ကျော်နိုင်လေစွ

|

အဆွေ…..
သောကပူဆွေး
ဒုက္ခတွေဝေနေလားဟင်။
မပူပါနဲ့ ၊ ဒီကမ္ဘာမှာ
သန်းချီလို့လာ ၊ ဝေဒနာခံစား
သင်ထက်မနည်းပါ။

ဘဝဟာ
တစ်ခါတစ်ခါမှာ ပျားသကာလိုချိုမြ
တစ်တစ်တစ်ခါမှာ ခါးတမာလိုမျိုမကျ
သင်သိပါ့ ၊ ကြုံပါ့ ၊ ဒိဋ္ဌဓမ္မ။

အဲ… ဘယ်လောက်ပဲဖိစီး
ဒီခရီးကို ဆက်ပြီးသာနှင်။
သောကမှာမြှပ်ထားရင်
ဒုက္ခတွေ နှစ်ဆပွားဖိုသာပြင်
ကိုင်း… ဘာများအကျိုးရှိပါလိမ့် ။

မြင့်စမ်းပါ့တောင်တွေ
လူ့ခြေအောက်မှာလေ။

မောက်စမ်းပါ့ လှိုင်တွေ
လှေဝမ်းအောက်မှာသာနေ။
အာလုံးကိုကျော်နိုင်ပေစွလို့။ သင်တွေးမိပါသပေါ့။

ဒီတော့
သောကတွေဖယ်ရှာ
သတ္တိတွေမွေးဖွား။
မယိမ်းမယိုင် စိတ်ခိုင်ခိုင်နဲ့
လှမ်းစမ်းပါရှေ့ကို ၊
လှမ်းစမ်ပါရှေ့ကို - ရှေ့ ကို ။

စက္ကန့်တိုင်း
တန်ဖိုးရှိလေစွ
အသုံးချဖိုသာလိုနေ
လျှော့မပေးနဲ့ ကိုယ်လူရေ
သင့်နှလုံးသားက မောင်းနှင်အား
သင့်ဦးနှောက်က လမ်းပြသမား

ရှေ့သာ ဆက်လုပ်
ဖြစ်အောင်လုပ် - ဖြစ်အောင်လုပ်။
အဟုတ်စွမ်းနိုင်ပြီးဆိုရင်
အရင်လူ သင်မဟုတ်တော့။

ပြန်လည်မွေးဖွား
ပြုံးပန်းတွေ တဝေဝေနဲ့
အနာဂါတ်က သင့်ကိုကြိုနေ

အိုလူသား………
သိထားစမ်းပါ၊ သင့်ကံကြမ္မာဟာ
သင့်လက်ထဲမှာနော် ၊
သင့်လက်ထဲမှာသာ ။ ။