့ အခါ ဈေးက ပြန်လာတဲ့ မိတ်ဆွေတွေကို ‘ ဘာတွေဝယ်ခဲ့လဲ ‘ ဆိုတဲ့ မေးခွန်း မမေးမိဖို့ ဖေဖေ ပြောရဦးမယ်။ ပြီးတော့ ဘာဟင်းချက်လဲ မမေးမိဖို့။ ဘာနဲ့ စားလဲ မမေးမိဖို့။ TV ကြည့်ဖြစ်လား မမေးမိဖို့။ ဘယ်နှစ်က ကျောင်းပြီးတာလဲ မမေးမိဖို့။ လခ ဘယ်လောက်ရလဲ မမေးမိဖို့။

(ချယ်ရီ၊ ဇန်နဝါရီ ၁၉၉၈ ) မှ ကောက်နှုတ်တင်ပြညည်။