ပြတင်းပေါက်

|

တစ်ခါက ဆေးရုံကြီးတစ်ရုံရှိ လူနာခန်းကျဉ်းလေး တစ်ခုထဲမှာ လူနှစ်ယောက်ရှိကြသည်။ နှစ်ယောက်လုံးပင် ရောဂါသည်းသောလူနာများဖြစ်သည်။ အခန်းလေးက ကျဉ်းပြီး အပြင်လောကကို ကြည့်စရာ ပြတင်းပေါက်တစ်ခုသာပါသည်။

လူနာနှစ်ယောက်အနက် တစ်ယောက်က နေ့လည်ပိုင်းတွင် သူ့အဆုတ်ထဲကအရည်တွေ ပိုက်နှင့်စုပ်ထုတ်ရတာကို အကြောင်းပြု၍ တစ်နာရီခန့် ထိုင်ခွင့်ရသည်။

သူ့ခုတင်က ပြတင်းပေါက်အနီးမှာ ရှိနေသည်။ တစ်ဖက်ကုတင်ရှိလူနာကတော့ တစ်ချိန်လုံးပက်လက်လှန်ကာ စန့်စန့်ကြီးလှဲနေရသည်။

နေ့လည်ခင်းတိုင်း ပြတင်းပေါက်အနီးရှိလူနာက ခုတင်မှာ ခေါင်းအုံးတွေ ဘာတွေ ဆင့်ကာ ကျောမှီ၍ ထိုင်ခွင့်ရသည့်အချိန် အပြင်ဘက်ဆီ၌ သူလှမ်းမြင်ရသည့်အရာတွေကို အနီးရှိလူအား ပြောပြလေ့ရှိသည်။ ပြတင်းပေါက်ကလှမ်းကြည့်လျှင် အပြင်မှာ ပန်းခြံကြီးတစ်ခု မြင်ရသည်ဟုဆိုသည်။

အဲသည်အထဲမှာ ကန်ကြီးတစ်ကန်ရှိသည်။ ရေကန်မှာ ဘဲတွေ ငန်းတွေ ရေကူးနေသည်။ ကလေးများက သူတို့ကို ပေါင်မုန့် တွ ပစ်ကျွေးကြသည်။ ကလေးအချို့က လှေကလေးတွေ မျှောနေသည်။ ချစ်သူစုံတွဲတွေ သစ်ပင်ကြီးအောက် လက်ချင်းတွဲပြီး လမ်းလျှောက်နေကြသည်။ ပန်းတွေက ဝေဝေဆာဆာ ပွင့်နေသည်။

မြက်ခင်းစိမ်းစိမ်းက အပြန့်ကျယ်လှသည်။ အဲသည်မှာ ဘောလုံးပျော့ (ဆော့ဖ်ဘော) ကစားနေကြသူတွေလည်း မြင်ရသည်။ ဟိုအဝေးဆီ၌မူ သစ်ပင်တွေ ထိပ်ဖျားမှ ထိုးထွက်နေသည့်တိုက်တာအိမ်ယာများ၊ ထို့နောက် ပြာလဲ့သောမိုးကောင်းကင်၊ ပက်လက်လှန်နေရသောသူသည် ခရေစေ့တွင်းကျ ပြောပြသမျှကို နားစွင့်ကာ ကိုယ်တိုင်ကြည့်ရသလောက် အရသာတွေလျက်ရှိသည်။

ကလေးတစ်ယောက် ရေထဲလိမ့်ကျတော့မလို့ဖြစ်သွားတာ၊ နွေရာသီဝတ်စုံသစ်တွေနှင့် မိန်းကလေးတွေ အရမ်းလှပနေကြတာ စသဖြင့် အပြင်လောကမှာ ဖြစ်ပျက်နေပုံအလုံးစုံကို သူ့အာရုံထဲ အသေးစိတ် မြင်ခွင့်ရနေသည်။

ဒီလိုနေရင်း သာယာသောနေ့လယ်ခင်းတစ်ခုမှာ သူ့ခေါင်းထဲ အတွေးတစ်ခု ဝင်လာသည်။ တစ်ဖက်လူကတော့ ပြတင်းပေါက်နားမှာနေပြီး အပြင်လောက ရှုခင်းအစုံကို စိတ်တိုင်းကျ ကြည့်ခွင့်ရနေသည်။ မိမိကိုတော့ ဘာ့ကြောင့် အဲ့သည်နား ထားမပေးသလဲ ဟူသောအတွေးဖြစ်သည်။ သည်လိုသေးသေးသိမ်သိမ်တွေးမိခြင်းအတွက်လည်း သူရှက်တော့ ရှက်မိသည်။

သို့သော် သည်အတွေးကို ဖျောက်နေသည့်ကြားကပင် နေရာချင်း လဲချင်စိတ်က ပြင်းပြသထက် ပြင်းပြလာသည်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် လဲရမှဖြစ်မယ်ဆိုတာမျိုးအထိ သူတွေးမိလာသည်။ တစ်ညမှာတော့ သူမျက်နှာကျက်ကို ငေးကြည့်နေစဉ် တစ်ဖက်လူရုတ်တရက်နိုးလာကာ ချောင်းဆိုးသည်။ ချောင်းဆိုးရင်း သီးလာသည်။ သူနာပြုဆရာမကို အရေးပေါ်ခေါ်သည့်အချက်ပေးခလုတ်ကို နှိပ်ရန် လက်က စမ်းတဝါးဝါး လိုက်ရှာသည်။ သို့သော် သူမလှုပ်ရှား၊ တစ်ဖက်လူအသက်ရှူသံရပ်သွားသည်အထိ ငြိမ်၍ပင် စောင့်ကြည့်နေသည်။ နောက်နေ့မနက်မှာ သူနာပြုဆရာမက တစ်ဖက်လူသေဆုံးကြောင်းတွေ့ရှိကာ အလောင်းကို တိတ်ဆိတ်စွာပင် သယ်ယူသွားသည်။

ဣန္ဒြေမပျက်လောက်ဘူးဟု ထင်ရသောအချိန်လောက်တွင် ကျန်ရစ်သူက သူ့အား ပြတင်းပေါက်အနီးရှိ ခုတင်သို့ ပြောင်းပေးနိုင်မလား မေးသည်။ သို့နှင့် ပြောင်းပေးကြသည်။ သက်သောင့်သက်သာအရှိဆုံးဖြစ်အောင် နေရာချပေးသည်။ သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသိုပေးသည်။

သူနာပြုတွေ ထွက်သွားသည်နှင့်တစ်ပြိုင်နက် တံတောင်တစ်ဖက်ပေါ်တွင် အားပြုကာ သူကြိုးစား၍ ထသည်။ နာကျင်မှုဝေဒနာကို ကျိတ်မှိတ်ခံကာ သူ့ကိုယ်သူ ခဲယဉ်းပင်ပန်းစွာ ထူမပြီး ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်သည်။

အပြင်၌ နံရံတံတိုင်းတစ်ခုသာ သူ မြင်ရလေသည်။

ဖေမြင့်၊ နှလုံးသားအာဟာရရသစာများမှ..။