အလှထူးပါဘိ မြဖူးပြာအငုံ

|

အလှထူးပါဘိ
မြဖူးပြာအငုံနှင့်
လွှာရုံမှာ ညှာစုံကျင်းရော့ထင်
ဖြူဝင်း ငွေမှုန်လွှာတို့
လေယူရာ ရနံ့ညင်း
သင်းပျံခဲ့ သူ့ခြံမှာ။

ငါ့ခြံ ကြည့်ပြန်တော့
မချိ ပူပွေဖြာခဲ့
မြေပြာမှာ နေစာမတင့်နိုင်ဘု
ကြည်စရာ နီဝါတွေလည်း မပွင့်လေတော့
စိမ်းရင့်ရောင် နွယ်ချုံပုတ်တွေက
ရှုပ်ထွေးကာ လိမ်ခွေယှက်
အားပျက်စရာ။

သူ့စခန်း
သာဆန်း ရဂုံသွင်မို့
ငါလှမ်းကာ ခိုဝင်လို့
ပြာငွေစင် ကြိုင်ပျံ့ရှားပါတဲ့
ပွင့်ငုံဆင် ပင်တွေကြားမှာလေ
လျှောက်သွားကာ ပျော်လိုလှပါဘိ
မြရောင်စို သည်မြက်ခင်း ရယ်နဲ့
ညင်းလေခို သစ်ညိုရိပ်မှာဖြင့်
လျောင်းအိပ်လို့ တစ်ကိုယ်သာ
ရွှင်ပါချင့်စိတ်ထဲ။

သို့လည်းလေ မသင့်လျော်ပေဘု
ငါ့ခြံမြေ ဥယျာဉ်နန်းဟာလည်း
လှလေသည် သာစခန်းပေပေါ့
စိတ်ပန်းကို သည်လိုဖြေလို့
ကျက်သရေ တက်နေဝင့်အောင်လေ
င့ါခြံမြေ အခြေမြှင့်ချင်ငဲ့
သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါ မျှော်လို့
ဥယျာဉ်တော် သာယာရေးကိုလေ
ရှုမြင်မျှော် ခါခါတွေးပါလို့
မနှေးပင် အားအင်ထုတ်လို့ရယ်
ပေါင်းနုတ်ဖို့ခဲ။
(ငွေတာရီ)