နိုင်ငံခြားမှာ လုပ်မလား၊ ကိုယ့်နိုင်ငံမှာပဲ လုပ်မလား ?
04 Jun 2014 | ဘဝခရီးလမ်းတော်တော်များများ ခေါင်းစားရတဲ့ မေးခွန်းပါ။ စားမယ်လည်း မထင်ပါ ဘူး။ တော်တော်မျာများရဲ့ ဆန္ဒက နိုင်ငံခြားမှာ လုပ်ဖို့ပဲ အားသန်မယ်လို့ ယူဆမိပါတယ်။ အထူးသဖြင့် လူငယ်တွေပေါ့။ ကဲ..။ စာဖတ်သူတို့ရော ဘယ်လို စဉ်းစားပါသလဲ။ စာရေးသူကတော့ ဒီလိုအကြံပေးချင်ပါတယ်။
စာဖတ်သူက ဘာရည်ရွယ်ချက် ရှိပါသလဲ။ ချမ်းသာချင်တာလား၊ ဂုဏ်လိုချင်တာလား၊ မိသားစု တစ်ခု ရပ်တည်လို့ ရအောင် အရင်းအနှီး လိုချင်တာလား။ ဘာပဲ ဖြစ်ဖြစ် တော်တော်များများမှာ နိုင်ငံခြား သွားလုပ်ချင် တဲ့ အကြောင်းအရင်းက ငွေပဲ ဖြစ်ပါတယ်။ ချမ်းသာချင် လို့ နိုင်ငံခြားသွား လုပ်တယ်၊ မိသားစု အဆင်ပြေအောင် လို့ နိုင်ငံခြား သွားလုပ်တယ်။
ဒီတော့ ဒီနေရာမှာ ချိန်ဆကြည့်ပါ။ ပြည်တွင်းမှာ လုပ်နေရင် ရေရှည်မှာ တက်လမ်းရှိမယ်၊ မိသားစုကလည်း နိုင်ငံခြားသွားလုပ်ပြီး ငွေပို့မှ စားရမယ့် အခြေအနေမဟုတ်၊ ကိုယ်နိုင်ငံခြားသွားရဖို့အတွက် အိမ်ပေါင်၊ ဂရမ်ပေါင် လုပ်ရမယ်၊ နိုင်ငံခြားသွားလုပ်တာမှန်ပေမယ့် ယင်းအလုပ်ဟာ တက်လမ်းရှိဖို့ မသေချာဘူး။ မိဘက ကျန်းမာရေး အခြေအနေ မကောင်း ဘူး၊ သံယောဇဉ်တွယ်စရာ မိသားစုဝင်ကို ခွဲခွာဖို့ မဖြစ်နိုင်ဘူး၊ အသက်ကလည်း လူငယ်ဘဝကို ကျော်လွန်သွားပြီ … အစရှိတဲ့ အချက်များ ရှိရင်တော့ ပြည်တွင်းမှာပဲ အဆင်ပြေပါတယ်။
ပြည်တွင်းမှာ လုပ်နေလို့ တက်လမ်းမရှိဘူး။ လစာကလည်း မိသားစုအတွက် မလောက်ဘူး။ လောက်လည်း မချမ်းသာနိုင်ဘူး။ ချမ်းသာဖို့ထက် အောင်မြင် တဲ့အခြေအနေတစ်ခု မရနိုင်ဘူး။ ကိုယ့်ဆီမှာ နိုင်ငံခြားသွားဖို့ အရင်းအနှီးရှိမယ်။ ကိုယ်သွားလုပ်မယ့်အလုပ်ကလည်း တက်လမ်းရှိမယ်၊ ပတ်ဝန်းကျင် အဆင်ပြေမယ်လို့ သေချာ သလောက်ရှိမယ်။ မိဘက ကျန်းမာရေးကောင်းတယ်။ သို့တည်းမဟုတ်လည်း မိဘအားကိုး ရမယ့် ဆွေမျိုးမောင်နှမက အိမ်မှာ ရှိနေမယ်။ သံယောဇဉ် တွယ်စရာမရှိဘူး။ အသက်ကလည်း ၃၅ မကျော်သေးဘူး ဒီလိုဆိုရင်တော့ နိုင်ငံခြားသွားဖို့ ဆုံးဖြတ်နိုင်ပါတယ်။
အသက်က ၃၅ ဆိုတာ ပုံသေသတ်မှတ်လိုက်တာ မဟုတ်ရပါ။ ကိုယ်က တစ်ယောက်တည်းသမား၊ တွယ်စရာ မရှိဘူးဆိုရင် ဘယ်အရွယ်ဖြစ်ဖြစ် နိုင်ငံခြားသွားလုပ်ဖို့ အဆင်ပြေပါတယ်။ ဟိုမှာလည်း အဆင်ပြေမယ်လို့ သေချာမယ်ဆိုရင်ပေါ့။ သို့ပေမယ့် အသက်လည်းကြီး အခြားသော အခက်အခဲများရှိနေရင်တော့ နိုင်ငံခြား အလုပ်သွားလုပ်မယ့် စိတ်ကူးကို နည်းနည်းပြန်စဉ်းစားစေချင်ပါတယ်။
ဘဝပန်းတိုင်
အချို့ကျတော့လည်း ရည်ရွယ်ချက်က အရင်းအနှီးရရင် မြန်မာပြည်မှာ အခြားအလုပ်တစ်ခုခု ပြန်လုပ်စားဖို့၊ အချို့ကျတော့လည်း ဟိုမှာ လုပ်လာတဲ့အတွေ့အကြုံနဲ့ မြန်မာပြည်မှာ ပရော်ဖက်ရှင်နယ် တူတဲ့ အလုပ်တစ်ခု လုပ်မလို့။ အချို့ကျတော့လည်း မြန်မာပြည် ပြန် ကိုမလာတော့ပဲ ဟိုမှာပဲ အပြီးနေသွားပါတယ်။ ဒီတော့ နိုင်ငံခြားမှာ အလုပ်လုပ်ရင်း နိုင်ငံခြားမှာပဲ ဘဝရပ်တည်သွားတာကလည်း ဇာတ်လမ်းတစ်မျိုး ရှိနေပါသေး တယ်။ ဒီတော့ ဘာတွေရည်ရွယ်ထားကြပါ သလဲ။ ဘဝပန်းတိုင် ဆိုတာလည်း ရှိဖို့လိုနေပါသေးတယ်။
“ငါကတော့ အေးအေးချမ်းချမ်းနေရမယ့် ဘဝလေးလိုချင်တယ်”
ဒီလို ဆိုရင် အကောင်းဆုံးက တရားအားထုတ်ပြီး လောကီဘောင်ကို စွန့်ခွာတာအကောင်းဆုံးပါပဲ။
“ငါကတော့ ချမ်းသာချင်တယ်၊ ကားကောင်းဝယ်စီးမယ်၊ တိုက်ကြီးကြီးနေမယ်”
ကြိုးစားပါ။ ရနိုင်ပါတယ်။ သို့ပေမယ့် သူ့ရဲ့ လိုအင်ဆန္ဒ (လေဘ) က အသက်တွေ ကြီးလာလည်း ပြည့်သွားမှာ မဟုတ်ပါဘူး။ တစ်ဘဝလုံး စိတ်ဆင်းရဲရဖို့ များပါတယ်။
ဒီတော့ ဘာလုပ်ကြမလဲ။ ဘဝရည်မှန်းချက်ဆိုတာဘာလဲ။ ငွေကတော့ ချမ်းသာပါတယ်။ ပတ်ဝန်းကျင်မှာ အများလေးစားကြည်ညိုရတဲ့ လူတစ်ယောက် ဖြစ်မလာဘူးဆိုရင် အလကားပါပဲ။ အများတော့ လေး စားပါတယ်။ ကိုယ့်မှာက ဘဝရပ်တည်ဖို့ အတော်လေးရုန်းနေ ရတယ်ဆို လည်း မဟုတ်သေးပြန်ပါဘူး။
ဒီမှာ တရားသဘောနည်းနည်းဝင်ပါတယ်။ လူတွေမှာ ဖြစ်တတ်တာက အတ္တစိတ်ပဲ ဖြစ်ပါတယ်။ ငါဖြစ်ချင်တယ်။ ငါရချင်တယ်။ ငါချမ်းသာချင်တယ်။ ငါသွားမယ် ဖြစ်ဖြစ်နေတော့ ငါဆိုတဲ့အရာက ပြီးပြည့်စုံဖို့ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ ဒါကို ရင့်ကျက်သူတိုင်း၊ ကြုံဖူးသူတိုင်း ခံစားမိပါလိမ့်မယ်။ ဒီတော့ လောဘကင်းသော ကြိုးစားမှု၊ ရိုးသားမှု နဲ့ ကိုယ့်ဆိုင်ရာ အားလုံးကို ပြန်ပြီး ကျေးဇူးဆပ်နိုင်တာဟာ အကောင်းအခြေအနေ တစ်ခုပါပဲ။ ရိုးသားမှုက လုပ်ယူလို့ရပါတယ်။ ကြိုးစားမှုကလည်း အချိန်နဲ့အလျောက် ကိုယ်တိုင်လုပ်ယူသွားလို့ရပါတယ်။ ကိုယ့်ဆိုင်ရာများဖြစ်တဲ့ မိဘ၊ ဆွေမျိုး၊ ကျေးဇူးရှိသူများနဲ့ နောက်ထပ် ရှေ့ဆက်ကာလနဲ့ လက်ရှိကာလမှာ အတူ နေထိုင်သွားရမယ့် မိသားစု၊ ပတ်ဝန်းကျင် အရာအားလုံးကို ကျေးဇူးပြုနိုင်မှု၊ ကောင်းကျိုးပေးနိုင်မှုက အကောင်းဆုံး အခြေအနေတစ်ခုပါပဲ။
ဒီလိုအထက်ပါ လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်ဖို့ အတွက် နိုင်ငံခြား သွားလုပ်ရမှ အဆင်ပြေနိုင်မယ်လို့ သေချာ တွက်ချက်မိထားတယ် ဆိုရင် သွားနိုင်ပါတယ်။ သို့ပေမယ့် ဒါတွေကို လုပ်ဖို့အတွက် ပြည်တွင်းမှာပဲ ကြိုးစားလို့ ဖြစ်နိုင်တယ်ဆိုရင် ကြိုးစားလုပ်ရုံပဲ ဖြစ်ပါတယ်။ ငွေရဖို့တစ်ခု၊ ဂုဏ်ရဖို့ တစ်ခုအတွက်နဲ့ နိုင်ငံခြားမှာ အလုပ်သွားလုပ်မယ်ဆိုရင်တော့ ယင်းအတွေးကို ရပ်တန်းက ရပ်စေချင်ပါတယ်။ လောကမှာ ငွေထက် တန်ဖိုးရှိတဲ့ အရာများကို ပိုင်ဆိုင်ဖို့ဆိုတာ အခြားသော အခြေအနေများကို ထည့်စဉ်းစားရန် လိုအပ်နေပါသေး တယ်။
ဒီမှာ ရောင့်ရဲပါလို့ စာရေးသူ မတိုက်တွန်းထားပါ။ “ငါကတော့ ဒီလောက်၊ဒီအခြေအနေရရင် ကျေနပ်ပါ တယ်လေ” လို့ ဆုံးဖြတ်ချက် ချထားသူဟာ အတ္တသမားလည်း ဖြစ်သလို၊ ဘဝကို အရှုံးပေးတတ်သူ လည်း ဖြစ်ပါတယ်။ ဘဝဆိုတာ တိုတာမှန်ပေမယ့် လုပ်ရမယ့် အလုပ်နဲ့ တွက်ကြည့်တဲ့အခါ ရှည်လျားပါတယ်။ ဒီတော့ ဒီလောက်နဲ့ရပါတယ်လို့ ဆုံးဖြတ်ရင် သူဟာ အရှုံးသမား၊ အညံသမား ဖြစ်ပါတယ်။ ဘဝမှာ ကိုယ်ကလွဲလို့ အခြားသူ၊ပတ်ဝန်းကျင်တို့ကို ဘယ်လောက်ထိ အကျိုးပြုနိုင်မယ်ဆိုတာက အကောင်းဆုံး ပန်းတိုင်ဖြစ်ပါတယ်။ ဒီတော့ ဘယ်လိုပန်းတိုင်ထားပြီး ဆုံးဖြတ်ရမယ်လို့လည်း သိရှိလာမယ်လို့ ယုံကြည်ပါတယ်။
နိဂုံးချုပ်
အမှန်တော့ ဆောင်းပါးက နိုင်ငံခြား သွားမသွားဖြစ်ပေ မယ့် နိုင်ငံခြားရောက်ပြီးသူ၊ ပြည်တွင်းမှာပဲ လုပ်ကိုင်နေသူများအတွက် လည်း တိုက်တွန်းချက်များ ပါနေပါတယ်။ အထက်ပါ ရေးသားခဲ့သလိုပဲ ဆုံးဖြတ်ချက် တစ်ခုကို အကောင်းဆုံးချနိုင်လို့ ဘဝပန်းတိုင်ရောက်အောင် အကောင်းဆုံး ဖန်တီး တည်ဆောက်သွားနိုင်ကြပါစေလို့ စာရေးသူမှ တိုက်တွန်းလိုက်ရပါတယ်။
အောင်ခမ်း