စမ်းချောင်းကလေး နှင့် ကျွန်တော်
20 Aug 2015 | ဘဝခရီးလမ်းကမ္ဘောဇ……. မော…..
ကုန်းမြင့်ကျော တစ်နေရာဝယ်
တစ်ရသော မပြတ် ၊ တောအထပ်ထပ်
တောင်တွေဖြတ်၍ ၊မရပ်မနား
စီးအားမာန်ပါ ၊ သံသာငြိမ့်ညောင်း
ရူခင်းကောင်းသည် … အို .. စမ်းချောင်းကလေး
ရေဖွေးဖွေးနှင့် သင်ပြေး၍ လာခဲ့သည်။
သင်၏သီတာ ၊ အေးမြစွာကို
ငါသောက်သုံးယင်ဖြင့် မေးပါရစေ
သင်သည်ရွှင်လန်း ၊ ခရီးကြမ်းလည်း
မပန်းမမော ၊ တရဟော နှင့်
သောသောရယ်ကာ ၊ မြူးတူးစွာဖြင့်
ဘယ်က လာလို့ ဘယ်သို့ မြန်းမည်နည်း။
နို့ပြီး ဘယ်တွက် ၊ ဤမြေထက်ဝယ်
ရက်ဆက်ရှည်ကြီး ၊ ခရီးနှင်သနည်း။
ထို့ အခါ ၊ စမ်းသီတာက
ကြည်သာ ရွှင်ချို ၊ စကားဆို၏ ။
အို့ ဘယ်လူသား ၊ ငါ့ပြောကြားမည်
တောင်နားဆင်လော့ ၊ ပင်လယ်သမုဒ္ဒရာ
အဏ္ဏ ဝါသည် ငါ၏ ဇာတိဖြစ်တော့၏ ။
ဇာတိဌာနေ ၊ နေစဉ် အခါဝယ်
ဖန်ဝါနေမင်း ၊ ပူရှိန် ပြင်းသည်
သက်ဆင်းလာ၍ ၊ ငါ့ကိုပွေ့ကာ
ရေငွေ့အဖြစ် ၊ ပြောင်းလဲပစ်၏
ရေငွေ့ ဖြစ်လျှင် ၊ လေအယဉ်သည်
ဝေဟင်ခရီး ၊ သယ်ဆောင်ပြီး
မိုးကြီးသည်းစွာ ရွာစေ၏ ။
မိုးရေ ဖြစ်မြောက် မြေသို့ရောက်သော်
တောက်လျှောက်နိမ့်ရာ စီးခဲ့ပါသည်
ငါဟာ … ယခု စမ်းချောင်းကလေး ။
ဤချောင်းကလေးမှ ၊ မြစ်သို့ခမည်
မြစ်ကတစ်ဖန် ၊ စွမ်းအားသန်နှင့်
အဏ္ဏဝါဗွေသို့ ပြန်လေပြီး ။
ဤသို့ ပြန်ရ ၊ ငါ့ဘဝတွင်
အပင်တွေလည်း ဖြစ်စေ၏ ။
အသီးတွေလည်း သီစေ၏ ။
အပွင့်တွေလည်း ပွင့်စေ၏ ။
များလှသတ္တဝါ ၊ ဝေနေယျာကို
သီတာရေလည်း သုံးစေ၏ ။
ရေသတ္တဝါ ၊ မြောက်များစွာလည်း
ပေါက်ပွားစေ၏ ။
လူတို့အဖို့ တွင် ၊ ခရီးနှင်
ရေယာဉ်တွေလည်း သယ်ဆောင်၏ ။
အို့ ဘယ်လူသား ၊ သင့်စကားကို
ဖြေကြား ငါ့ဝန်ပြီးခဲ့ပြီး၊
တစ်ဖန် သင့်ကို ၊ ငါ့မေးလို၏ ။
သင်ကိုယ်တိုင်ရော ၊ ဤလောကသို့
ဘယ်မှလာလို့ ၊ ဘယ်သို့သွားမည်နည်း။
နို့ပြီး တစ်ဆင့် ၊ အဖြေချင့်လော့ ၊
သင့်ဘဝတွင် ၊ လောကအကျိုး
သယ်ပိုး ရွတ်ဆောင် ၊ ဤကမ္ဘာမြေတွင်
ဘာတွေများ အောင်မြင်ခဲ့ပြီးနည်း ။
အလိုလေဗျ ၊ သူမေးခွန်းလှကို
ဖြေရမည့်အရေး ၊ ကျွှန်တော်တွေးတော့
ရင်လေးလှချည့် ၊ ဘဝကိုယ်မှာ
ဘယ်ကလာလို့ ၊ ဘယ်ကိုမြန်းမည်
မသိပြီးတည့်။
နို့ပြီး ဘဝ ၊ လောကအကျိုး
အဆိုရိုးနှင့် ၊ ကိုယ်ကျိုးသော်မှ
မပြည့် ဝပါ ။
သီတာသခင် ၊ စမ်းရေယဉ်ငဲ့
သင်နှင့် ငါမှာ မနှိုင်းသာပြီး
ငါသည် အညတရ လူသား တည် ။
( သော်တာဆွေ )