🐛 ငယ်ဘဝ

|

လူတစ်ယောက်ဟာ သူ့အကြောင်း သူသိဖို့ ဘာတွေများ တွေးဖို့၊ သိဖို့ လိုအပ်ပါသလဲ။ တစ်ခါတစ်လေမှာတော့ ငယ်ဘဝကို ချက်ကျလက်ကျသိဖို့ လိုမယ်လို့တော့ ထင်တာပဲ။ အခုတစ်လော ကိုယ်ရဲ့ အမြင်တွေ၊ အတွေးတွေအကြောင်းကို အရမ်းသတိထားပြီး ဆင်ခြင်စောင့်ကြည့်နေမိတယ် သိလား။

ငယ်ဘဝ…. ငယ်ဘဝ… ငယ်ငယ်တုန်းက ကိုယ်ဟာ လူတောထဲ ဝင်ရခက်ခဲ့တဲ့ ကလေးလေးတစ်ယောက်ပေါ့။ နယ်ဘက်က စပြောင်း လာခါစ စကားသံတစ်ဝဲဝဲနဲ့ ဘယ်သူမှ နားမလည်နိုင်လောက်တဲ့ စကားကို ခပ်မြန်မြန် ပြောတတ်တဲ့ ကလေးလေး။ အတန်းရဲ့ နောက်ဆုံးခုံမှာ အမြဲတမ်း ထိုင်နေတတ်တဲ့ ကောင်မလေး တစ်ယောက်ပေါ့။ ကိုယ်တွေအရွယ် တခြားကလေးတွေ ဆော့ကစားနေကြတာကို အဝေးတစ်နေရာရာကနေ ထိုင်စောင့်ကြည့်နေသူလေးပေါ့။

မုန့်ဖိုးရရင်တောင် အဝတ်အစားအသစ် လှတပတလေးတွေ ဝယ်မဲ့အစား မြို့ထဲက စာအုပ်အဟောင်းတန်းတွေထဲ သွားပြီး ရတဲ့မုန့်ဖိုးကို စာအုပ်အဟောင်းတွေကို နိုင်သလောက်လောက် ဝယ်ဖို့ ကြိုးစားနေသူလေး။

မှတ်မှတ်ရရ တက်ခဲ့တဲ့ အလယ်တန်းကျောင်းက ကျောင်းစာကြည့်တိုက်ထဲမှာ စာအုပ်တွေ မြင်လို့ သွားဖတ်ဖို့ လုပ်တော့ အခန်းတံခါးပေါက်မှာ ခတ်ထားတဲ့သော့ခလောက်ကြီးကြီးကို တွေ့ခဲ့ရတယ်။ ကိုယ်က ဖွင့်ဖို့ အသားကုန်ကြိုးစားခဲ့ပေမဲ့ ဘယ်လိုမှ ဖွင့်လို့ မရခဲ့တဲ့ အဖြစ်အပျက်လေး တစ်ခုက အခုအချိန်မှာ ကျောင်းစာကြည့်တိုက်တွေ တွေ့ရင် အရမ်းဝမ်းသာပြီး အသားကုန် ဝင်ဖတ်ချင်တဲ့ စိတ်ကို ဖြစ်ပေါ်လာစေတယ်။ ကိုယ်တွေ ငယ်ဘဝတုန်းက စာအုပ်တွေ ငတ်ခဲ့လို့ နေပါလိမ့်မယ်။

ဆက်ရမယ်ဆိုရင် ကိုယ်တွေ ကံကောင်းတယ် ပြောရမယ်။ အိမ်အသစ်ပြောင်းတော့ အိမ်အနီးနားမှာ ရပ်ကွက် စာကြည့်တိုက်သေးသေးလေးနဲ့ ကိုယ်ဟာ ဖူးစားပါခဲ့တယ်။ အဲဒီ စာကြည့်တိုက်သေးသေးလေးမှာတောင် တစ်ချို့ စာအုပ်ဗီဒိုတွေက သော့ခလောက် တန်းလန်းလေးတွေ ကိုယ်စီနဲ့မို့ ကိုယ်နဲ့ဘဝချင်း ခြားခဲ့ရသေးတာပေါ့။ နောက်တစ်ခု ကံကောင်းတာက အိမ်အနားမှာ ကိုယ်ဖတ်ချင်တိုင်း ငှါးချင်တိုင်း ငှါးလို့ ရနိုင်တဲ့ စာအုပ်အငှါးဆိုင်လေး ရှိနေတာကိုပဲ။ မှတ်မှတ်ရရ အဲ့စာအုပ်အငှါးဆိုင်ကနေ သိုင်းဇာတ်လမ်း တရုတ်ဝတ္တုတွေ တစ်အုပ်ပြီး တစ်အုပ် အသားကုန် အငန်းမရ ဖတ်ခဲ့တာကိုပဲ။ အခုအချိန်ပြန်တွေးကြည့်မယ်ဆို ကိုယ်ဟာ သိပ်ကံကောင်းခဲ့ပါတယ်လေ။ ငယ်ငယ်ကလေးဘဝတုန်းကတည်းက စပြီး စာဖတ်တာကို အသားကုန် သဘောကျပြီး တန်ဖိုးထားတတ်တဲ့ အကျင့်ကောင်းလေးတစ်ခု ရခဲ့တယ်ဆိုပါတော့။

အဲလက်စ်စနိုး